Wednesday, November 18, 2009

နရသိင်္ခ၊ နရပတိစည်သူ၊ ဇေယျသိင်္ခ၊ ကျစွာ


(ယခင်ပို့စ် "ပထမပုဂံခေတ်"မှ အဆက်)

၄၇။ နရသိင်္ခမင်း (၅၃၂-၅၃၅)
နရသူမင်း နတ်ရွာစံလျှင် သားတော် နရသိင်္ခ နန်းတက်၍ ညီတော်ကို နရပတိစည်သူဘွဲ့ဖြင့် အိမ်ရှေ့ပေးလေသည်။ ထိုမင်းအား ပြော့အမျိုးသမီးတစ်ဦးကို ဆက်သရာ မနှစ်သက်၍ ညီတော်အား ပေးလေသည်။ ထိုနောက်မှ ပြော့အမျိုးသမီး ဝေဠုဝတီသည် ဖြီးလိမ်းပြင်ဆင် ပြုပြင်သဖြင့် တင့်တယ်သည်ကိုမြင်သော် ခယ်မတော်အား သိမ်းပိုက်လိုသဖြင့် ညီတော်အား ဥပါယ်တံမျဉ်ဖြင့်  ငဆောင်ချမ်းအရပ်သို့ စေလွှတ်၍ ဝေဠုဝတီကို သိမ်းပိုက်လေသည်။ ညီတော်ကြားသော် အောင်စွာအမတ်ကို စေလွှတ်၍ နောင်တော်ကို လုပ်ကြံစေလေသည်။

၄၈။ နရပတိစည်သူ (၅၃၅-၅၇၂)
နရသိင်္ခမင်း နတ်ရွာစံလျှင် ညီတော် နရပတိစည်သူသည် ဝေဠုဝတီမိဖုရားနှင့် ဘိသိက်ခံ၍ မင်းပြုလေသည်။ ထိုမင်းလက်ထက်တွင် အထိန်းတော်သား အနန္တသူရိယ အမတ်ကို မယုံကြည်သဖြင့် သတ်စေရာ ထိုအမတ်ကြီးသည် `သူတည်းတစ်ယောက်အစချီ` အမျက်ဖြေလင်္ကာကို ရေးသားခဲ့လေသည်။ ထိုလင်္ကာကို နရပတိစည်သူမင်း ဖတ်ရှုရ၍ နောင်တရသော်လည်း အမတ်ကြီးကား အနိစ္စရောက်ခဲ့ပြီးလေပြီ။ မင်းကြီးသည် စူဠာမုဏိ၊ ဂေါဓော့ပလ္လင်နှင့် ဓမ္မရာဇက ဘုရားများကို တည်ခဲ့လေသည်။

၄၉။ ဇေယျသိင်္ခမင်း (၅၇၂-၅၉၆)
နရပတိစည်သူမင်းကြီး နတ်ရွာမစံမီကပင် သားတော်ငါးပါးအနက် အငယ်ဆုံးဖြစ်သော ဇေယျသိင်္ခအား ချစ်မြတ်နိုး၍တစ်ကြောင်း၊ ထီးဖြူညွတ်၍တစ်ကြောင်း အိမ်ရှေ့အရာပေးခဲ့လေရာ မင်းကြီးနတ်ရွာစံလျှင် ဇေယျသိင်္ခသည် နန်းတက်လေသည်။ နောင်အခါ ထီးလိုမင်းလိုဟူ၍ ထင်ရှားလေသည်။ နားတောင်းများမင်း ဟူ၍လည်း ကျောက်စာတွင် ရေးထိုးလေသည်။ ဇေယျသိင်္ခမင်းသည် နောင်တော်ကြီးလေးပါးကို ကောင်းစွာပြုစုတော်မူ၍ ပြည်ထဲရေးရာတို့ကို ညှိနှိုင်းဆွေးနွေးလေ့ ရှိလေသည်။ ထိုမင်းလက်ထက်မှစတင်၍ လွှတ်တော်ဟူ၍ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုလေသည်။ ထိုမင်းသည် တရားသဖြင့် အုပ်ချုပ်၍ ကောင်းမှုစေတီများလည်း တည်ခဲ့လေသည်။

၅၀။ ကျစွာမင်း (၅၉၆-၆၁၁)
ဇေယျသိင်္ခမင်း နတ်ရွာစံလျှင် သားတော် ကျစွာမင်းက ထီးနန်းဆက်ခံလေသည်။ သာသနာတော်ရေးကို အားထုတ်တော်မူ၍ ပိဋကတ်ကျမ်းဂန် တတ်မြောက်သဖြင့် ပရမတ္ထဗိန္ဓုကျမ်း၊ သဒ္ဒဗိန္ဓုကျမ်းတို့ကို ပြုစုတော်မူလေသည်။ မြကန်ကိုလည်း ဆယ်တော်မူလေသည်။ သမီးတော်ကိုလည်း စာပေတတ်မြောက်သော ရဟန်းလူထွက်နှင့် ထိမ်းမြား၍ သားမက်အား အမတ်အရာပေး၍ သံပျင်အမတ်ဟု ထင်ရှားလေသည်။

မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

 
Web Statistics