Sunday, December 06, 2009

ရာသီပေါ်တုပ်ကွေးရောဂါ - MHA


မြန်မာနိုင်ငံမှာ ကြက်တုပ်ကွေးရောဂါ၊ A/H1N1 လို့ခေါ်တဲ့ ကမ္ဘာ့လူတုပ်ကွေးရောဂါ စတဲ့ရောဂါတွေ ဖြစ်ပွားခဲ့တာကို ဂရုပြုသတိထားဖို့ လိုအပ်သလိုပဲ အခုလို မိုးအကုန်ဆောင်းအကူး ရာသီအပြောင်းအလဲမှာ အပူအအေး မမျှတတာကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ရိုးရိုးရာသီပေါ်တုပ်ကွေးရောဂါ မဖြစ်ပွားရအောင်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လတ်တလော ကလေးရော လူကြီးအတော်များများမှာပါ ဖြစ်ပွားနေတဲ့ ရိုးရိုးရာသီပေါ်တုပ်ကွေးမျိုး မဖြစ်ပွားရအောင် တုပ်ကွေးလက္ခဏာတွေနဲ့ ဘယ်လိုကြိုတင် ကာကွယ်သင့်သလဲဆိုတာ ဆရာဝန်ကြီးတွေရဲ့ ပြောပြချက်ရော ဒီတုပ်ကွေးခံစားခဲ့ရတဲ့ လူတချို့ရဲ့ ပြောပြချက်တွေထဲက တချို့ကို ကြိုတင်ကာကွယ်လို့ရအောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။

လက္ခဏာ

  • ဒီတုပ်ကွေးက စစချင်း မဖျားမနာဘဲ ကိုယ်လက်တွေ တဆစ်ဆစ်နဲ့ ကိုက်ခဲရမယ်။
  • နောက် ခေါင်းကိုက်လာမယ်။ ဖျားလာမယ်။ ရိုးရိုးဖျားနာတာထက်ကို ပိုပြီး ကိုယ်အပူချိန် မြင့်လာမယ်။ ညဖက်ဆို ပိုပြီး အပူကြီးတတ်ပါတယ်။
  • ဖျားတာ သုံးလေးရက်လောက်ကြာလာရင် တစ်ကိုယ်လုံး မျက်နှာပါမကျန် အနီစက်လေးတွေ ထွက်လာတတ်ပါတယ်။
  • ပထမ ခပ်ဖျော့ဖျော့ အနီစက်ကလေးတွေကနေ နောက်နေ့တွေမှာ အနီရဲရဲအစက်လေးတွေထွက်ပြီး အဖျားလည်းကြီးတတ်ပါတယ်။
  • ဆေးထိုး၊ ဆေးသောက်ပေမယ့် တစ်ပတ်လောက်နီးပါး ဖျားနာတတ်တယ်။ ကိုယ်အပူချိန်ကျပြီး အဖျားမရှိတော့ပေမယ့်လည်း ကိုယ်လက်နာကျင်ကိုက်ခဲနေတတ်ပါသေးတယ်။
ကလေးတွေမှာ ဒီတုပ်ကွေးဖြစ်ပွားရင် ရိုးရိုးတုပ်ကွေးပေမယ့် ဂရုမစိုက်မိရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်လို့ အထူးဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေလည်း ဂရုစိုက်နေထိုင်သင့်ပါတယ်။

ကာကွယ်နည်း
  • အရေးအကြီးဆုံးကတော့ ကိုယ်ခံအားကောင်းအောင် တစ်ရက်ကို ရှစ်နာရီလောက် အိပ်ရေး၀၀အိပ်ဖို့၊ ဗီတာမင်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေ မျှတစွာစားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဂရုစိုက်လုပ်ဆောင်ဖို့၊ ရေများများသောက်ဖို့တွေကို ဂရုစိုက်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
  • ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေထဲမှာ တုပ်ကွေးဖြစ်ပွားတဲ့လူရှိရင် အဲဒီလူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖြစ်နိုင်မယ်ဆိုရင် သီးသန့်သုံးသင့်ပါတယ်။ ပြီးတော့ ဖြစ်နိုင်ရင် ခပ်ဝေးဝေးမှာ နေသင့်ပါတယ်။
  • တကယ်လို့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပူနေတယ်။ ဒါမှမဟုတ် ဖျားနေပြီလို့ထင်ရင် ကိုယ်ဘာသာကိုယ် ဆေးမြီးတိုနဲ့ မကုသမိဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ နီးစပ်ရာဆေးခန်းတစ်ခုခုမှာ သွားပြပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးသောက်သုံးဖို့က အရေးအကြီးဆုံးပါ။
ရိုးရိုးရာသီပေါ်တုပ်ကွေးဖြစ်လို့ သိပ်စိုးရိမ်စရာမလိုပေမယ့် ဒီတုပ်ကွေးက ကိုယ်ခန္ဓာမှာ အနီစက်ကလေးတွေ ထွက်တတ်လို့ သွေးလွန်တုပ်ကွေးနဲ့ ဆင်တူမှားယွင်းမှုလည်း မဖြစ်နိုင်အောင် ရိုးရိုးဖျားနာတာ ဆရာဝန်ပြစရာမလိုဘူးလို့ မယူဆဘဲ နီးစပ်ရာ ဆေးပေးခန်းတစ်ခုခုကို သွားပြဖို့ တိုက်တွန်းလိုပါတယ်။

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics