Thursday, December 17, 2009

ကျွန်တော်ကြည့်ခဲ့ရသော နောက်ဆုံးကျော်ဟိန်း (ဗီဒီယို)


ဇာတ်လမ်းအမည် - နောက်ဆုံးကျော်ဟိန်း
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - ခင်ခင်ခ

မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဗီဒီယိုခွေငှားဆိုင်လေးကို မနေ့ညနေက ရောက်ဖြစ်ပါတယ်။ ဘာခွေအသစ်ရှိလဲဆိုတော့ နောက်ဆုံးကျော်ဟိန်းဆိုတာ ရှိတယ်တဲ့။ နည်းနည်းတော့ ဇဝေဇ၀ါဖြစ်သွားတယ်။ ကျော်ဟိန်းများစာအုပ်က မကြာသေးခင်ကမှ ထုတ်ထားတယ်။ အဲဒီစာအုပ်နဲ့အတူ ဗီစီဒီတစ်ချပ်လည်းပါတယ်လို့ ဖတ်ထားဖူးတယ်။ အဲဒီအခွေကိုများ ကော်ပီကူးပြီး အငှားဈေးကွက်မှာ လုပ်စားထားကြသလားလို့ပါ။ သေချာအောင် ထပ်မေးရတယ်။ သီးသန့်ထွက်တဲ့အခွေလားဆိုတော့ ဟုတ်တယ်တဲ့။ ကိုယ်စားလှယ်ဆီက ဒီနေ့မှထွက်တဲ့ အခွေလို့ ပြောပါတယ်။ ဇာတ်လမ်းရောဟုတ်လားလို့မေးတော့ ဘယ်လိုကြီးမှန်းမသိဘူးတဲ့။ ဗီဒီယိုဇာတ်ကားတွေလိုမျိုးတော့ မဟုတ်ဘူးတဲ့။ ကျွန်တော်သဘောပေါက်လိုက်တယ်။ အဲဒါကြောင့်သာ အသစ်ထွက်တဲ့နေ့မှာပဲ အငှားဆိုင်မှာ အဲဒီအခွေကို ကျွန်တော်မြင်ခွင့်ရတာပါ။ မဟုတ်ရင် ညနေပိုင်းအစောကြီးကတည်းက အလျှိုလျှိုငှားသွားကြလို့ နောက်တစ်ရက်နှစ်ရက်မှသာ ကြည့်ရတတ်တာမျိုး။ အခုတော့ ဘယ်သူမှလည်း ငှားကြည့်ကြပုံမပေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျော်ဟိန်း ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းကြောင့် အဲဒီအခွေကို လိုလိုချင်ချင်ကို ငှားလာခဲ့ပါတယ်။ ၀မ်းသာအားရနဲ့ ယူသွားတဲ့ ကျွန်တော့်ကိုကြည့်ပြီး အခွေဆိုင်က အမျိုးသမီးကြီးကတော့ အံ့သြမှုတွေနဲ့ ကျန်ခဲ့တာပေါ့ဗျာ။

အကျဉ်းပြောရရင် ဒီအခွေဟာ ကျော်ဟိန်းအနေနဲ့ အနုပညာလောကကနေ နုတ်ထွက်တော့မယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်း သူကြုံတွေ့ရတာတွေ၊ စာနယ်ဇင်းတွေ့ဆုံပွဲလုပ်ခဲ့တာတွေ၊ အမြို့မြို့အနယ်နယ်ကို လှည့်လည်ပြီး နှုတ်ဆက်ပွဲတွေလုပ်ခဲ့တာတွေကို စုစည်းပြီး မှတ်တမ်းလုပ်ထားတဲ့ မှတ်တမ်းခွေသက်သက်သာ ဖြစ်ပါတယ်။ လူတိုင်းကြိုက်ချင်မှ ကြိုက်မှာဖြစ်ပေမယ့် လူတစ်ယောက်အတွက်တော့ တကယ့်ကို  အဖိုးမဖြတ်နိုင်တဲ့ သမိုင်းမှတ်တမ်းတစ်ခုပါပဲ။

နောက်ဆုံးကျော်ဟိန်းကိုကြည့်ပြီး ကျွန်တော်တွေးမိတာတွေ၊ မြင်မိတာလေးတွေကို ပြောဦးမယ်။

(၁)
ပထမဆုံးအနေနဲ့ ကျော်ဟိန်းမို့သာ ဒီအခွေမျိုး ဒီလိုထုတ်ဖြစ်တယ်လို့ မြင်မိတယ်။ ကျော်ဟိန်းပြောတဲ့ စကားနဲ့ပြောရရင် ကျွန်တော်က ကျော်ဟိန်းမလို့ပဲ ဆိုသလိုပါပဲ။

(၂)
စစချင်းအဖွင့်မှာ သူ့ရဲ့နောက်ဆုံးဖျော်ဖြေပွဲအခွေထွက်တော့ ပါခဲ့တဲ့ ကျော်ဟိန်းဒဿနသီချင်းကို စပြတယ်။ သီချင်းလို့သာ ဆိုရတာပါ။ ကျော်ဟိန်းက သူပြောချင်တဲ့ ဒဿနတွေကို သူပြောချင်သလို စကားပြောနဲ့ ပြောသွားတာပါ။ သူက သီချင်းဆိုတော့လည်း သီချင်းပေါ့ဗျာ။ အမှတ်ထင်ဖြစ်စေမယ့် စာသားတွေကတော့
သိတယ်… သေမယ့်နေ့အထိ ပြင်ဆင်ထားတယ်
သေမင်းကိုတွေ့ရင် ပြောစရာစကားတွေ အများကြီးရှိတယ်၊ …….. အဲဒီဘဲကြီးသိအောင် ပြောပြရမယ်
ငါဟာ လူတော့လူပဲ၊ ဒါပေမယ့် အဓိပ္ပါယ်ရှိတဲ့လူဖြစ်အောင် ငါလုပ်ခဲ့တာတွေ၊ …………..
သေမင်းကိုကြောက်စရာမလိုဘူး… သေမင်းဆိုတာ ငါတို့အားလုံးရဲ့ ဘော်ဒါကြီး

(၃)
တစ်နိုင်ငံလုံးအနှံ့သွားခဲ့တာတွေကို ရိုက်ပြထားတဲ့အတွက် မြို့အတော်များများကို တီဗီရှေ့မှာထိုင်နေရင်း ရောက်သွားခဲ့ရတယ်။ မြို့အ၀င်ဆိုင်းဘုတ်၊ အဲဒီမြို့ပတ်ဝန်းကျင် အနေအထားတွေကို မြည်းစမ်းကြည့်ခွင့် ရခဲ့တယ်။ တစ်ချို့သော မြို့နာမည်တွေဆိုရင် ကျွန်တော်မကြားဖူးသေးတဲ့ နာမည်တွေပါ။

(၄)
Sunday Talk ဆိုတဲ့ အစီအစဉ်ကို ကျွန်တော်မကြည့်ဖူးပါဘူး။ ဘယ်လိုအစီအစဉ်မျိုးလည်း ဆိုတာကိုလည်း သေချာမသိပါဘူး။ ဒါပေမယ့် ကျော်ဟိန်းနဲ့ ဆန်းဒေးတော့လ်ခ်ကနှစ်ယောက် တွေ့ဆုံတဲ့အစီအစဉ်ကို ဒီအခွေမှာ ကြည့်လိုက်ရတယ်။ ဆရာမျိုးမြတ်သူနဲ့ ကိုကို(စက်မှု)လို့ ထင်ပါတယ်။ အဲဒီအခန်းကို ကြည့်ပြီးတဲ့အချိန်မှာ ဆန်းဒေးတော့လ်ခ်က ပုဂ္ဂိုလ်တွေက ကျော်ဟိန်းကိုခေါ်ပြီး ဆွေးနွေးတာလား၊ ကျော်ဟိန်းက ဆန်းဒေးတော့လ်ခ်ကို သွားပြီး တရားဟောတာလားဆိုတာကို တွေးနေမိတယ်။ အဲဒီလိုအစီအစဉ်ကို တင်ဆက်တဲ့သူတွေဆိုတာ ဘယ်လိုလူမျိုးနဲ့ပဲတွေ့တွေ့ ပြောတဲ့ကဏ္ဍနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် နှံ့နှံ့စပ်စပ် သိပြီးသား ဖြစ်နေသင့်တယ်လို့ မြင်မိတယ်။ အခုဟာမြင်ရတာ သူတို့ကိုယ်တိုင်က ကျော်ဟိန်းကို ရှိန်နေသလားလို့ပါ။

(၅)
အနယ်နယ်အရပ်ရပ်က ပရိသတ်တွေနဲ့ တွေ့တဲ့အခါမှာ သူ့မျက်နှာလေးပြပြီး လာနှုတ်ဆက်တဲ့အကြောင်း၊ အနုပညာကာလတစ်လျှောက်လုံး ပရိသတ်တွေဆီက ပိုက်ဆံတွေကို သူယူထားရတာ အားနာကြောင်း၊ အဲဒီအတွက် အခုလို လာရောက်နှုတ်ဆက်ခြင်းဖြစ်ကြောင်း ပြောတဲ့စကားတွေကိုတော့ နည်းနည်းစဉ်းစားနေမိတယ်။ စင်ပေါ်ရောက်ရင်တော့ မိုက်ကိုင်တဲ့လူက ဘုရင်ပါပဲလေ။

(၆)
သားကြီး
ငါကိုယ်တိုင် မွေးခဲ့တဲ့မင်းကို
ဘယ်သူသတ်သွားတာလဲ
ကျော်ဟိန်း
ဆိုတဲ့ စာတမ်းကို ရိုက်ပြတာကိုတွေ့ရတော့ တစ်ခုခုကိုများ သိနေသလား၊ တစ်ခုခုကိုများ မကျေနပ်နေသလားလို့  တွေးနေမိတယ်။

(၇)
အကြွေစောတယ်ဘာတယ်လုပ်မနေနဲ့၊ အဲဒီလူကို နဂိုကတည်းက တန်းဖိုးထားတယ်ဆိုရင် မသေခင်ကတည်းက ထိန်းသိမ်းကြ ဆိုတဲ့စကားကိုတော့ ကျွန်တော့်မှတ်စုထဲမှာ မှတ်မှတ်ထင်ထင်ကို ကူးယူထားလိုက်တယ်။

(၈)
စာနယ်ဇင်းတွေ့ဆုံပွဲတွေကို ကြည့်မိတဲ့အခါ အတော်ကြီးကို အံ့သြသွားတယ်။ စာနယ်ဇင်းကလူတွေကိုဖိတ်ပြီး သူပြောချင်ရာတွေပြော၊ သူဆုံးမချင်တာတွေ ခေါ်ဆုံးမတာလို့ပဲ နားလည်တယ်။ အဲဒါကိုပဲ စာနယ်ဇင်းသမားတွေက ခေါင်းတွေတညိတ်ညိတ် ဖြစ်နေတာမြင်ရတော့ ဘယ်လိုကြီး နားလည်ရမှန်းမသိဘူး။

(၉)
စာနယ်ဇင်းတွေမှာ ကျော်ဟိန်းနဲ့ပတ်သက်လို့ ရေးထားသမျှ စာတွေကို ကူးယူထားပြီး ပြထားတာတွေကို တွေ့ရတယ်။ ဖတ်မိသမျှကလည်း မကောင်းတဲ့အကြောင်းတွေချည်းပဲ။ အဲဒီလောက် မကောင်းရေးထားတာတောင် ဟိုလူကလည်း ကိုကျော်၊ ဒီလူကလည်း ကိုကျော် ဖြစ်နေတာကလည်း ထူးခြားချက်များလား မသိပါဘူး။

(၁၀)
တစ်နိုင်ငံလုံးကိုလိုက်ပြီး စိတ်ကိုကုသပေးမယ်ဆိုတာကို စိတ်ဝင်စားမိတယ်။ အခုသူလုပ်နေတဲ့အလုပ်ကိုပဲ သာမန်လူတစ်ယောက် လုပ်ရင်ရော အဲဒီလိုဖြစ်မလား၊ အခြားသော သံဃာတော်တစ်ပါးက ဆောင်ရွက်ရင်ကော အဆင်ပြေမလားလို့ တွေးနေမိတယ်။ သေချာတာကတော့ လူအများစုက ကျော်ဟိန်းပြောတာဆိုတဲ့စိတ်နဲ့ နားထောင်ကြမှာပါ။ ဦးဇင်းကြီးဆိုတာကို မြင်ကြမှာမဟုတ်ပါဘူး။

ဘာပဲပြောပြော အနုပညာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ပရိသတ်တွေကို အမျိုးမျိုး ဖမ်းစားခဲ့သလို အနုပညာက အနားယူသွားတော့လည်း အားလုံးကို အလုပ်ရှုပ်အောင်လုပ်နိုင်နေဆဲဖြစ်တဲ့ ကျော်ဟိန်းကို အသိအမှတ်ပြုမိတာ အမှန်ပါပဲ။ ထိုက်တန်တဲ့ ပေးဆပ်မှုတွေရှိခဲ့လို့သာ အခုလို အောင်မြင်ခဲ့တယ်ဆိုတာကို နားလည်ပါတယ်။ မင်းသားကြီးကျော်ဟိန်းကို လုံးဝကို လေးစားတယ်၊ လုံးဝကို အသိအမှတ်ပြုတယ်။

ဒါပေမယ့် ဦးဇင်းကြီးအနေနဲ့လည်း မှန်ကန်တဲ့ လမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းပြီး မိမိလုပ်ချင်တဲ့အရာကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးရင်းသာ…..။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရေး၍
ဒီဇင်ဘာလ ၁၇ ရက်၊ ကြာသပတေးနေ့
နံနက် ၀ နာရီ ၂၂ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics