(၁)
"ကျွန်တော်ငြင်းပါရစေ…. မဖြစ်နိုင်လို့ပါ…"
"လုပ်ပါကွာ… မင်းကူညီမှ အဆင်ပြေမှာမို့ပါ… တို့ဘက်ကလည်း ပြန်ပြီးသိတတ်မှာပါကွ…."
"လုံးဝကို မဖြစ်နိုင်လို့ပါဗျာ… ကျွန်တော်မလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့အရာမို့ပါ…"
"အေးပေါ့ကွာ… နေပေါ့… မင်းမလုပ်တော့လည်း အခြားတစ်ယောက်ကို ခိုင်းရမှာပေါ့… မင်းတို့ကောင်တွေကလည်း လူကသာ ထမင်းနပ်မမှန်တယ်… ဟိုဟာမလုပ်ချင်ဘူး၊ ဒီဟာမလုပ်ချင်ဘူးနဲ့ တစ်သက်လုံး ထမင်းဝမယ့်ကောင်တွေ မဟုတ်ဘူး"
ထိုသို့ပြောဆိုကာ ထွက်သွားသည့်ပုဂ္ဂိုလ်၏ နောက်ကျောပြင်ကိုသာ ကျွန်တော်ကြည့်နေမိသည်။
(၂)
"ဟုတ်ကဲ့… ကျွန်တော်ကူညီပါ့မယ်…"
"အေး… သေချာလုပ်ပေးပါကွာ… ကျေးဇူးတင်ပါတယ်…"
"ရပါတယ်ခင်ဗျာ… ကိုယ့်အချင်းချင်းတွေပဲ ကူညီရမယ့်ဝတ္တရား ကျွန်တော့်မှာရှိပါတယ်…"
"အေးကွာ… ကူညီပါ… မင်းလည်းအကျိုးမယုတ်စေရပါဘူး…."
"မလိုပါဘူးဗျာ… ကျွန်တော်က ကူညီရုံသက်သက်ပါ…."
"ကျေးဇူးပါကွာ… ဟိုကောင်နဲ့များတော့ ကွာပါ့ကွာ…"
ထိုသို့ချီးကျူးကာ ထွက်သွားသည့်ပုဂ္ဂိုလ်၏ နောက်ကျောပြင်ကိုသာ ငေးစိုက်ကြည့်နေမိသည်။
(၃)
"အဲဒီကောင်ကိုလား… သွားပြောမနေပါနဲ့ကွာ… ပြောလည်း ကိုယ့်စကားပဲ အဖတ်တင်မယ်… အဲဒီကောင်ကတော့ ဘာမှထူးလာမှာမဟုတ်ပါဘူး…"
"ဟုတ်တယ်… အလကားနေရင်း ဘ၀င်မြင့်နေတဲ့အကောင်…"
ဘေးကဖြတ်အသွားမှာ သူတို့ဘာသာပြောနေတာလား၊ ကိုယ်လာနေမှန်းသိလို့ တမင်ချိန်ကိုက်ပြောလိုက်တာလား မကွဲပြားပါဘူး။ သူတို့ကတော့ ကိုယ့်ကိုမမြင်တဲ့ပုံစံတွေ အပြည့်နဲ့ပေါ့။ ဟိုဖက်လှည့်ပြီး စိတ်ဝင်တစားပြောနေကြတယ်။ သူတို့မျက်နှာတွေကို သူတို့နောက်ကျောတွေပေါ်မှာ မြင်နေရတာကို သူတို့သိပုံမရဘူး။
(၄)
"သူ့ဆီကို သွားလိုက်ပါ… သေချာပေါက်ကူညီမှာပါ…."
"ဟုတ်တယ်… သူကသိပ်သဘောကောင်းတာဗျ…"
"ခင်ဗျားကိစ္စ အဆင်ပြေပြီလို့သာ မှတ်လိုက်ပေတော့… ဘာမှစိတ်ပူမနေနဲ့…"
ကိုယ်ရောက်သွားတော့ ပြုံးပြကြိုဆိုကြရင်း "အခုပဲ ခင်ဗျားအကြောင်း ပြောနေကြတာဗျ" လို့ ဆီးကြိုကြတယ်။ သူတို့မျက်နှာတွေပေါ်မှာ နောက်ကျောတွေ မမြင်ရဘူး။
(၅)
ဆင်ကြီးကိုဝိုင်းစမ်းကြတဲ့ မျက်မမြင်ပုဏ္ဏားတွေကို ကျွန်တော်က ပုံပြင်ထဲမှာပဲ ရှိနေတယ်ထင်နေတာ။ အခုမှ အဲဒီပုဏ္ဏားတွေ လူပြန်ဖြစ်နေကြပြီဆိုတာ သိရတယ်။ အရင်ဘ၀က ဘယ်ကုသိုလ်တွေကြောင့်လဲတော့ မသိဘူး။ အခုတော့ မျက်စိတွေမြင်နေကြပြီ။ ဒါပေမယ့် ၃၆၀ ဒီဂရီပြည့်အောင် မကြည့်တတ်ကြသေးတာတော့ သေချာတယ်။ ပိုပြီးဆိုးတာက တွေ့သမျှလူတွေကို ဆင်တွေအမှတ်နဲ့ လိုက်စမ်းပြီး ပုံဖော်ပြောဆိုနေကြတာပါပဲ။ မတော်လို့များ ခင်ဗျားတို့နဲ့ မျက်နှာချင်းဆိုင်ပက်ပင်းကြီး တွေ့ခဲ့ရင် ရှောင်နိုင်အောင်လို့ ကြိုတင်သတိပေးတာပါ။
ခင်ဗျားကတော့ အဲဒီပုဏ္ဏားတွေထဲကတစ်ယောက် မဟုတ်တန်ကောင်းဘူးလို့ ယူဆမိပါရဲ့ဗျာ…။
( ခေတ်သစ်ပုဏ္ဏားတွေရဲ့ဒဏ်ကို ခံရဖန်များလွန်းလို့ ရင်ထဲမှာပြည့်ကျပ်နေလို့ ဖွင့်အန်လိုက်တဲ့ အန်ဖတ်တွေပါ။ ပေကျံနံစော်သွားရင် တောင်းပန်ပါတယ် )
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်၊ အင်္ဂါနေ့။
နံနက် ၁ နာရီ ၃၉ မိနစ်တွင် ပြီး၏။
No comments:
Post a Comment