Tuesday, December 15, 2009

ခရစ္စမတ်ရာသီတွင် ပန်းနာရင်ကျပ်ရှိသူအား ဒုက္ခပေးနိုင်သောအရာများ


ခရစ္စမတ်ကာလဟာ ပွဲတော်ကာလဖြစ်တဲ့အတွက် လူအများက ဆင်နွှဲဖို့ အားခဲထားကြပါတယ်။ အကယ်၍ သင်ဟာ ပန်းနာရင်ကျပ်ရှိသူတစ်ယောက် ဖြစ်ရင်တော့ အနည်းငယ်သတိထားရပါမယ်။

ခရစ္စမတ်သစ်ပင်များ (ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ မှိုများ)၊ အိမ်တွင်းအလှဆင်ပစ္စည်းများ
ခရစ္စမတ်သစ်ပင်အစစ်များဟာ ပန်းဝတ်မှုန်တွေကို ထုတ်လွှတ်ပေးတဲ့အတွက် ပန်းနာသမားအဖို့ အန္တရာယ်ရှိနိုင်ပါတယ်။ ဆိုက်ပရပ်စ်မျိုးစုဝင် သစ်ပင်တွေနဲ့ ထင်းရှူးအနွယ်ဝင် သစ်ပင်တွေဟာ ပန်းဝတ်မှုန်တွေ အများဆုံးထုတ်ပေးတဲ့ အပင်တွေဖြစ်ပါတယ်။ ပန်းနာထအောင် တိုက်ခိုက်တဲ့နေရာမှာ အန္တရာယ်ကြီးတဲ့ ဖုန်မှုန့်နဲ့ မှိုတွေကပ်ငြိ ခိုအောင်းနိုင်တဲ့ ခရစ္စမတ်သစ်ပင်အတုတွေဟာလည်း ပန်းနာသမားကို အန္တရာယ်ပေးနိုင်ပါတယ်။ ယခင်နှစ်က ထုပ်ပိုးသိမ်းဆည်းထားတဲ့ ခရစ္စမတ်သစ်ပင် အတုတွေကို သေတ္တာထဲကထုတ်ယူပြီး ပက်ကင်ခွာတာတွေကို အိမ်အပြင်မှာလုပ်ပါ။ ခရစ္စမတ်သစ်ပင်တွေနဲ့ အိမ်တွင်းအလှဆင်ပစ္စည်းတွေကိ ဖုန်စုပ်စက်နဲ့ စုပ်ပါ။ ရေဆေးကြောသင့်တာ ဆေးကြောပါ။ ပြီးရင် လက်ကိုပါ ရေဆေးပါ။

ရေမွှေးဖယောင်းတိုင်များ
ခရစ္စမတ်ကာလမှာ လက်ဆောင်ပေးဖို့နဲ့ အိမ်တွင်းမှာ အလှဆင်ထွန်းညှိဖို့ မွှေးသောရနံ့ပါတဲ့ ဖယောင်းတိုင်တွေဟာ ခေတ်စားပါတယ်။ အဲဒီထဲမှာ ပါဝင်တဲ့ ရနံ့ကြောင့် ပန်းနာရင်ကျပ်ထတတ်လို့ ရနံ့မပါတဲ့ ဖယောင်းတိုင်တွေကိုသာ ရွေးချယ်ထွန်းညှိပါ။

စိတ်ခံစားမှုများ
ခရစ္စမတ်ဟာ များစွာသော စိတ်ခံစားမှုတွေပါဝင်တဲ့ ကာလဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ ရာသီဖြစ်သလို အဲဒီကာလမှာ ဒီတစ်နှစ်အတွင်းမှာ ပြီးအောင်လက်စသတ်ရမယ့် အရာတွေကို ရင်ဆိုင်ဖြေရှင်းပြီး လက်စသတ်နေရတာကြောင့် ဖိအားတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေဟာ ပန်းနာရင်ကျပ်သမားကို ဒုက္ခပေးနိုင်တဲ့ အချက်တွေဖြစ်သလို ပြင်းထန်တဲ့ စိတ်ခံစားမှုတွေဖြစ်တဲ့ စိတ်လှုပ်ရှားစွာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ခြင်း (yelling)၊ ငိုကြွေးခြင်းနှင့် ရယ်မောခြင်းစတဲ့ အရာတွေကလည်း သင့်ရဲ့ ပန်းနာရင်ကျပ်ကို နိုးကြားထကြွလာဖို့ အန္တရာယ်ပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ခရစ္စမတ်ကာလမှာ ပန်းနာရင်ကျပ်ခြင်းကို နှိုးဆွပေးနိုင်တဲ့ အန္တရာယ်အခွင့်အလမ်းတွေကို လျှော့ချပါ။ ဖြစ်လာရင် သင်သောက်ရမယ့် ဆေးတွေကို ကြိုပြီးဆောင်ထားပါ။ သင့်ရဲ့ ဆရာဝန်နှင့်လည်း တိုင်ပင်ဆွေးနွေးမေးမြန်းထားပါ။

ခိုင်မွန်ကျော်
Source: Medicalnewstoday.com

(Health Digest ဂျာနယ် အတွဲ ၇၊ အမှတ်၁၀ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics