စုတ်ချက် (၁)
"တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး" ဆိုတဲ့စကားကို ကြားဖူးတယ်။ ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်တွေပြောင်းတတ်တယ်လို့ ဆိုချင်တယ်ထင်တာပဲ။ ငယ်ငယ်တုန်းက ဖတ်စာစာအုပ်ထဲမှာလည်း "ကျေးညီနောင်" ပုံပြင်ကို သင်ခဲ့ရဖူုးတယ်။ ခိုးသားဓားပြတွေကြားထဲရောက်သွားတဲ့ ကျေးသူငယ်ဟာ ဘယ်လိုဖြစ်သွားတယ်၊ ရသေ့ရဟန်းတွေကြား ရောက်သွားတဲ့ကျေးသူငယ်ဟာ ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့အကြောင်း ကျက်အံခဲ့ရဖူးတယ်။ ဟော… အသက်ကလေးတွေရလာတော့ ကျွန်တော်ကိုယ်တိုင်လည်း ကျေးသားတစ်ကောင် ဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်။ ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်တွေပြောင်းလာလိုက်တာ ကိုယ့်ရဲ့မူလအရောင်ဟာ ဘာလဲဆိုတာတောင် ဇဝေဇ၀ါနဲ့ ပြန်စဉ်းစားရတဲ့အခြေအနေကို ရောက်နေရပြီ။ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော်နဲ့ ခရီးဆက်လာလိုက်တာ ဘ၀ခရီးလမ်းတစ်လျှောက် ဖြတ်လာခဲ့တဲ့ မိုင်တိုင်တွေတောင် ၃၀ ပြည့်တော့မယ်။ ဖြတ်သန်းလာရတဲ့ လမ်းတစ်လျှောက်မှာ ပန်းပွင့်လေးတွေကိုလည်း မြင်ခဲ့ရတယ်၊ ကျေးငှက်ကလေးတွေ တေးဆိုတာကိုလည်း ကြားခဲ့ရတယ်၊ လူမြင်တာနဲ့ လိုက်ကိုက်တတ်တဲ့ ခွေးတွေရန်ကလည်း လွတ်အောင်ပြေးခဲ့ရတယ်၊ ကိုယ်ဘာပြောပြော ကိုယ့်ကို သံယောင်လိုက်ပြီး ပြန်အော်တတ်တဲ့ ငှက်တွေနဲ့လည်း ကြုံခဲ့ရဖူးတယ်၊ မြက်ခင်းစိမ်းစိမ်းတွေကို ဖြတ်သန်းခဲ့ရသလို ခယောင်းလမ်းတွေလည်း ကျော်ဖြတ်ခဲ့ရတယ်၊ သစ်ရိပ်ဝါးရိပ်တွေမှာ အရိပ်ခိုခဲ့ရသလို ကန္တာရလမ်းမှာလည်း ယောင်လည်လည်လျှောက်ခဲ့ရဖူးတယ်။ ကျွန်တော်ဖြတ်သန်းခဲ့ရာ လမ်းတစ်လျှောက် မြင်ကွင်းတွေကတော့ ပြောလို့မကုန် အဖုံဖုံပါပဲ။ ခင်ဗျားလည်း ဒီမြင်ကွင်းတွေကို သိပြီးသားဖြစ်မှာပါ။ ဘာကြောင့်လည်းဆိုတော့ ခင်ဗျားနဲ့ကျွန်တော်ဆိုတာကလည်း အခြားလူတွေမှ မဟုတ်ပါပဲကိုး။ ရလာတဲ့လူ့ဘ၀ ခဏတာလေးမှာ လမ်းတစ်ခုပေါ်မှာ အတူလျှောက်နေကြတဲ့ ခရီးသွားမိတ်ဆွေတွေပဲ။ ဒီမြင်ကွင်းတွေကြားကလမ်းမှာ အတူလျှောက်နေကြသူတွေပဲလေ။ အချိန်တန်ရင် ခင်ဗျားလည်း ခင်ဗျားလိုရာလမ်းကိုဆက်မယ်၊ ကျွန်တော်လည်း ကိုယ့်နေရာကိုယ် သွားရမှာပဲ။ အခုတော့ သွားရင်းလာရင်း လမ်းပေါ်မှာ ခဏဆုံကြတာပါ။
ဘ၀ခရီးလမ်းမကြီးပေါ်မှာ သွားတဲ့လူတွေဟာ သူ့အစုလေးတွေနဲ့သူ အုပ်စုလိုက်အုပ်စုလိုက်လေးတွေ ခရီးနှင်နေကြတာပေါ့။ ဟိုအုပ်စုမှာ အဖွဲ့ကျလိုက်၊ ရယ်လိုက်မောလိုက်၊ နောက်အုပ်စုတစ်ခုနဲ့ ပါသွားလိုက်နဲ့ အုပ်စုမျိုးစုံ လူပေါင်းစုံနဲ့ တွေ့ကြုံခဲ့ကြရတာပေါ့။ အဲဒီမှာ စောစောက ကျွန်တော်ပြောတဲ့ လူ့ပတ်ဝန်းကျင်ဆိုတဲ့ အရာတစ်ခုကို အလိုလိုပိုင်ဆိုင်လာရတော့တာပေါ့။ ကိုယ့်အတွက်ကလွဲရင် ဘယ်သူ့မျက်နှာကိုမှ မထောက်တတ်တဲ့ လူတွေရဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီလိုလူတွေဟာ သူများတွေအားလုံး သူတို့မျက်နှာ ထောက်တာကိုတော့ အင်မတန်လိုချင်ကြတာကို တွေ့ရတယ်။ တစ်ချို့များကျတော့လည်း ကိုယ်တိုင်က ဘာမှမလုပ်တတ်ဘူး။ ဒါပေမယ့် သူခိုင်းလိုက်ရင်တော့ အားလုံးအဆင်ပြေမှ ကျေနပ်တတ်ကြတဲ့ ပတ်ဝန်းကျင်မှာလည်း ကျင်လည်ခဲ့ရတယ်။ အချို့ကျတော့ တွေ့သမျှလူကို အထက်စီးက ဆက်ဆံတယ်။ သူတို့ကိုပြောတဲ့ စကားလုံးတိုင်းကိုကျတော့ အကျကောက်ပြီး နာနေတတ်ပြန်ပါရော။ ကဲ… ဘယ်လိုလုပ်ကြမလဲ။ ခင်ဗျားတို့ပြောတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတတ်ကြတယ်ဆို။ "တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး"ဆို။ ခင်ဗျားတို့နားမှာ ရှိနေတဲ့လူတွေ၊ ခင်ဗျားတို့နဲ့ ပေါင်းသင်းဆက်ဆံနေတဲ့လူတွေက ခင်ဗျားလိုဖြစ်နေတာကို ဘာတွေမကျေမနပ်ဖြစ်နေသလဲဗျ။
ကိုယ်စိုက်တဲ့အသီးကို ကိုယ်စားရတာ ဘာဆန်းတာမှတ်လို့ဗျာ။ ဟုတ်တယ်မလား။
စုတ်ချက် (၂)
တစ်ရက်တော့ ကျွန်တော့်ရုံးက ၀န်ထမ်းနှစ်ယောက် စကားများရန်ဖြစ်ကြတယ်။ ရန်ဖြစ်ကြတယ်ဆိုပေမယ့် ထိုးကြိတ်တာလောက်အထိ မဖြစ်ပါဘူး။ တစ်ယောက်တစ်ခွန်း အော်ကြီးဟစ်ကျယ်နဲ့ ခွန့်တုံ့ပြန်ပြောကြတာပါ။ အလုပ်ကိစ္စတစ်ခုအတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို ငြင်းခုံကြရင်းက ဖြစ်တာလို့ ပြန်သိရတယ်။ ကိုယ်ကြုံဖူး၊ လုပ်ဖူးတဲ့အတွေ့အကြုံလေးတွေကို အသေရင်ဝယ်ပိုက်ပြီး ဖြစ်ကြတဲ့ပြဿနာမှန်း သိနေတဲ့အတွက် သူတို့နှစ်ယောက်လုံး စိတ်ကျေနပ်သွားအောင် ဖြေရှင်းပေးလိုက်ပါတယ်။ တစ်ယောက်ယောက်ကို မှန်တယ်လို့ ဆုံးဖြတ်ပေးလိုက်ရင် အခြားတစ်ယောက်က မကျေမနပ်ဖြစ်နေဦးမှာကို မလိုလားတဲ့အတွက် တတိယနည်းလမ်းတစ်ခုကို လမ်းညွှန်ပေးလိုက်ပါတယ်။ ပြဿနာတစ်ခုမှာ ဖြေရှင်းနည်းတစ်ခုပဲရှိတယ် ဆိုတာလောက်သာ နားလည်ထားကြတဲ့ သူတို့ကို လေရှည်ပြီး ရှင်းပြနေရင် နားမလည်တဲ့အပြင် ကျွန်တော့်ကိုပါ စကားအတော်များတဲ့လူ၊ ဘာတွေပြောမှန်းလည်းမသိဘူးလို့ ကွယ်ရာမှာမပြောမခံရအောင် အရှည်ကြီးရှင်းပြမနေတော့ဘူး။
သူတို့ပြန်သွားတဲ့အချိန်မှာ စဉ်းစားနေမိတယ်။ လူနှစ်ယောက်ရှိရင် အဲဒီနှစ်ယောက်ဟာ အမြင်နှစ်မျိုးဖြစ်မယ်။ သူ့အမြင်က အမှန်၊ ငါ့အမြင်ကမှ အကောင်းဆုံးဆိုပြီး စွဲကိုင်ကြမှာပဲ။ အဖွဲ့နှစ်ခုရှိရင်လည်း ထို့အတူပဲ။ ကိုယ့်အဖွဲ့ကလုပ်တဲ့ဟာမှ အမှန်ဆုံးလို့ ခံယူကြမှာပဲ။ ဘယ်အလုပ်ကိုပဲလုပ်လုပ် အမြင်တစ်ခုတည်းကိုပဲ စွဲကိုင်ပြီး ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ပိတ်မိပြီး မွမ်းကျပ်မနေဖို့ အရေးကြီးပါတယ်။ "အမြင်ကျယ်ပါ"ဆိုတာ ဒါကိုပြောတာဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့်လည်း ပြဿနာတစ်ခုခုကြုံလာရင် ၃၆၀ ဒီဂရီ မြင်အောင်ကြည့်ပါလို့ ပညာရှင်တွေက တိုက်တွန်းနေကြတာဖြစ်မယ်။
ပြဿနာတစ်ခု၊ ပုစ္ဆာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ၊ ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို ဆွေးနွေးတဲ့နေရာမှာ ပါဝင်ပတ်သက်သူတွေအချင်းချင်း အယူအဆ၊ အမြင်တွေနဲ့ ပတ်သက်ပြီး ငြင်းခုံနေဖို့မသင့်ဘူးလို့ ယူဆတယ်။ လူတိုင်းလူတိုင်းဟာ တသမတ်တည်းတွေး၊ တစ်ပုံစံတည်းစဉ်းစား ဖြစ်ရအောင် စက်ရုံကထုတ်လိုက်တဲ့ စက်ရုပ်တွေမှ မဟုတ်တာပဲ။ အမြင်မတူတာ၊ အယူအဆမတူတာကိုက လူသားပီသမှုဖြစ်တယ်ဆိုတာကို နားလည်ကြဖို့ကောင်းတယ်။ "ငါနဲ့မတူ ငါ့ရန်သူ"ဆိုပြီး လုပ်နေကြရင် ဘာမှကိုလုပ်လို့ အဆင်ပြေမှာမဟုတ်တော့ဘူး။ မိန်းကလေးတစ်ယောက်လှတယ်၊ အချိုးအစားကျတယ်ဆိုတာ တစ်ကိုယ်လုံးကြီး ထောင့်မှန်စတုဂံပုံ၊ ဒါမှမဟုတ် စက်ဝိုင်းပုံ ဖြစ်နေတာကို ပြောတာမဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် ကျန်တဲ့နေရာတွေမှာကျတော့ "မတူညီတာကိုကအလှ"လို့ လက်ခံဖို့ မ၀ံ့မရဲဖြစ်နေကြဆဲပါပဲ။ မတူညီမှုတွေအတွက် ငြင်းခုန်နေကြဆဲ၊ ရန်ဖြစ်နေကြဆဲ၊ တိုက်ပွဲဝင်နေကြဆဲ၊ အသက်တွေစတေးနေကြဆဲ……။
ဒါဟာ ကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုတည်းမှာ မဟုတ်ဘူးနော်။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါ။
စုတ်ချက် (၃)
ဂျာနယ်ဖတ်နေရင်းနဲ့ တန်းတူအခွင့်အရေးဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားမိတာလေးကို ပြန်ဖောက်သည်ချပါရစေဦး။ အဲဒီအကြောင်းတွေပြောမှာမဟုတ်ပါဘူး။ ခင်ဗျားလည်းသိပြီးသားပါပဲ။ ဓာတ်ပြားဟောင်းကြီးဖွင့်မနေတော့ပါဘူး။ ကျွန်တော်စဉ်းစားမိတာက ဒီလိုပါ။
တန်းတူညီမျှ လို့ဆိုတဲ့အတွက် ညီတူညီမျှ လို့ အဓိပ္ပါယ်ရမယ်ထင်ပါတယ်။ ပြောရမယ်ဆိုရင် ရုံးတစ်ခုမှာ သူ့ကို ခွင့်(၁၀)ရက်ပေးရင် ကိုယ့်ကိုလည်း ခွင့်(၁၀)ရက်ပေးတာဟာ တန်းတူအခွင့်အရေးလို့ ဆိုနိုင်မယ်ထင်ပါတယ်။ သာတူညီမျှပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်က ဒီလိုစဉ်းစားမိတယ်ဗျ။ ဇာတ်ကောင်နှစ်ကောင်လိုအပ်တဲ့အတွက် ခပ်လွယ်လွယ်ပဲ မောင်မြနဲ့ မောင်လှပဲ ဆိုကြပါစို့ရဲ့။ သင်္ချာသဘောနဲ့ သူတို့ကို ညီမျှခြင်းချကြည့်ပါ့မယ်။
မောင်မြ = မောင်လှ
ဒီနေရာမှာ မောင်မြနဲ့ မောင်လှဟာ အတူတူပဲလို့ ဆိုလိုတာမဟုတ်ဘူးဆိုတာ ခင်ဗျားလည်းသိပြီးဖြစ်မှာပါ။ စောစောက ပြောတဲ့ အခွင့်အရေးတို့၊ ဘာတို့ညာတို့ပေါ့ဗျာ။ အဲဒါတွေ ညီတူညီမျှဖြစ်ခြင်းကို ဖော်ညွှန်းလိုတာပါ။
ပြောချင်တာက အလယ်မှာသုံးထားတဲ့ ညီမျှခြင်းလက္ခဏာ (=)လေးပါ။ အဲဒီလက္ခဏာလေးကို အလယ်မှာထည့်လိုက်တာနဲ့ တန်းတူညီမျှဆိုတဲ့ အဓိပ္ပါယ်ရသွားပါတယ်။ တစ်ခုသတိပြုစေချင်တာက ညီမျှခြင်းဆိုတဲ့ လက္ခဏာလေးဟာ (-)ဆိုတဲ့ သင်္ကေတနှစ်ခု ပေါင်းထားတယ်ဆိုတာပါပဲ။ (-)တစ်ခုတည်းဖြစ်သွားတာနဲ့ အဓိပ္ပါယ်က လုံးဝကို ပြောင်းလဲသွားတာကို အံ့သြဖွယ်တွေ့ရပါတယ်။ အောက်မှာကြည့်ပါ။
မောင်မြ - မောင်လှ
(သို့မဟုတ်)
မောင်လှ - မောင်မြ
စောစောက ညီမျှခြင်းဆိုတဲ့နေရာကနေ ချက်ချင်းလက်ငင်းကို အနုတ်သဘောဆောင်သွားတာကို မြင်ရမှာပါ။ (=) ဆိုတဲ့အထဲက (-) လေးတစ်ခုကို ဖျက်လိုက်ရုံနဲ့ အဓိပ္ပါယ်တွေအများကြီး ပြောင်းလဲသွားတယ်ဆိုတာ နည်းနည်းတော့ အံ့သြစရာပါပဲ။ ဒီနေရာမှာ ဆက်ပြောရရင် မောင်မြက အသာစီးရနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် မောင်လှက အသာစီးအနေအထားလည်း ဖြစ်ချင်ဖြစ်မှာပါပဲ။ အဲဒီအပေါ်မှာမူတည်ပြီးတော့ ရလဒ်တွေထွက်လာမှာပဲလေ။ အဲဒီလို အသာစီးရမှုတွေ မဖြစ်စေချင်တဲ့အတွက် သာတူညီမျှတို့၊ တန်းတူအခွင့်အရေးတို့ကို ကျယ်ကျယ်လောင်လောင် ပြောကြတာ ဖြစ်မှာပါ။ မောင်မြဆီက (-)နဲ့ မောင်လှဆီက (-) ကိုယူလိုက်ပြီး ပေါင်းစပ်လိုက်တဲ့အခါ (=)ဆိုတာ ဖြစ်လာပါတယ်။ အဲဒီအခါကျမှ ဘယ်ဖက်ကမှ မသာ၊ မနာတော့ဘဲ သာတူညီမျှ ဖြစ်သွားတာပါ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း
မောင်မြ = မောင်လှ
(ဒါမှမဟုတ်)
မောင်လှ = မောင်မြ
ဆိုတဲ့ အခြေအနေတွေ အများကြီး ရှိနိုင်ပါစေလို့ ဆုတောင်းရမလား၊ မညီမျှတဲ့နေရာတွေကိုလိုက်ပြီး (-)တွေ လိုက်ထည့်ပေးရမလား စဉ်းစားနေမိတာ အတော်လေးကို ခေါင်းခြောက်သွားပါတယ်။ သေချာတာကတော့ ကျွန်တော်ကိုယ်တိုင်ဟာ (=) မဟုတ်ဘူးဆိုတာပါပဲ။ ဖြစ်ခြင်းဖြစ်ရင် (-)လေးပဲ ဖြစ်မယ်ထင်ပါတယ်။
ခင်ဗျားကရော… (-)လေးပဲလား။ လိုအပ်ရင် ကျွန်တော့်ကို ခေါ်လိုက်ပါဗျာ။ နှစ်ယောက်ပေါင်းရင်တော့ (=) ဖြစ်သွားနိုင်ကောင်းပါရဲ့။ ဒါမှမဟုတ် "(-) + (-) = (-)" ဆိုရင်လည်း………။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၁၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment