ဖြစ်စဉ်သစ်
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲသည် တပ်မတော်အစိုးရက ချမှတ်ထားသောလမ်းပြမြေပုံ၏ နိဂုံပိုင်းဖြစ်လေရာ ဤရွေးကောက်ပွဲအပြီး၌ ဒုတိယလမ်းပြမြေပုံကို နောက်ထပ်ချမှတ်ရန် မလိုကြောင်း စာရေးသူအမြင်ကို ရေးသားခဲ့သည်။ ဤသို့ ဒုတိယလမ်းပြမြေပုံ အဘယ်ကြောင့် မလိုအပ်ကြောင်းနှင့် ပတ်သက်၍ ဖော်ပြမည့်အကြောင်းပြချက်များ၌ ပထမအကြောင်းပြချက်သည် သမိုင်းဒဿနဆန်သည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သည် အစီအစဉ်အတိုင်း ဖြစ်ခြင်းမရှိ။ Non-linear process ဟု ခေါ်သည်။ အစီအစဉ်အတိုင်း မဖြစ်ခဲ့သည့် သဘာဝကို လမ်းပြမြေပုံဖြင့် အစီအစဉ်အတိုင်း တည့်မတ်ပေးလိုက်ပြီဖြစ်သည်။
ထို့ကြောင့် မိမိတည့်မိတ်ပေးလိုက်သော ဖြစ်စဉ်သစ်အား ကိုယ့်လမ်းကိုယ် အလိုအလျောက်သွားနိုင်ရန် အခွင့်အရေးပေးထားသင့်သည်။ Spontaniety ကို လမ်းဖွင့်ပေးသင့်သည်။ ဘ၀တစ်လျှောက်လုံး လမ်းပြမြေပုံနှင့် နေရမည်ဟုဆိုလျှင် သဘာဝကျစရာမရှိ။ လမ်းပြမြေပုံအမော Road Map Fatigue ပေါ်မည်။ ထို့အပြင် အလိုအလျောက်ပေါ်သောလမ်း လျှောက်ကြလို့လည်း ဘာမျှစိုးရိမ်စရာမရှိ။ အကြောင်းမှာ အနာဂတ်၏ နိုင်ငံရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လမ်းညွှန်ဒီမိုကရေစီက ရှိပြီးဖြစ်နေသောကြောင့် ဖြစ်သည်။
အီလစ်တစ်ခြမ်း
ထို့အပြင် လက်ရှိခေါင်းဆောင်မှုသည် မိမိရင်ဆိုင်နေရသော ခေတ်အတွက်သာ တာဝန်ခံစဉ်းစားသင့်သည်။ အနာဂတ်တမျှော်တခေါ်ကြီးအတွက်ပါ အရှည်ကြီးဆန့်ပြီး တွေးပူခြင်းသည် ပညာခေတ်ကိုလည်းကောင်း၊ မျိုးဆက်သစ်တို့ကိုလည်းကောင်း လျှော့တွက်ရာရောက်သည်။ ပညာခေတ်၌ အမြော်အမြင်သည် အကန့်အသတ်ရှိသည်။ မည်သူမျှ အကြွင်းမဲ့၊ ကာလမဲ့၊ လောကအလုံးစုံအတွက် မတွေးနိုင်တော့ပေ။ မဟာတွေးခေါ်ရှင်များခေတ်၊ မဟာခေါင်းဆောင်များခေတ်၊ မဟာလူသားခေတ်တို့ ကုန်နေပြီ။ မဟာအိုင်ဒီယာ၊ မဟာအိုင်ဒီအိုလိုဂျီတို့ခေတ်လည်း ကုန်နေပြီ။
မြန်မာ့နိုင်ငံရေးသည် အစီအစဉ် အပြတ်အတောက်တို့ဖြင့် ရှုပ်ထွေးခဲ့သဖြင့် ပါတီစုံစနစ်သည် ပြိုလဲနေသည်။ အမည်ခံသာရှိသည်။ သဘောမှာ မြန်မာ့နိုင်ငံရေးတွင် "နိုင်ငံရေးအီလစ်" ဟူ၍ မရှိပေ။ မကြာမီ ပါတီစုံစနစ်ပေါ်လာမည် ဖြစ်သော်လည်း နိုင်ငံရေးအီလစ်ဟူ၍ ရှိမည်မဟုတ်သေးပေ။ ပါတီနိုင်ငံရေးဖြစ်စဉ်သည် အခွင့်မသာသဖြင့် အီလစ်ဆိုပြီး မပေါ်ခြင်းဖြစ်သည်။
ဖိအား
နိုင်ငံရေးပါတီတို့ပိုင်း၌ အီလစ်မရှိစေကာမူ စ်ဘက်ပိုင်း၌ အီလစ်ရှိသည်။ ထို့ကြောင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပုံသဏ္ဍာန်သည် တစ်ဖက်၌ အီလစ်ရှိ၍ အခြားတစ်ဖက်၌ အီလစ်မရှိသည့် ဆက်ဆံရေးမျိုးဖြစ်သည်။ ဤအချက်သည်ကပင် စစ်ဘက်က ပါဝင်ပတ်သက်သော မြန်မာ့နိုင်ငံရေး၏ ၀ိသေသတစ်ပါး ဖြစ်နေသည်။ အီလစ်ဆိုသည်မှာ အထက်လွှာကို ရည်ညွှန်းသည်။
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီများ ဥပဒေဖြင့် နိုင်ငံရေးပါတီစုံ ပေါ်လာမည်ဖြစ်သော်လည်း ထိုအထဲမှ နိုင်ငံရေးအီလစ်တွေပေါ်မည်ဟု မဆိုနိုင်ပေ။ အီလစ်ဆိုသည်မှာ အာဏာကိုရယူ၍ အာဏာကို စီမံခန့်ခွဲဖူးခြင်းကို ရည်ညွှန်းသည်။
အထိရောက်ဆုံးဖိုရမ်
ပါတီစုံစနစ်ပေါ်ထွန်းလာသည့်နှင့် နိုင်ငံရေးအီလစ်တွေ ချက်ချင်းပေါ်လာနိုင်ဦးမည် မဟုတ်သေးပေ။ ရွေးကောက်ပွဲအပြီး လွှတ်တော်များပေါ်လာအပြီးကျမှ ပေါ်လာစရာရှိသည်။ သဘောမှာ ရွေးကောက်ပွဲနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးတို့ကသာ နိုင်ငံရေးအီလစ်တို့ကို အချိန်ယူပြီး မွေးထုတ်လိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပြီးကာလ၌ နိုင်ငံရေးပုံသဏ္ဍာန်နှစ်မျိုး ပေါ်လာနိုင်သည်။ ပထမပုံသဏ္ဍာန်သည် နိုင်ငံရေးအပေးအယူ ဈေးဆစ်မှုတို့ကို လွှတ်တော်အတွင်း၌ ပြုလုပ်ကြခြင်းဖြစ်သည်။ Political deal in Parliament ဟု ဆိုသည်။ ဒုတိယပုံသဏ္ဍာန်သည် ထိုင်း၌ ခေတ်စားလာသော လမ်းပေါ်နိုင်ငံရေး Street Politics ဖြစ်သည်။ လွှတ်တော်အတွင်း၌ ပြဿနာရှင်းလို့မရလျှင် လမ်းပေါ်ထွက်ဆန္ဒပြသည်။
ထို့ကြောင့် သင်ခန်းစာယူလျှင် မြန်မာ့နိုင်ငံရေးတွင် လွှတ်တော်တို့သည်သာ ပြဿနာတို့ကို ဖြေရှင်းပေးနိုင်သော အထိရောက်ဆုံး ဖိုရမ်ဖြစ်ထိုက်သည်။ လွှတ်တော်နည်းကိုသာ ဗဟိုချက်တည်သင့်ကြသည်။
၂၈-၁၁-၂၀၀၉
No comments:
Post a Comment