နှစ်ပေါင်းနှစ်ဆယ်ကျော်ကျော် ကျောင်းဆရာလုပ်ခဲ့တာဖြစ်လေတော့ ကျောင်းသား၊ ကျောင်းသူပေါင်းစုံနဲ့ ပတ်သက်ပြီး ပြဿနာအမျိုးမျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။ အဓိကကြုံရတာကတော့ ကျောင်းသား၊ ကျောင်းသူများရဲ့ ပြဿာနာတွေကို ကူညီဖြေရှင်းပေးရတာပါပဲ။
ပြဿနာတစ်ခုခု ရင်ဆိုင်ကြုံတွေ့ရပြီဆိုရင် လူတိုင်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်လေ့ရှိတာ ဓမ္မတာပါပဲ။ ငယ်ရွယ်တဲ့သူတွေဆိုတော့ ပိုပြီး ပျာယာခတ်တတ်ပါတယ်။ လူငယ်တချို့က "မြုံ"နေတတ်ပေမယ့် လူငယ်အများစုကတော့ ယုံကြည်အားကိုးရာ ပုဂ္ဂိုလ်တစ်ဦးဦးကို ဖွင့်ဟတိုင်ပင်လေ့ရှိပါတယ်။ အဲဒီသဘာဝကြောင့် ပြဿနာမျိုးစုံ ကြုံဖူးရတာဖြစ်ပါတယ်။
လူငယ်တွေ လာရင်ဖွင့်ပြီဆိုတာနဲ့ အဓိကလုပ်တာကတော့ သူတို့ပြောသမျှ စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးခြင်းပါပဲ။ ကြားဖြတ်မေးခွန်းမေးတာမျိုး တတ်နိုင်သလောက်မလုပ်ဘဲ နေပါတယ်။ သူတို့ပြောတာ မှန်သမျှ ကုန်စင်အောင် ပြောပြီးသွားပြီဆိုရင် သေချာတာတစ်ခုကတော့ ကာယကံရှင်ရဲ့ ရင်ထဲက စိတ်ညစ်၊ စိတ်ရှုပ်နေတာတွေ တော်တော်လျော့ပါးသွားပြီဆိုတာပဲ ဖြစ်တယ်။ ရင်ထဲမှာ မွန်းကျပ်နေတာတွေ ဖွင့်ဟဖော်ထုတ်လိုက်ရတော့ ပေါ့ပါးသွားမြဲ သဘောပါပဲ။
သူ့စိတ်ထဲ နည်းနည်းပေါ့ပါးသွားပြီဆိုမှ မေးစရာတွေမေးပါတယ်။ မေးသင့်တာတွေ စုံအောင်မေးပြီးပြီဆိုရင်တော့ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းဇာစ်မြစ်ကို ပုံဖော်လို့ ရပါပြီ။ ဖြေရှင်းဖို့မခက်တော့ပါဘူး။ ကာယကံရှင်က အမှန်တကယ် ရိုးရိုးသားသား ဖြေရှင်းချင်စိတ်ရှိဖို့သာ လိုပါတယ်။
ပြဿနာဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ လူ့လောကမှာ ဘယ်သူမှ ရှောင်လို့မရပါဘူး။ လူတိုင်းကြုံရမြဲ ဖြစ်တယ်။ ဘယ်လောက်ပဲ ကြီးမားတဲ့ပြဿနာဖြစ်ဖြစ် ဖြေရှင်းလို့မရနိုင်ဘူးဆိုတာ မရှိပါဘူး။ ဖြေရှင်းချင်တဲ့စိတ် အမှန်တကယ်ရှိဖို့သာ လိုပါတယ်။ ပြဿနာဖြေရှင်းလိုက်ရင် ကိုယ့်အကျိုးစီးပွား ထိခိုက်သွားမှာ စိုးတာကြောင့် တချို့က ပြဿနာကို မဖြေရှင်းချင်ဘဲ "ဆင်ဝှေ့ရန်ရှောင်" လုပ်နေတတ်ပါတယ်။ အဲဒီလိုမဟုတ်ရင် ဖြေရှင်းလို့မရတဲ့ ပြဿနာရယ်လို့ မရှိပါဘူး။
ပြဿနာဆိုတာ အလိုလိုနေရင်း မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းတစ်ခုခုကစပြီး ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ ကြောင်းကျိုးဆက်စပ်မှု တရားသဘောအတိုင်း ကွင်းဆက်ကလေးတွေကို တစ်ခုပြီးတစ်ခု ဆက်စပ်စဉ်းစားလိုက်မယ်ဆိုရင် ပြဿနာရဲ့အစကို ရှာတွေ့နိုင်ပါတယ်။ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းဇာစ်မြစ်ကို ရှာတွေ့ပြီဆိုတာဟာ ပြဿနာရဲ့ အဖြေကို တွေ့ရခြင်းပဲဖြစ်ပါတယ်။
ပြဿနာကို တကယ်ဖြေရှင်းချင်ရင် ဖြစ်ရတဲ့အကြောင်းရင်းဇာစ်မြစ်ကို ဖယ်ရှားသုတ်သင်ပစ်လိုက်ရုံပါပဲ။ လွယ်လွယ်ကလေးပါ။ အဖြေက ပြဿနာထဲမှာ ရှိပြီးသားပါ။ ကိုယ်က မြင်အောင်၊ တွေ့အောင်ရှာဖို့သာ လိုပါတယ်။ မမြင်ချင်၊ မတွေ့ချင်ယောင်ဆောင်နေရင်တော့ မတွေ့နိုင်ဘူးပေါ့။
ပြဿနာကိုသိရင် အဖြေသိပါပြီ။ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာ ကာယကံရှင်ကိုယ်တိုင်က တကယ်ဖြေရှင်းချင်စိတ် မရှိလို့သာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ရိုးသားဖို့လည်း လိုပါတယ်။ ရိုးရိုးသားသားနဲ့ တကယ်ဖြေရှင်းချင်စိတ်သာရှိ၊ ဘယ်လိုပြဿနာမျိုးမဆို ရှင်းလို့ရပါတယ်။ လောကမှာ ဖြေရှင်းလို့မရတဲ့ပြဿနာဆိုတာ မရှိဘူးလို့ လူငယ်တွေ စွဲစွဲမြဲမြဲ ယုံစေချင်တယ်။
Tuesday, October 13, 2009
ပြဿနာထဲမှာ အဖြေရှိတယ် - လူထုစိန်ဝင်း
("မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး" စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 1:52 PM
Labels စာအုပ်မှတ်စုများ, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment