Monday, October 12, 2009

စတိတ်မင်နှင့် နိုင်ငံရေးခေါင်းဆောင် ဘာခြား - မောင်စူးစမ်း


အမြော်အမြင်
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနီးလာသောအခါ ရွေးကောက်ပွဲဆိုင်ရာစာပေတွေ ခေတ်စားလာသည်။ နိုင်ငံရေးခေါင်းဆောင်တို့အကြောင်း သိချင်ကြသည်။ ထိုအထဲ မေးခွန်းတစ်ခုဖြင့် စာရေးသူ အမေးခံရဆုံး ဖြစ်သည်။ ဤမေးခွန်းမှာ နိုင်ငံရေးခေါင်းဆောင်နှင့် Stateman ဘာခြားသလဲ ဟူ၍ ဖြစ်သည်။ Stateman ကို အဘိဓာန်၌ အဓိကရ နိုင်ငံရေးသမား၊ အမြော်အမြင်ရှိသော နိုင်ငံရေးခေါင်းဆောင်ဟု အနက်ပေးထားသည်။ ဤမျှနှင့် လုံလောက်မည်မထင်၍ နိုင်ငံရေးသိပ္ပံကျမ်းအချို့ကို ရှာကြည့်သည်။

နိုင်ငံရေးသိပ္ပံပညာရှင် အိုင်စီယာဘာလင်က Stateman(စတိတ်မင်)သည် နိုင်ငံရေးအကဲဖြတ်ချက်ကောင်းကောင်း Good Political Judgement ကို ပြုလုပ်နိုင်စွမ်းရှိသူဖြစ်သည်ဟု အဓိကရှင်းသည်။ ထို့အပြင် နိုင်ငံရေးခေါင်းဆောင်သည် Stateman(စတိတ်မင်) တစ်ယောက်အနေဖြင့် အောင်မြင်လိုလျှင် သို့တည်းမဟုတ် အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရည်မှန်းချက်ကို အောင်မြင်စွာ ဖြည့်ဆည်းပေးလိုလျှင် (၁) ခေတ်မီသော ပညာဗဟုသုတရှိရမည်။ (၂) ဒီမိုကရေစီတန်ဖိုးတို့ကို နားလည်ရမည်။ (၃) ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်သော အကျင့်တို့ရှိရမည်။

နိုင်ငံရေးအကဲဖြတ်ချက်
နိုင်ငံရေးအကဲဖြတ်ချက်ကောင်းကောင်း ပြုလုပ်နိုင်သည်ဆိုသည်မှာ လက်တွေ့မကျသော စိတ်ကူးယဉ်ဝါဒ၊ စေ့စော်မှုမရှိသော သရုပ်မှန်ဝါဒတို့နှင့် ဤ၀ါဒတို့မှ ပေါ်ပေါက်သော ဘေးအန္တရာယ်တို့ကို ရှောင်ရှားရနိုင်ခြင်းကို ရည်ညွှန်းသည်။ လက်တွေ့မကျသော စိတ်ကူးယဉ်ဝါဒနှင့် အလုပ်မဖြစ်သော အစစ်အမှန်ဝါဒတို့ကို ရှောင်ရှားနိုင်ရေးသည် စတိတ်မင်၏ အရည်အချင်းတစ်ပါးဖြစ်သည်။

ထို့အပြင် သမိုင်း၏ ကာလတစ်ပါးကို ငုံမိခြုံမိနိုင်သော ဉာဏ်ရည်အခွင့်အရေးကို အမိဖမ်းဆုပ်ကိုင်နိုင်စွမ်းနှင့် စိန်ခေါ်မှုတို့ကို ရင်ဆိုင်ဝံ့မှုတို့လည်း ရှိရမည်။ ဤသည်မှာ ရှုပ်ထွေးစွာစီးဆင်းနေသော အတွေ့အကြုံတို့ထဲ တိုးဝင်ခြင်းဖြစ်သည်။ အတွေ့အကြုံတို့မှ သင်ခန်းစာယူတတ်ရန်ကို ညွှန်းလိုခြင်းဖြစ်သည်။

ဝတ္ထုစာရေးဆရာ
အတွေ့အကြုံမှ သင်ခန်းစာတို့ကိုယူရာ၌ မည်သည့်အရာသည် အရေးပါအရာရောက်သည်၊ မည်သည့်အရာသည် မည်သည့်အခြေအနေနှင့် ကိုက်ညီသည်၊ မည်သည့်အရာသည် မည်သည့်အခြေအနေမှ ပေါ်ထွက်လာသည်၊ မည်သည့်အရာသည် မည်သည့်နေရာသို့ ရှေးရှုသည်ဆိုသော အချက်တို့ကို ရွေးထုတ်နိုင်ရမည်။ ဤသဘောသည် မူလဘူတစိစစ်သုံးသပ်ခြင်း Analysis ထက် ဆက်စပ်သုံးသပ်ခြင်း Synthesis အပေါ် ပို၍အလေးပေးခြင်း ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးဒဿနပညာရှင် အိုင်စီယာဘာလင်က ကမ္ဘာကျော် ၀တ္ထုရေးဆရာကြီးနှစ်ဦး ပရောက်စ်နှင့် တော်စတရွင်းတို့ကို လူ့ဘ၀၏ ယက်ထည်အနုအကြမ်းကို စတိတ်မင်က နားလည်ရန်လိုသည်ဟု သတိပေးသည်။

ဘ၀ကို နားလည်ခြင်းသည် စတိတ်မင်၏ အထုံပါရမီဖြစ်၍ ဤအထုံပါရမီ ချို့ယွင်းလျှင် ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ စိတ်ကူးစိတ်သန်းကောင်းကောင်း၊ ဘယ်လောက်ပဲမြင့်မြတ်မြင့်မြတ် သမိုင်းကို ထူးခြားအောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ နိုင်ငံရေးအကဲဖြတ်ချက်သည် သာမန်အရေးကြီးရုံမျှမက အသွင်ကူးပြောင်းမှုကာလတို့၌ ပိုပြီးအရေးကြီးသည်ကို သတိချပ်ရသည်။ ဒီမိုကရေစီတွင် ကာလအားလုံးသည် အသွင်ကူးပြောင်းရေးကာလ ဖြစ်ကြကုန်သည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီသည် အမြဲတမ်းသစ်လွင်နုပျိုနေအောင် ကိုယ့်ကိုယ်ကိုယ် အစဉ်ပြန်လည်ဖန်တီးနေရသောကြောင့် ဖြစ်သည်။

တာဝန်သိစိတ်
အသွင်ကူးပြောင်းနေသောကာလတွင် မည်သည့်အရာသည် တိုးတက်သည်၊ မည်သည့်အရာသည် ဖောက်ပြန်သည်ဆိုသော အချက်ကို စတိတ်မင်က ရွေးချယ်နိုင်ရမည်။ ဒီမိုကရေစီကို ထိန်းသိမ်းရာတွင် လူထက် အင်စတီကျူးရှင်းအပေါ် ပို၍ အားကိုးအားထားပြုရမည်ဆိုသော အချက်ကိုလည်း စတိတ်မင်က သိထားရမည်။ ကျင့်ဝတ်သီလပိုင်း၌ ယုံကြည်မှုကို တရားသေကိုင်စွဲခြင်းထက် တာဝန်သိစိတ် Ethics of Responsibility ကို ပို၍ လေးစားရမည်။

ခြုံပြီးပြောလျှင် စတိတ်မင်သည် စိတ်အရည်အချင်းနှင့် နှလုံးသားအရည်အချင်း နှစ်ပါးစလုံး မြင့်မားရမည်။ ဤအချက်သည် နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်ခြင်းနှင့် တွဲနေမည်။

မောင်စူးစမ်း
အညွှန်း Scholarship and Statemanship by F.H.Cardoso

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၉ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics