ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခြင်းသည် တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာဖောက်ရာကျသည့်အလား ပြည်တွင်းပြည်ပမှ လှုံ့ဆော်သူများက ပုံဖော်ခဲ့ကြသောကြောင့် လက်တွေ့ကျသူ တိုင်းရင်းသားများမှအပ ကျန်နိုင်ငံရေးအင်အားစု အများစုမှာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ထားသည့်တိုင် ပွင့်ပွင့်လင်းလင်း မပြောဆိုရဲဘဲ ရှိကြသည်ကို တွေ့ရပေသည်။
ရွေးကောက်ပွဲလမ်းကြောင်းသည် ယနေ့အခြေအနေတွင် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပြီး အားလုံး၏ Face Saving ကို ဖော်ဆောင်ပေးနိုင်သော နည်းလမ်းဖြစ်သည်ကို သမိုင်းက မှတ်တမ်းတင်လိမ့်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အသေအချာပေါ်ပေါက်လာမည့် ရွေးကောက်ပွဲနှင့် လွှတ်တော်နှစ်ရပ်တို့ထံမှ မဖြစ်မနေရသင့်သည်မှာ Check and Balance ဖြစ်ပေသည်။ ယနေ့ နိုင်ငံရေးအင်အားစုများ၏ အနေအထားအရပ်ရပ်ကို ကြည့်ရသည်မှာ Check and Balance အတွက် အားမရှိစရာကောင်းလှပေသည်။
မူလကပင် လူလတ်တန်းစားနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း အင်အားချိနဲ့နေရသည့်အထဲတွင် ရွေးကောက်ပွဲမ၀င်ရေးကို ပြောဆိုသူများ၏ အသံကြောင့် အနာဂတ် Check and Balance သည် အားရှိစရာမကောင်းလှပေ။
ယနေ့အချိန်တိုင်အောင် အခြေအနေအရပ်ရပ်ကို မည်သို့တုံ့ပြန်မည်ဆိုသောကိစ္စ တွေဝေနေကြသူများကြောင့် ပြင်ဆင်ချိန်ပေးသောကာလတွင် မည်သို့သောပုံပေါ်လာမည်ကို ခန့်မှန်း၍ရသော သဘောရှိနေပေသည်။ တိုင်းရင်းသားအများစုမှာမူ ဘ၀ပေးအသိကြောင့် လက်တွေ့ကျကြသည်ဖြစ်ရာ ပြင်ဆင်မှုများကို အပြည့်အ၀ မြင်တွေ့နေရပေသည်။ ထိုအခြေအနေအရပ်ရပ်ကြောင့် အနာဂတ်လွှတ်တော်ပေါ်များရှိ Check and Balance အရပ်ရပ်သည် တိုင်းရင်းသားလူမျိုးစုများ၏ ပါတီများအပေါ်တွင် မူတည်ရတော့မည်ကို တွေ့ရပေသည်။
တိုင်းရင်းသားများက Check and Balance လုပ်မည့် အဓိကအင်အားစုဖြစ်ခဲ့လျှင် တိုင်းရင်းသားလူမျိုးစုများ၏ အရေးမဟုတ်သော ကိစ္စများကို မည်သူက Check and Balance လုပ်မည်ဆိုသော ကိစ္စသည် မေးစရာမေးခွန်း ဖြစ်လာသည်ကို တွေ့ရသည်။
အမှန်အားဖြင့် Check and Balance ဆိုသည်မှာ လွှတ်တော်များပေါ်သို့ အတိုက်အခံ(သဖွယ်)အမတ်များ လုံလောက်သောအရေအတွက် ရောက်ရှိလာရုံဖြင့် ဖြစ်နိုင်ခြေရှိပြီဟု ပြော၍မရသေးပါ။ Check and Balance လုပ်ခြင်းသည် အတိုက်အခံပြုလုပ်ခြင်းလည်းမဟုတ်ပေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက် မည်သို့သော ပြည်သူ့ရေးရာမူဝါဒများ ဖြစ်ရမည်ဟု ၀ိုင်းဝန်းစဉ်းစားပေးနိုင်သူများဖြစ်ရန် အဓိကလိုအပ်ခြင်း ဖြစ်ပေသည်။ တစ်နည်းအားဖြင့် အရေအတွက်ရော အရည်အချင်းပါ လိုအပ်ချက်ရှိနေခြင်း ဖြစ်ပေသည်။ ယခုလောလောဆယ်မြင်ကွင်းမှာ အရေအတွက်ကိစ္စပင် ပြေလည်မည့်သဘောမရှိရာ အရည်အချင်းကိစ္စသည် စဉ်းစားစရာပင် မလိုသောအခြေအနေတွင် ရှိနေပေသေးသည်။
လွှတ်တော်များတွင် လုပ်ဆောင်ဖွယ်ရာများစွာ ရှိနေသောကြောင့် လွှတ်တော်အစည်းအဝေးများ တစ်နှစ်ပတ်လုံး ကျင်းပရန် လိုအပ်ချက်လည်း ရှိနေပါသည်။ လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး လက်မှတ်မထိုးလျှင် လွှတ်တော်များသည် တစ်နှစ် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်ခန့်သာ ကျင်းပသည့်သဘော ရောက်ရှိသွားနိုင်ပေသေးသည်။
များစွာသေချာသည်မှာ အရပ်ဘက်လူ့အဖွဲ့အစည်း အားမကောင်းလျှင် တွေဝေလျှင် Check and Balance မဖြစ်နိုင်သကဲ့သို့ Check and Balance မရှိလျှင်လည်း Good Governance ဖြစ်နိုင်ခြေ မရှိပေ။
Monday, October 12, 2009
အနာဂတ် Check and Balance - အောင်ထွဋ်
( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၉ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
Posted by Ko Nyan Posted Time 10:06 PM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment