ဘောလုံးပွဲရဲ့ ရသ
ဘောလုံးပွဲရဲ့ရသကို ပေးစွမ်းသူဟာ ကွင်းထဲက ၂၅ ယောက်ပါပဲ။ သူတို့ဟာ ပွဲကို တကယ်ပုံဖော်ကြရတာ။ ကျန်သူတွေက ဘေးထိုင်ဘုပြောအဆင့်မှာပဲရှိတယ်။
ဒါဟာ ဒီနေ့ထုတ် The Voice Weekly ဂျာနယ်မှာ ဖတ်လိုက်ရတာပါ။ ဟုတ်တာပေါ့။ ကွင်းထဲဝင်ပြိုင်နေတာက ၂၂ ယောက်၊ ကွင်းလယ်ဒိုင်က ၁ ယောက်၊ စည်းကြပ်ဒိုင်က ၂ ယောက်၊ အားလုံး ၂၅ ယောက်။ ပွဲတစ်ပွဲကို သူတို့ကပဲ ပုံဖော်နေကြတာ။ ကျွန်တော်စဉ်းစားမိတာလေးတွေလည်း ပြောပါရစေ။
(၁) အရံလူ
ကွင်းထဲက ၂၅ ယောက်အပြင် ကွင်းစပ်မှာစောင့်နေတဲ့ အရံလူ ၆ ယောက်ကကော အရေးမကြီးဘူးလား။
(၂) နည်းပြဆရာ
နည်းပြဆရာမရှိတဲ့ ဘောလုံးအသင်းရယ်လို့ ကျွန်တော်တော့ မကြားဖူးသလောက်ပါပဲ။ တချို့အသင်း (အရင်တုန်းက ချဲလ်ဆီး)ဆိုရင် နည်းပြဆရာ ဗီယာလီဟာ ကိုယ်တိုင်လည်း ၀င်ကန်ပေးပါတယ်။ Player/Manager လို့ ခေါ်ပါတယ်။
ဘောလုံးအသင်းတစ်သင်းဆိုတာ နည်းပြဆရာရဲ့ မူဝါဒတွေနဲ့ ရှင်သန်ရတာပါ။ နည်းပြဆရာရဲ့ လေ့ကျင့်မှုတွေနဲ့ ဖွံ့ဖြိုးရတာပါ။ နည်းပြဆရာရဲ့ သီးသန့်ဗျူဟာနဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ရတာပါ။ အစားအသောက် စီစဉ်ပေးတဲ့လူ၊ သွားလာရေးစီစဉ်ပေးသူ၊ ကျန်းမာရေးတာဝန်ခံ စတာတွေကို ထည့်မပြောဘဲ နေမယ်ဆိုရင်တောင် နည်းပြကိုတော့ ချန်ထားလို့မရဘူး။ အောင်နိုင်ရေးဗျူဟာအတွက် အသင်းလိုက်လှုပ်ရှားမှု Teamwork ကို သူကပဲ ချပေးရမှာ။
အဲဒီထက် ပိုအရေးကြီးတာက စည်းမျဉ်းကို လေးစားတတ်အောင်နဲ့ အားကစားစိတ်ဓာတ်ရှိလာအောင် လေ့ကျင့်ပေးရတာပါပဲ။ နည်းပြမှာ အဲဒီအဓိကတာဝန်ကြီး ရှိနေပါတယ်။
(၃) ပရိသတ်
ပရိသတ်ဟာ ဝေဖန်ရေးဆရာပဲ။ ညံ့နေရင် ညံ့နေသလို၊ ခေါက်ဆွဲစားရင်စားသလို အော်မယ်၊ ဟစ်မယ်၊ ဆဲမယ်၊ ဆူမယ်။ ကိုယ့်အသင်းကိုယ်အားပေးတယ်ဆိုပေမယ့် ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာမဆို ရင့်ကျက်ယဉ်ကျေးတဲ့ ပရိသတ်ရှိပြီးသားပါ။ ကိုယ့်အသင်းက ညံ့လည်းညံ့၊ ညစ်လည်းညစ်ဆိုရင် အားပေးချင်လျက်နဲ့ ရှက်လို့ခေါင်းငုံ့နေကြမှာပဲ။ မြန်မာပရိသတ်ဟာ အဆင့်မြင့်ပါတယ်။ ဧည့်သည်အသင်းကို ပိုပြီး အားပေးရမယ်ဆိုတာကို သဘောပေါက်လောက်အောင် ယဉ်ကျေးမှုမြင့်တဲ့လူမျိုးပါ။ ဒိုင်လူကြီးတွေ တကယ်ညစ်နေကြတာတောင် အားကစားစိတ်ဓာတ်နဲ့ သည်းခံနေတတ်တဲ့အဖွဲ့ကို ပိုပြီး သဘောကျတတ်ကြသေးတယ်။
ကျွန်တော်တို့ငယ်ငယ်က အဖြစ်အပျက်တစ်ခု သတိရတယ်။ ကျွန်တော်တို့ကျောင်းနဲ့ တခြားကျောင်းတစ်ကျောင်း ကန်ကြတော့ ကျွန်တော်တို့အသင်းက ကစားသမားတစ်ယောက်ရဲ့အဖေက လိုက်လာတယ်။ ပွဲမစခင်မှာ အဲဒီပုဂ္ဂိုလ်က ကျွန်တော်တို့ကို ခင်ပြင်းပြင်းပြောတယ်။ ကိုယ့်အသင်းပဲ ကိုယ်အားပေးရမယ်တဲ့။ ဟိုဖက်အသင်းကို အားပေးရင်ဆွဲထိုးမယ်၊ ဖနောင့်စာကျွေးမယ်တဲ့။ တကယ်ကန်ကြတော့ ကျွန်တော်တို့အသင်းလည်း ကောင်းပါတယ်။ ဟိုဖက်အသင်းကလည်း ကောင်းပါတယ်။ ခက်တာက ဟိုလူကြီးရဲ့သား။ သူက ဗလအားကိုး။ ဘောလုံးလည်း သိပ်မကန်တတ်ဘူး။ တအားလည်းညစ်တယ်။ သိသိသာသာကော မသိမသာကော လူချတာ။ အဲဒါကို တစ်ဖက်အသင်းက ပါးပါးနပ်နပ်ရှောင်ပြီး ဂိုးသွင်းတာ တဒိုင်းဒိုင်းပဲ။ ကျွန်တော်တို့ဂိုးသမား (နောင်တော့ ဧရာဝတီတိုင်းလက်ရွေးစင် ဖြစ်သွားတဲ့ ထိပ်သီး ခေါ် မြင့်ဆွေ) အဖမ်းကောင်းလွန်းလို့သာ မဂိုးတာ။ ဟိုဖက်အသင်းကို ယောင်ပြီးလက်ခုပ်တီးမိရင် ဟိုလူကြီးက မျက်ထောင့်နီကြီးနဲ့ ကြည့်တော့တာပဲ။ ကြာတော့ ကျွန်တော်တို့တစ်တွေက ဘယ်အသင်းမှ အားမပေးဘဲ ဒီအတိုင်း ကျောခိုင်းထိုင်နေလိုက်ကြတယ်။ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးခွင့်မရရင် ကိုယ်မကြိုက်တဲ့အသင်းကိုလည်း စိတ်မပါဘဲ အားမပေးနိုင်ဘူးလေ။ ရှင်းပါတယ်။ ကျွန်တော်တို့မှာ ဒီလောက်တော့ အခွင့်အရေးရှိရမှာပေါ့။ ကြိုက်ချင်တာ မကြိုက်ရရင် နေလိုက်မယ်။ အတင်းကြိုက်ခိုင်းနေတာကို မကြိုက်ဘဲနေနိုင်ခွင့် ရှိရမှာပေါ့။
(၄) စည်းမျဉ်း
အားကစားနည်းတိုင်းမှာ စည်းမျဉ်းဆိုတာရှိတယ်။ စည်းမျဉ်းမရှိရင် ကစားလို့မရဘူး။ အဲဒီစည်းမျဉ်းဟာ နှစ်ဖက်နှစ်သင်းစလုံး လိုက်နာရမယ့် စည်းမျဉ်းဖြစ်ရမယ်။ ငါတို့အသင်းက Metal bar တွေနဲ့ကန်မယ်။ မင်းတို့အသင်းရဲ့ဖိနပ်ကတော့ ရော်ဘာဆူးပဲဖြစ်ရမယ်ဆိုတာမျိုး လုပ်လို့မရဘူး။ ငါတို့ဘာလုပ်လုပ် ဘာမှမဖြစ်ဘူး။ မင်းတို့ အင်္ကျီဆွဲရင်တောင် အနီကတ်ဆိုတာမျိုး လုပ်လို့မရဘူး။ ငါတို့က ကြိုက်သလောက် လူစားလဲမယ်။ မင်းတို့ကျတော့ သုံးယောက်ပဲလို့ လုပ်ခွင့်မရှိဘူး။
အဲဒီစည်းမျဉ်းကို Enforce လုပ်ဖို့က ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တွေရဲ့ တာဝန်ပဲ။ ပွဲတာဝန်ခံတွေရဲ့ တာဝန်ပဲ။ ကွင်းထဲမှာ ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကို နာခံရတာဟာ အားကစားသမားတွေရဲ့ တာဝန်ပဲ။ လုံးဝနာခံရမှာဖြစ်တယ်။ ကိုယ့်သိက္ခာကိုယ် မရိုသေတဲ့၊ အရှက်ကင်းတဲ့ ဒိုင်လူကြီးမျိုးကတော့ ဘက်လိုက်မှာပဲ။ ဥပဒေဘောင်အတွင်းက အာဏာပြပြီး ဒုက္ခပေးမှာပဲ။ သို့သော် ဒီပွဲမှာ ၀င်ကစားပြီဆိုမှတော့ ဒိုင်လူကြီးဆုံးဖြတ်သမျှ လက်ခံဖို့တာဝန်ရှိသွားပြီ။ မကြိုက်ရင် အစကတည်းက ၀င်မပြိုင်နဲ့။ ရှင်းပါတယ်။
ဒိုင်လူကြီးမတရားရင် အဖွဲ့ချုပ်က အရေးယူလိမ့်မယ်။ တစ်ဖက်အသင်းနဲ့ပင်းပြီး ပွဲကို အကြံအဖန်လုပ်ရင် ၀ိုင်းရိုက်တာ ခံရနိုင်တယ်။ ကိုလံဘီယာလို နိုင်ငံမျိုးဆိုရင် ခေါက်ဆွဲစားတဲ့ ကွင်းလယ်ဒိုင်ကို သတ်ပစ်ကြတာ။ မတရားတဲ့ဒိုင်ကို ဘောလုံးအဖွဲ့ချုပ်ကလည်း ကြည့်မနေပါဘူး။
(၅) ကွင်း
ရပ်ကွက်ဘောလုံးပြိုင်ပွဲဆိုပါစို့။ ကစားသမား ၂၂ ဦးရယ်၊ ဒိုင်လူကြီး ၃ ယောက်ရယ်ပဲ ကွင်းထဲဝင်။ ကျန်တဲ့လူတစ်ယောက်မှ မ၀င်နဲ့ဆိုပြီး ကွင်းကိုအလုံပိတ်၊ နံရံတွေပတ်ပတ်လည်ကာပြီး ဘောကန်ကြမယ်ဆိုပါတော့။ သူတို့ဟာသူတို့ ပိုက်ဆံစုပြီး ချိန်းပွဲကန်တာမျိုးဆိုရင် ဘာအရေးလဲ။ အခုဟာက မြို့နယ်ဒိုင်း။ မြို့နယ်လူထုရဲ့ အလှူငွေတွေနဲ့ လုပ်ထားတဲ့ဒိုင်းကို ပေးမယ့်ပွဲ။ ကွင်းထဲဝင်မယ့် ၂၅ ယောက်ကပဲ အဓိကကျတယ်လို့ ပြောတာတော့ ငြင်းစရာမရှိဘူး။ သို့သော် မြို့နယ်လူထုရဲ့ပွဲမှာ မြို့နယ်လူထုရဲ့ အားပေးမှု၊ ဝေဖန်မှုတွေကကော အဓိကမကျဘူးတဲ့လား။
Player ဆိုတာ Intrinsic ကိစ္စပါ။ နီးသောအကြောင်းပေါ့လေ။ သို့သော် အခြံအရံအကြောင်းတွေဖြစ်တဲ့ Extrinsic Factors တွေကို လျစ်လျူရှုလို့မရပါဘူး။ မဲပေးနိုင်သူ သန်း ၃၀ အတွက် လွှတ်တော်ကိုယ်စားလှယ် ၄၄၀ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အတွက် လူ ၇၅၀၀၀ လောက်က မဲပေးကြရမှာ။ လူထုရွေးချယ်ပွဲကိုး။ အဲဒီမှာ ၄၄၀ ကပဲ အဓိကကျပြီး သန်း ၃၀ က အဓိကမကျဘူး ဆိုတာမျိုးကိုတော့ ကျွန်တော်နားမလည်နိုင်ပါဘူး။
Thursday, November 19, 2009
ကွင်းထဲက ၂၅ ယောက်အပြင် - ကျော်စောမင်း
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 7:10 AM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment