Wednesday, November 18, 2009

ကြည့်ဖြစ်ခဲ့သော ဗီဒီယိုဇာတ်ကားများ


အခွေငှားဆိုင်မှာ ပြန်အပ်ရင်ချန်ထားဖို့ပြောထားတာ သုံးရက်လောက်ရှိနေပါပြီ။ ဟိုလူငှားသွားလိုက်၊ ဒီလူငှားသွားလိုက်နဲ့ အငှားသွက်နေတဲ့ အခွေနှစ်ခွေကို ဒီနေ့တော့ ရလာခဲ့ပါပြီ။ အငှားသွက်တယ်ဆိုကတည်းက အကောင်းကြီး မဟုတ်ရင်တောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားတွေ ဖြစ်မယ်လို့တော့ တွေးမိပါတယ်။

(၁)
ဇာတ်ကားအမည် - ရင်ဘတ်ချင်းအငြိ
ဇာတ်လမ်း - ဂေါ်စိန်၊ ကိုပေါက်
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ကိုပေါက်၊ တက္ကသိုလ်ဂွမ်းပုံ၊ အေးအေးခိုင်၊ အေးသီတာ၊ ဖိုးတာ၊ ယွန်းရွှေရည်
တေးရေး - ရယ်ဂျီ
တေးဆို - လေးဖြူ

ဇာတ်လမ်းအကျဉ်း
အိမ်ထောင်ရေးဖောက်ပြန်ခဲ့တဲ့ မိန်းမကြောင့် ဘ၀ပျက်လုမတတ် ပျက်စီးလုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ မိသားစုအခြေအနေအရ ပိုက်ဆံရဖို့အတွက် နာမည်အပျက်ခံ၊ သူများလက်ညှိုးအထိုးခံ၊ သူများအပြောခံဘ၀နဲ့ ကျင်လည်နေရတဲ့ မိန်းမချောလေးတစ်ဦးတို့ ဆုံတွေ့ကြရာက ဖြစ်ပေါ်လာတဲ့အကြောင်းကို ရေးဖွဲ့ရိုက်ကူးထားတာပါ။

ဝေဖန်သုံးသပ်ချက်
ပုံမှန်ကြည့်နေကျဇာတ်ကားတွေကနေ မတူတဲ့ရသတွေပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းလေးပါ။

အခုနောက်ပိုင်းမှာ အံ့သြစရာကောင်းလောက်အောင် စန်းတက်လာတဲ့ ပြေတီဦးရဲ့ အပီပြင်ဆုံး ဇာတ်ကောင်စရိုက်ဖြစ်တဲ့ အရက်သမားဇာတ်ရုပ်ကို ကြည့်မိတဲ့အခါ မချီးကျူးဘဲမနေနိုင် ဖြစ်သွားပါလိမ့်မယ်။ ဘာကြောင့်ရယ်တော့မသိဘူး။ ဇာတ်ကားအတော်များများမှာ ပြေတီဦးဟာ အရက်သောက်တဲ့အခန်း၊ အရက်မူးတဲ့အခန်းတွေဆိုရင် အတော်လေးကို ပီပြင်သရုပ်ပါတာ တွေ့ရပါတယ်။ တကယ်သောက်ပြီးများ သရုပ်ဆောင်သလားတော့ မပြောတတ်ပါဘူး။

အိန္ဒြာကျော်ဇင်ကတော့ သူ့သမ္ဘာလေးနဲ့ထိန်းပြီး ပေါ့ပေါ့ပါးပါးပဲ သရုပ်ဆောင်သွားတာ တွေ့ရပါတယ်။ မဟုတ်တဲ့ဇာတ်ကားတွေမှာတုန်းကတော့ အရမ်းလန်းနေပြီး ဒီဇာတ်ကားမှာ ကလပ်တက်လိုက်၊ သူဌေးတွေနဲ့ လိုက်သွားလိုက်၊ ချူစားလိုက်လုပ်ရတဲ့ဇာတ်ကောင်ကျမှ ၀တ်တာစားတာ မလန်းဘဲ တစ်မျိုးကြီးဖြစ်နေတာတော့ စဉ်းစားလို့မရပါဘူး။ ဗီဒီယိုထဲမှာမို့ လန်းအောင်မ၀တ်တာလားတော့ မသိပါ။ (မဆီမဆိုင် အကြည်တော်သာ ဇာတ်ညွှန်းခွဲရင်တော့ သေချာပေါက် ၀တ်တာစားတာတွေ လန်းမှာပဲလို့ တွေးမိသေးတယ်)

အိန္ဒြာကျော်ဇင်က ပေတရာမှာလိမ့်တဲ့ဂေါ်လီသဘောမျိုး ပြချင်တယ်ထင်ပါရဲ့။ လက်မောင်းမှာ တက်တူးထိုးထားတယ် ထင်တာပါပဲ။ အမှတ်တမဲ့မဟုတ်ဘဲ ပျက်စီးနေတယ်ဆိုတဲ့သရုပ်ကို သင်္ကေတတစ်ခုအနေနဲ့ ပြချင်လို့ဖြစ်မယ်ထင်ပါရဲ့။ ကင်မရာနဲ့ အသေအချာကို ရိုက်ပြပါသေးတယ်။ ဒါပေမယ့်ဗျာ… ရယ်ရမလား၊ ငိုရမလား မသိပါဘူး။ အဲဒီလိုထိုးထားတဲ့ တက်တူးကိုမှပဲ ဇာတ်ကားတစ်ခုလုံး ဆင်ဆာဖြတ်တဲ့အနေနဲ့ အကွက်ကြီးနဲ့လိုက်ကာထားတာ လုံးဝကို လမိုင်းမကပ်ပါဘူးဗျာ။ ဒီအတိုင်းဆိုရင် သတိတောင် ထားမိပါ့မလားမသိဘူး။ အခုတော့ တက်တူးထိုးထားတယ်ဆိုတာတော့ သိတယ်။ ဘာရေးထားလဲ၊ ဘာပုံဆွဲထားလဲဆိုတာကို မသိရဘူး။ အောင့်သက်သက်ကြီးပါ။ ဖြတ်နိုင်ကြပါပေ့လို့တောင် အော်ရမလိုပါပဲ။

ဒီဇာတ်ကားထဲမှာ ဇာတ်ဝင်သီချင်းအဖြစ် သုံးထားတဲ့ လေးဖြူရဲ့ (ငါ့ရဲ့လမင်း) သီချင်းကတော့ တကယ့်ကို ကွက်တိပါပဲ။ ဇာတ်လမ်းကိုကြည့်နေရင်းနဲ့ အဲဒီသီချင်းကို ခံစားပြီး ဒီဇာတ်လမ်းကိုများ ပြန်ရေးထားသလားလို့ တွေးနေမိပါတယ်။ သီချင်းရဲ့ ဆိုလိုချက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကကျောရိုး တစ်ထပ်တည်းဖြစ်နေတာဟာ စိတ်ဝင်စားစရာပါ။ လေးဖြူရဲ့ BOB ထဲက ဒီ (ငါ့ရဲ့လမင်း) သီချင်းကို ဇာတ်လမ်းအတော်များများမှာ ဇာတ်ဝင်သီချင်းအဖြစ် သုံးကြပါတယ်။ အတော်ကြိုက်တဲ့သီချင်းပေါ့ဗျာ။ ဒါပေမယ့် ဒီဇာတ်လမ်းမှာသုံးထားတာဟာ အထိရောက်ဆုံးနဲ့ အံဂွင်အကျဆုံးလို့ ဆိုချင်ပါတယ်။

အစပိုင်းတစ်ခုလုံးမှာ ဆွဲခေါ်လာတဲ့ဇာတ်လမ်းဟာ အတော်လေးကို အရှိန်မြင့်လာပါတယ်။ ဒါပေမယ့် တောင်ထိပ်ရောက်တော့မှ တွန်းချလိုက်သလိုပါပဲ။ ဇာတ်သိမ်းပိုင်းရောက်တော့မှ ဘယ်လိုဖြစ်သွားတယ်မသိပါဘူး။ ဇာတ်သိမ်းမလှဘူးဆိုပါတော့ဗျာ။

ဘာပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ တချို့ဒိုင်ယာလော့ခ်တွေဟာ စဉ်းစားစရာတွေပါ။ အတော်လေးကို ပြောင်မြောက်တာတွေ့ရပါတယ်။ ဒီဇာတ်ကားထဲက လုံမေ(အိန္ဒြာကျော်ဇင်)လို မိန်းကလေးမျိုးတွေ အပြင်မှာ ရှိကောင်းရှိနိုင်ပါတယ်။ ရှိလိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် သားဦးမောင်(ပြေတီဦး)လို သူဌေးတွေတော့ ရှိမရှိဆိုတာ အဲဒီဇာတ်ကားကိုကြည့်ပြီးတဲ့အခါ ကျွန်တော့်ကို ပြန်ဖြေပေးပါ့လားဗျာ။

သေချာတာပေါ့ဗျာ။ ခင်ဗျားကို အဲဒီဇာတ်ကားကြည့်ဖို့ တိုက်တွန်းနေတာပါ။ ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့ပါလိမ့်မယ်။

(၂)
ဇာတ်ကားအမည် - စင်ဒရဲလားကကြိုး
ဇာတ်လမ်း၊ ဇာတ်ညွှန်း - သည်ခတ်နေ
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင် - နေတိုး၊ အိန္ဒြာကျော်ဇင်၊ အိချောဗို၊ ယမင်းထွေး၊ ၀ါဆိုမိုးဦး၊ ဆုမွန်၊ အေမိဇော်၊ ဇော်ဇော်အောင်၊ ဇော်ဝင်းမောင်၊ ဟိန်းမင်း၊ ခန့်ကျော်မိုး
တေးရေး - kလတ်မိုး
တေးဆို - ရိန်မိုး

ဇာတ်လမ်းအကျဉ်း
သူသဘောကျတဲ့ ကောင်မလေးတွေဆီကို ဒီဇိုင်းခပ်ဆန်းဆန်း အဖိုးတန်ဖိနပ်လေးတွေ နည်းအမျိုးမျိုးနဲ့ ရောက်အောင်ပို့ပေးတတ်တဲ့ သင်ရိုးဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဖိနပ်ဆိုင်ပိုင်ရှင် မိန်းမချောလေး ကြွေရုပ်(ခေါ်)မြတ်နိုးသူ တို့ ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်စလုံးက အပြန်အလှန်ပဠေဟိတွေနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဇာတ်လမ်းဆင်ထားတဲ့ ဇာတ်မြူးလေးတစ်ခုပါ။

ဝေဖန်သုံးသပ်ချက်
လူငယ်ကြိုက် ဇာတ်လမ်းလေးပါ။ ပေါ့ပေါ့ပါးပါး ကြည့်ချင်တဲ့လူတွေအတွက်တော့ သဘောကျနိုင်မယ့် ဇာတ်ကားတစ်ခုပါ။ အပျင်းပြေ စိတ်ညစ်ပြေကြည့်ချင်တယ်ဆိုရင်တော့ ငှားကြည့်သင့်တဲ့ကားလို့ ဆိုပါရစေ။

ဒီဇာတ်ကားမှာ ကျွန်တော်သဘောကျတာက မင်းသားမင်းသမီးထက် ဇာတ်ပို့ဇာတ်ရံတွေကိုပါ။ စိတ်ကူးထဲမှာ သူတို့မပါဘဲ အဲဒီဇာတ်ကားကို သီးသန့်ဖယ်ထုတ်ကြည့်တော့ ဘာအရသာမှမရှိဘဲ ပျက်သွားတာကို တွေ့ရပါတယ်။ ဘေးကနေ ၀ိုင်းပြီးပို့ကြတဲ့ ဇာတ်ရံတွေဟာ ဒီဇာတ်ကားမှာ အတော်လေးစကားပြောတာ တွေ့ရပါတယ်။

နောက်ထပ်သဘောကျမိတာက အဲဒီထဲမှာပြောတဲ့ ဒိုင်ယာလော့ခ်တွေပါ။ အတော်လေးကို ရယ်စရာကောင်းတဲ့ စကားပြောလေးတွေ ပါပါတယ်။ သဘောကျကြမှာပါ။

ရယ်ရယ်မောမောလေးနဲ့ ပြီးသွားတဲ့ တကယ့်ကို ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပါပဲ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁ နာရီ ၀၅ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics