Thursday, November 19, 2009

နိုင်ငံတစ်ခုကြီးပွားခြင်း ဆွေးနွေးခန်း - ဇေယျသူ


Development Talk

ဖွံ့ဖြိုးရေးပါရဂူ။ ကနေ့လက်တွေ့ကြီးပွားနေတဲ့ နိုင်ငံတွေ ဘယ်လိုကြီးပွားလာသလဲဆိုတာ ဆွေးနွေးရင် မကောင်းဘူးလား။ ခုခေတ်နိုင်ငံတကာစာသင်ခန်းတွေမှာ ခေတ်စားနေတဲ့ Case Study လေ့လာနည်းပေါ့ဗျာ။ နမူနာတစ်ခုယူပြီး လေ့လာရင်း ပညာသင်တာပေါ့။ ပိုပြီးလည်း အာရုံစူးစိုက်မှုရှိတယ်။ ပိုပြီးမြင်လွယ်တယ်။

ကိုမျိုးချစ်။ ကောင်းတယ်ဗျ။ ဒါဆို ဘယ်နိုင်ငံက စရင်ကောင်းမလဲ။

ဖွံ့ဖြိုးရေးပါရဂူ။ ဆွေးနွေးမယ့်လမ်းကြောင်းကို ကျွန်တော်က စအကြံပေးပြီးပြီ။ ဒီတစ်ခါ ခင်ဗျားအလှည့်။

ကိုမျိုးချစ်။ ကျေးဇူးပါဗျာ။ နီးနီးနားနား စင်ကာပူရွေးလိုက်ရင် မကောင်းဘူးလား။

ဖွံ့ဖြိုးရေးပါရဂူ။ ကောင်းတယ်။ ကျွန်တော်တို့တွေနဲ့လည်း ရင်းနှီးနေတယ်။ The Voice မှာလည်း စင်ကာပူအကြောင်း ဆောင်းပါးတွေ ဆက်တိုက်ဆိုသလိုပါနေတော့ ထူးထူးခြားခြား မိတ်မဆက်ရတော့ဘူးပေါ့။

ကိုမျိုးချစ်။ ဒါဆို စင်ကာပူကြီးပွားလာတာ ဘာကြောင့်လဲ။

ဖွံ့ဖြိုးရေးပါရဂူ။ ခင်ဗျားကလည်း တော်တော်ပြောချင် နားထောင်ချင်တဲ့လူပဲ။ ပြောမယ်ဆိုရင် စင်ကာပူ ကြီးပွားလာခြင်း အကြောင်းရင်းက အများကြီး။ စင်ကာပူကို တတိယကမ္ဘာ့နိုင်ငံအဆင့်ကနေ ပထမကမ္ဘာအဆင့်ကို အချိန်တိုအတွင်း ရောက်အောင်ဦးဆောင်နိုင်ခဲ့တဲ့ လီကွမ်ယူကိုယ်တိုင် ပြုစုထားတာတင် တစ်အုပ်ကို စာမျက်နှာ ၇၀၀ နီးနီးပါတဲ့စာအုပ် နှစ်အုပ်ရှိတယ်။ ကမ္ဘာအနှံ့က ပညာရှင်တွေ လေ့လာသုတေသနပြုထားတာလည်း အများကြီးပဲ။

ကိုမျိုးချစ်။ အဓိကအကျဆုံးတစ်ချက်သာ အရင်ပြောပါ။ အကြိုက်ဆုံးတစ်ချက်ပေါ့။

ဖွံ့ဖြိုးရေးပါရဂူ။ လူ။

ကိုမျိုးချစ်။ ဘယ်လို။

ဖွံ့ဖြိုးရေးပါရဂူ။ သယံဇာတ။

ကိုမျိုးချစ်။ ဟင်၊ ဆရာ၊ ခုနပြောတော့လူ၊ ခုကျ သယံဇာတတဲ့။

ဖွံ့ဖြိုးရေးပါရဂူ။ ဒီနှစ်ခုက အတူတူပဲဗျ။

ကိုမျိုးချစ်။ မတူပါဘူး ဆရာရယ်။ လူက လူ၊ သယံဇာတက သယံဇာတပေါ့။

ဖွံ့ဖြိုးရေးပါရဂူ။ လူသားသယံဇာတ Human Resources ကို ပြောတာပါ။ စင်ကာပူကြီးပွားလာတဲ့ အကြောင်းရင်းကို အဓိကတစ်ချက်ထဲ ပြောပါဆိုလို့ ပြောလိုက်ရတာ။ သူကြီးပွားလာတာ လူသားသယံဇာတကြောင့်ပဲ။

ကိုမျိုးချစ်။ ကျွန်တော်ကတော့ သယံဇာတဆိုရင် အရှေ့အလယ်ပိုင်းက ရေနံတွင်းတွေ၊ အာဖရိကက စိန်တွင်းတွေ သွားမြင်တာပဲ။

ဖွံ့ဖြိုးရေးပါရဂူ။ အဲဒါတွေက သဘာဝသယံဇာတ Natural Resources တွေပေါ့။ သဘာဝတရားက ပေးလိုက်တာလေ။ ခုကျွန်တော်ပြောနေတာက လူသားသယံဇာတ။

ကိုမျိုးချစ်။ ဟုတ်ကဲ့။

ဖွံ့ဖြိုးရေးပါရဂူ။ စင်ကာပူက ၁၉၆၅ ခုနှစ်မှာ မလေးယားပြည်ထောင်စုကနေ ခွဲထုတ်ခံရပြီး လွတ်လပ်ရေးရခဲ့တယ်။ ခဏပဲခံမယ်လို့ လွတ်လပ်ရေးလည်းရရော နိုင်ငံတကာမီဒီယာတွေနဲ့ ပညာရှင်တွေက ဟောကိန်းထုတ်ခဲ့ကြတယ်။ စင်ကာပူက သောက်စရာရေချိုတောင်မရှိဘူး။ နိုင်ငံလေးက သေးသေးလေး။ ဘာဆိုဘာမှ မရှိဘူး။ ဘေးက မလေးရှားနဲ့ အင်ဒိုနီးရှားကလည်း သူနဲ့မတည့်ဘူး။ တင်းမာနေကြတာပေါ့။

ကိုမျိုးချစ်။ ဘာဆိုဘာမှ မရှိရာကနေ တိုးတက်လာတာပဲနော်။

ဖွံ့ဖြိုးရေးပါရဂူ။ ရှိတယ်ဗျ။ လူတွေလေ။ အဲဒီလူတွေကြောင့် တိုးတက်လာတာပဲ။ အတိအကျပြောရရင် စင်ကာပူခေါင်းဆောင်တွေနဲ့ တိုင်းသူပြည်သားတွေပေါ့။ လီကွမ်ယူအပါအ၀င် စင်ကာပူခေါင်းဆောင်တွေက ထက်မြက်တယ်။ အမြော်အမြင်ကြီးတယ်။ မျိုးချစ်စိတ်ပြင်းထန်တယ်။

ကိုမျိုးချစ်။ နည်းနည်းတော့ စောဒကတက်ပါရစေ။ နိုင်ငံတိုင်းမှာ ခေါင်းဆောင်နဲ့ ပြည်သူတွေ ရှိတာပဲမဟုတ်လား။ ဒါဆိုအားလုံး အတူတူ အနူနူပဲပေါ့။

ဖွံ့ဖြိုးရေးပါရဂူ။ ဟုတ်တယ်။ ဒါပေမယ့် စင်ကာပူခေါင်းဆောင်တွေက သူတို့မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာလို အားကိုးစရာ သဘာဝသယံဇာတ ဘာမှမရှိတာကိုသိတယ်။ အားကိုးစရာဆိုလို့ လူတွေပဲရှိတယ်ဆိုတာသိလို့ လူတွေကို လူသားသယံဇာတတွေဖြစ်လာအောင် အစွမ်းကုန် ပြုစုပျိုးထောင်ခဲ့တယ်။ ပညာရေးကဏ္ဍမှာ ကောင်းကောင်းသုံးတယ်။ အလားအလာ အကောင်းဆုံးလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပျိုးထောင်ပေးတယ်။ ဗြိတိန်နဲ့ အမေရိကန် တက္ကသိုလ်ကြီးတွေကိုလွှတ်ပြီး နိုင်ငံတော် ပညာသင်ဆုနဲ့ ပညာသင်ပေးတယ်။ ခုဝန်ကြီးချုပ် လီရှန်လွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးက အဲလို နိုင်ငံတော်ပညာသင်ဆု ရခဲ့သူတွေ။ အရေးကြီးတဲ့ နေရာဌာနတိုင်းမှာ နိုင်ငံတွင်းမှာ အတော်ဆုံးဆိုတဲ့ သူတွေကိုထားတယ်။ ပညာရေးကို မြှင့်တင်ပေးတယ်။ အဲဒါကြောင့် စင်ကာပူက နှစ်တိုတိုနဲ့ တိုးတက်ခဲ့ပြီး စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ကို ရောက်ခဲ့တယ်။
စင်ကာပူနိုင်ငံတည်ထောင်သူ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ထဲမှာ လီကွမ်ယူပြီးရင် သူပဲလို့ စင်ကာပူမှာ လေးစားခံရတဲ့ ဒေါက်တာ ဂိုကင်ဆွီး (Goh Keng Swee)ဟာ စင်ကာပူရဲ့ စီးပွားရေးဗိသုကာပဲ။ သူ့ကြောင့် စင်ကာပူဟာ တစ်နှစ်ကို စီးပွားရေးတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းလောက်နဲ့ နှစ် ၃၀ ဆက်တိုက် တိုးတက်ခဲ့တယ်။ သူက စင်ကာပူနိုင်ငံတိုးတက်တာဟာ တခြားကြောင့် မဟုတ်ဘူး။ ကျောင်းတွေမှာ သိပ္ပံနဲ့ သင်္ချာကို အထူးအလေးထားသင်ကြားဖို့ သူတို့ဆုံးဖြတ်ချက်ချခဲ့လို့၊ ပြီးတော့ ကလေးအမေတွေက သူတို့သားသမီးတွေ သိပ္ပံနဲ့ သင်္ချာကိ သင်ယူဖို့ မဖြစ်မနေတိုက်တွန်းခဲ့လို့ လို့ဆိုတယ်။ တကယ်တမ်းတော့ အမေတွေကြောင့်ပါတဲ့။ အဲဒီအစဉ်အလာက ခုထက်ထိ ရှိနေတယ်။ ကမ္ဘာမှာ စင်ကာပူကျောင်းသားတွေက သင်္ချာအတော်ဆုံးထဲမှာ ပါတယ်တဲ့။ သိပ္ပံနဲ့သင်္ချာကို အလေးထားတာကြောင့် စင်ကာပူမှာ စက်မှုတိုးတက်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ ပါလာတဲ့ နည်းပညာတွေကို အလွယ်တကူ စုပ်ယူနိုင်တယ်။

ကိုမျိုးချစ်။ စင်ကာပူက ပညာရေးကို အလေးထားလို့ ပညာရေးကောင်းတယ်နော်။ ခုကျွန်တော်တို့ မြန်မာတွေတောင် စင်ကာပူမှာ တော်တော်များများ ကျောင်းသွားတက်နေကြတယ်။

ဖွံ့ဖြိုးရေးပါရဂူ။ ဒါလည်း စင်ကာပူရဲ့ ကြီးပွာေးရးနည်းဗျူဟာပဲ။ လူသားသယံဇာတ ထိန်းသိမ်းရေးနဲ့ ဆွဲဆောင်ရေးလေ။ စင်ကာပူမှာက ကလေးမွေးနှုန်းကျလာတယ်။ ပြီးတော့ စင်ကာပူသား လူတော်တချို့က စင်ကာပူမှာ မနေချင်တော့လို့ ရေကြည်ရာမြက်နုရာ အခွင့်အလမ်းပိုကောင်းမယ်ထင်တဲ့ သြစတြေးလျတို့၊ အမေရိကတို့ ပြောင်းသွားကြတယ်။ စင်ကာပူက လူသားသယံဇာတနှင့် နိုင်ငံတည်လာတာ။ ဒီအားသာချက်မရှိတော့ရင် ကျဆင်းသွားမှာကို နိုင်ငံခေါင်းဆောင်တွေက စိုးရိမ်ပြီး အမြဲစောင့်ကြည့်နေတာ။ သူတို့ ဖြေရှင်းနည်းတစ်ခုက စင်ကာပူကို ဒေသတွင်းမှာ ပညာရေးအချက်အခြာ ဒေသတစ်ခုအဖြစ် တည်ဆောက်ထားတာပဲ။ ဒီလိုတည်ဆောက်ထားတဲ့အတွက် ကိုယ့်နိုင်ငံသားတွေ ပညာကောင်းကောင်းရမယ်။ ဒါက တစ်ချက်။ ဒုတိယက ဒေသတွင်းနိုင်ငံတွေက လူငယ်လူထက်တွေကို ဆွဲဆောင်ဖို့။ ပညာကောင်းကောင်းလိုချင်တဲ့ အိမ်နီးချင်းနိုင်ငံတွေက လူတော်တွေ စင်ကာပူက တက္ကသိုလ်ကြီးတွေမှာ လာတက်မယ်။ လာတက်ပြီးရင် စင်ကာပူမှာ ဆက်နေကြမယ်၊ အလုပ်လုပ်ကြမယ်။ ဒါဆို စင်ကာပူဆက်လက်ကြီးထွားဖို့လိုတဲ့ လူသားသယံဇာတတွေ၊ စင်ကာပူကို ရှေ့ကဆွဲမယ့် အင်ဂျင်တွေ အဆက်မပြတ် စီးဝင်နေမှာပေါ့။ ဒီဗျူဟာက အောင်မြင်တယ်။ စင်ကာပူမှာ ကျောင်းသွားတက်တဲ့သူတွေ အများစုက ဟိုမှာ ဆက်နေကြတယ်။ အလုပ်လုပ်တယ်။ ပြောင်းရွှေ့သွားတဲ့ စင်ကာပူနိုင်ငံသားတွေနေရာမှာ ကောင်းကောင်းအစားထို့လို့ရတယ်။

ကိုမျိုးချစ်။ စင်ကာပူက ဒါဆို တခြားနိုင်ငံက လူသားအညွန့်အဖူးတွေနဲ့ ဟန်နေတာပေါ့။

ဖွံ့ဖြိုးရေးပါရဂူ။ တကယ့်အညွန့်အဖူးတွေပေါ့ဗျာ။ သူတို့ဆီက ဘွဲ့မပေးဘဲ ဒီပလိုမာအဆင့်ပေးတဲ့ ပေါ်လီတက္ကနစ် (Polytechnic)လို ကျောင်းမျိုးတောင် တခြားနိုင်ငံတွေက ဟိုးထိပ်ဆုံး၊ တက္ကသိုလ်ဝင်တန်းအမှတ် အမြင့်ဆုံးလူငယ်တွေ အလုအယက်တက်ဖို့ ကြိုးစားနေရတာ။ ပေါ်လီမှာတောင် သူများနိုင်ငံက အညွန့်အဖူးတွေနဲ့ဆိုတော့ စဉ်းစားသာကြည့်တော့။ လူသားသယံဇာတကို အလေးထားလွန်းတော့ ကိုယ့်နိုင်ငံသား လူသားသယံဇာတနဲ့တင် အားမရနိုင်ဘဲ တခြားနိုင်ငံက လူသားသယံဇာတကိုပါ လှမ်းဆွဲယူတာပေါ့။ ပါးနပ်တယ်၊ အမြော်အမြင်ကြီးတယ်လို့ပဲ ပြောရမယ်။ လူလယ်ကျတယ် သွားပြောလို့မရဘူး။ လူသားသယံဇာတက နိုင်ငံတစ်ခု ကြီးပွားရေးမှာ သိပ်အရေးကြီးတာကိုး။ အမေရိကဆိုလည်းကြည့်လေ။ တခြားနိုင်ငံက လူတော်တွေကို လက်ခံပြီး နယ်ပယ်အားလုံးမှာ ကမ္ဘာ့ထိပ်တန်းနေရာကို မြဲနေအောင် လုပ်ထားတာ။ ကြီးပွားတဲ့နိုင်ငံတိုင်းဟာ လူသားသယံဇာတ ပွားများရေးကို အမြဲဂရုတစိုက် အားထုတ်နေကြတယ်။ သူတို့ကြီးပွားတာလည်း လူသားသယံဇာတကို ပျိုးထောင်ခဲ့ကြလို့ပဲ။

ကိုမျိုးချစ်။ ဒီတော့။

ဖွံ့ဖြိုးရေးပါရဂူ။ လူသာ ပထမ၊ လူသာ ဒုတိယ၊ လူသာ တတိယပေါ့ဗျာ။

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics