Sunday, December 20, 2009

လူပုဂ္ဂိုလ်များဆိုင်ရာ သတင်းမှတ်တမ်းများ


(၁) အံ့ဖွယ်ဘယ်ခြေထောက်ပိုင်ရှင် (သို့မဟုတ်) ရွိုင်ယန်ဂစ် (Ryan Giggs)
bbcsportspersonalityawa.jpg
ဘောလုံးဝါသနာမပါသူတွေအတွက် သူဘယ်သူလဲဆိုတာ မသိရင်တောင် မြင်ဖူးတယ်ဆိုတာလောက်တော့ ဖြစ်မှာပါ။ အဲဒါ ရွိုင်ယန်ဂစ်လေလို့ ပြောလိုက်ရင်တော့ သြော်... အဲဒါ ဂစ် ဆိုတာလားလို့ ပြန်မေးကြပါလိမ့်မယ်။ ဂစ်လို့ပြောလိုက်တာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ သစ္စာရှိ တောင်ပံကစားသမားကြီးဆိုတာ အများစုသိကြပြီး ဖြစ်ပါတယ်။ အံ့သြဖွယ်ဘယ်ခြေထောက်ပိုင်ရှင်ဟာ အခုအချိန်ထိ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ၁၆ နှစ်၊ ၁၇ နှစ်သားတွေနဲ့အပြိုင် ခြေစွမ်းပြကစားနိုင်နေသေးတာဟာ အံ့သြစရာပါ။ ဘာကြောင့်လဲဆိုတော့ သူ့အသက်က ၃၆ နှစ်တောင် ဖြစ်နေပြီလေ။ ဒီအသက်အရွယ်ဆိုတာက ယနေ့ခေတ်ဘောလုံးလောကမှာ ချောင်ထဲမှာ ဖုန်တက်နေတဲ့အရွယ်ဖြစ်နေပြီကိုး။ ဒါပေမယ့်လည်း ရွိုင်ယန်ဂစ်ကတော့ အခုအချိန်အထိ လက်မထောင်နေဆဲ။ ခြေစွမ်းတွေပြနေဆဲ။ ဂိုးတွေသွင်းပြနေဆဲ။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဂုဏ်ယူစွာဝတ်ဆင်ရင်း သရဲနီတပ်ဖွဲ့ဝင်တွေကို ထိန်းကျောင်းဦးဆောင်နေဆဲပါ။

အဲဒါကြောင့်ပဲထင်ပါရဲ့။ ဒီနှစ် ၂၀၀၉ ခုနှစ်ရဲ့ BBC Sports Personality of the Year 2009 ဆုအတွက် ရွိုင်ယန်ဂစ်ကို ရွေးချယ်လိုက်ကြပါတယ်။ အသက်ကြီးမှ ကံပေါ်တယ်လို့ပဲ ပြောရမလားမသိပါဘူးနော်။ ငယ်ရွယ်စဉ်အခါ အကောင်းဆုံးခြေစွမ်းတွေနဲ့ ကစားနိုင်ခဲ့တဲ့အချိန်တုန်းကတော့ ဒီဆုကို မရခဲ့ဘဲ အခုလို အသက်အရွယ်ကြီးခါမှ ဒီဆုကိုရတာဟာ အံ့သြစရာပဲဖြစ်ပါတယ်။ ပြီးတော့ သူနဲ့အပြိုင် ရွေးချယ်ခံတွေကလည်း မတူညီတဲ့ အားကစားနယ်ပယ်တွေက တကယ့်ထိတ်ထိတ်ကျဲတွေပါ။ အဲဒီလူတွေကို ကျော်ဖြတ်ပြီး မန်ချက်စတာစတား ရွိုင်ယန်ဂစ်ကို ပေးလိုက်တာဟာ ထူးတော့မထူးဆန်းဖူးလို့ ဆိုရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်ပရိသတ်တွေက ရွိုင်ယန်ဂစ်ကို ဆာဘွဲ့ ပေးဖို့အထိ ထောက်ခံတောင်းဆိုနေကြပြီလေ။ မန်ယူရဲ့ခေါင်းကိုင်ဖခင်ကြီး ဖာဂူဆန်ကိုတောင် ဆာဘွဲ့ပေးသေးတာပဲ၊ ဖာဂူဆန်ထက်မလျော့တဲ့ အောင်မြင်မှုတွေနဲ့ ရွိုင်ယန်ဂစ်ကိုလည်း ဆာဘွဲ့ ပေးသင့်နေပြီလို့ တောင်းဆိုကြတာဟာ မလွန်ဘူးထင်ပါရဲ့။ အခုအချိန်အထိတော့ ဂစ်ကို အမြင့်ဆုံးပေးထားတာက အိုဘီအီးဘွဲ့ပါ။

ရွိုင်ယန်ဂစ်မရဖူးတဲ့ ဥရောပဆုဖလားတွေဆိုတာလည်း မရှိသလောက်ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် နိုင်ငံဆိုင်ရာပြိုင်ပွဲတွေကလွဲရင် ကျန်တဲ့ ကလပ်အသင်းဆိုင်ရာ ပြိုင်ပွဲအားလုံးမှာ ဖလားရဖူးတဲ့ကစားသမား ဖြစ်နေပါပြီ။ ရွိုင်ယန်ဂစ်ရခဲ့ဖူးတဲ့ ဖလားတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
(၁) ပရီမီးယားလိဂ် (၁၁)ကြိမ်
(၂) အက်ဖ်အေဖလား (၄)ကြိမ်
(၃) လိဂ်ဖလား (၃)ကြိမ်
(၄) အက်ဖ်အေ ကွန်မြူနတီဒိုင်း (၇)ကြိမ်
(၅) ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (၂)ကြိမ်
(၆) ယူအီးအက်ဖ်အေ စူပါဖလား (၁)ကြိမ်
(၇) အင်တာနေရှင်နယ်ဖလား (၁)ကြိမ်
(၈) ဖီဖာကမ္ဘာ့ချန်ပီယံကလပ်ဖလား (၁)ကြိမ်

ကဲ... မြင်တဲ့အတိုင်းပါပဲ။ ကစားသမားဘ၀မှာ မရဖူးတဲ့ဆုဖလား မရှိတော့လောက်အောင် ထူးချွန်ပြောင်မြောက်စွာ ကစားခဲ့တဲ့၊ အသင်းတစ်သင်းတည်းမှာပဲ သစ္စာရှိစွာ ကစားခဲ့တဲ့ ဝေးလ်ကစားသမားကြီးကို မဝေးတော့တဲ့ကာလမှာ ဆာရွိုင်ယန်ဂစ်လို့ ခေါ်ရတော့မယ်လို့ ယုံကြည်နေမိပါတယ်နော်။

(၂) ကမ္ဘာကြီးအတွက်မျှော်လင့်ချက်ရောင်ခြည် (သို့မဟုတ်) ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရင် ဘာရက်အိုဘားမား
nobelpeaceprize20092.jpg
ပြဿာနာတွေ၊ အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သမ္မတတစ်ဦးလို့တောင် ဆိုလိုက်ချင်ပါသေးတယ်။ အမေရိကန်သမိုင်းမှာ ပထမဆုံးသော လူမည်းသမ္မတအဖြစ် အငြင်းပွားဖွယ်ရာ ရွေးကောက်ခံခဲ့ရတယ်။ သူသမ္မတဖြစ်ပြီးနောက် ပြောင်းလဲပစ်ခဲ့တဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကြောင့် အငြင်းပွားဖွယ်ရာတွေက ဆူဆူညံညံ။ သဘောထားပျော့ပြောင်းလွန်းတယ်လို့ ဆိုသူတွေကလည်း ဒုနဲ့ဒေး။ သူလုပ်ပုံနဲ့ဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မှေးမှိန်သွားတော့မှာပဲလို့ ယူဆသူတွေကလည်း အပုံအပင်။ ရှေ့ကသမ္မတဟောင်း မောင်မင်းကြီးသာ ဂျော့ဒဗလျူဘုရှ် ထားခဲ့တဲ့ အမွေဆိုးတွေကလည်း သပွတ်အူလို ရှုပ်ရှုပ်ထွေးထွေး။ အီရတ်ကိစ္စက တစ်မျိုး၊ အာဖဂန်နစ္စတန်အရေးကလည်း တစ်ဖုံ၊ အီရန်ကလည်း တစ်မှောင့်၊ ဂွာတာနာမိုအကျဉ်းစခန်းကလည်း တစ်စခန်း၊ မြောက်ကိုရီးယားအရေးကလည်း တစ်ဘာသာနဲ့ ချာချာကိုလည်နေတော့တာပါပဲ။ အဲဒီလိုအခြေအနေတွေကြားမှာ ဗျာများနေရတဲ့သူ့အတွက် ၀မ်းသာဂုဏ်ယူစရာကတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးအပ်ခြင်းခံရတာပါပဲ။ ဘာမှမရှိလှသေးတဲ့ သမ္မတသက်တမ်းလေးအတွင်းမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရခဲ့တဲ့အတွက် တစ်ကမ္ဘာလုံးက အုတ်အော်သောင်းနင်းဖြစ်ကြတာလည်း အပြစ်မဆိုသာပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်တောင် အဲဒီဆုကို မမျှော်လင့်ထားပါဘူး၊ ရမယ်လို့ လုံးဝကို ထင်မထားပါဘူးလို့ အတိအလင်းဝန်ခံထားလို့ပါ။ သူအနေနဲ့ ရမယ်ထင်ထားသည်ဖြစ်စေ၊ မထင်ထားသည်ဖြစ်စေ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကတော့ အမှန်တကယ်ကို သူ့အတွက်ဖြစ်လာခဲ့ပါပြီ။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုဟာ အခြားသော စာပေနိုဘယ်လ်၊ စီးပွားရေးနိုဘယ်လ်၊ ဆေးပညာနိုဘယ်လ်၊ ရူပဗေဒနိုဘယ်၊ ဓာတုဗေဒနိုဘယ်လ်တွေနဲ့ မတူခြားနားတဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုဟာ အငြင်းပွားဖွယ်ရာ အမြဲတမ်းဖြစ်ရတဲ့ဆုပါ။ လှည့်ကွက်တွေ၊ အရောင်တွေအများကြီးပါတဲ့ဆုလို့ တစ်ကမ္ဘာလုံးက လက်ခံထားကြပါတယ်။ အခုလည်း အိုဘားမားကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးတာဟာ သူ့ရဲ့ လုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက်တော့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သမ္မတသက်တမ်း တစ်နှစ်တောင် မပြည့်သေးတဲ့အချိန်မှာ ဒီဆုကို ရခဲ့လို့ဖြစ်ပါတယ်။ အဲဒီအတွက် တစ်ဖက်ကလှည့်စဉ်းစားရရင် လုပ်ခဲ့တာတွေအတွက် မဟုတ်ရင်၊ လုပ်မယ့်အလုပ်တွေအတွက် ကြိုပြီးပေးတာလို့ ကောက်ချက်ချလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတအိုဘားမားဆုံးဖြတ်ရမယ့် ကိစ္စကြီးတွေက ကမ္ဘာလုံးဆိုင်ရာ ဖြစ်နေလို့ပါ။ အာဖဂန်နစ္စတန်ကို တပ်တွေထပ်လွှတ်ဖို့ကိစ္စ၊ အီရန်ကို တိုက်မယ်မတိုက်ဘူး လိပ်ခဲတည်းလည်းဖြစ်နေတဲ့ကိစ္စ၊ မြောက်ကိုရီးယားကို ဘယ်လိုနည်းနဲ့ အရေးယူမလဲဆိုတဲ့ကိစ္စ၊ အစ္စရေးနဲ့ပါလက်စတိုင်းအရေးမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့်ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီကိစ္စတွေအားလုံးအတွက် ဆုံးဖြတ်ချက်တွေဟာ ငြိမ်းချမ်းမှုနဲ့ စစ်မက်ဆိုတဲ့ကြားက မျဉ်းကြောင်းလေးပေါ်မှာ ရှိနေတဲ့အနေအထားပါ။ အီရန်ကိုတိုက်ဖို့ အိုဘားမားက မီးစိမ်းပြလိုက်ရင် ကြုံလာရမှာက စစ်မက်ပါ။ မြောက်ကိုရီးယားကို စစ်ရေးနည်းလမ်းနဲ့ အရေးယူမယ်လို့ တစ်ချက်ခေါင်းညိတ်လိုက်တာနဲ့ စစ်တိုက်ဖို့အသင့်ဖြစ်နေကြပါပြီ။ အစ္စရေးရဲ့ သဘောထားတင်းမာမှုကို သူထောက်ခံပါတယ်လို့ Yes ဆိုတဲ့ စကားလုံးလေးတစ်လုံး ပြောလိုက်ယုံနဲ့ အစ္စရေးကလည်း စစ်မီးမွှေးတော့မှာပါ။ အဲဒီလိုအခြေအနေလွန်ဆွဲပွဲမှာ အိုဘားမားကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးပြီး လိုချင်တဲ့ဖက်ကို အားသာလာအောင်မဲတင်းပေးလိုက်တယ်လို့ ယူဆမိပါတယ်။

ဘာပဲပြောပြော ပွင့်လင်းဖော်ရွေပြီး သဘောထားပျော့ပြောင်းတဲ့ ဘာရက်အိုဘားမားဆိုတဲ့ အမေရိကန်သမ္မတတစ်ယောက်ကတော့ အခုအချိန်မှာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အရေးပါဆုံးလူတစ်ယောက်အဖြစ် ကပြအသုံးတော်ခံနေပြီဖြစ်ပါတယ်။ လက်ခုပ်တီးမယ့်လူတွေရှိသလို၊ ပြောင်းဖူးရိုးနဲ့ ပစ်မယ့်လူတွေလည်းရှိတာဟာ သဘာဝပါပဲ။ သေချာတာကတော့ သူ့ရဲ့ မူဝါဒတွေဟာ အရင်သမ္မတတွေနဲ့ မတူကွဲပြားနေတာတော့ အမှန်ပါပဲ။ အရင်သမ္မတွေထက် သိသိသာသာကြီးကောင်းပါတယ်လို့ ပြောလို့မရသေးပေမယ့် ကမ္ဘာ့အလယ်မှာ အမေရိကန်ရဲ့ပါဝါကို မြှင့်တင်တဲ့နေရာမှာတော့ အခြားသမ္မတတွေထက် သူကပညာရှင်ပိုဆန်တယ်လို့ အသေအချာကို ပြောနိုင်ပါတယ်။ "ပရ"နည်းနည်းပိုဆန်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးက သူ့ကိုစောင့်ကြည့်နေတယ်ဆိုတာတော့ အသေအချာပါပဲ။ သူဘာတွေလုပ်ပြနိုင်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရုံမှတစ်ပါး။

(၃) လူမှုရေးပြဿနာများနှင့် အချမ်းသာဆုံးအားကစားသမား (သို့မဟုတ်) တိုက်ဂါးဝုဒ်
tigerwoodj.jpg
တိုက်ဂါးဂုဒ်လို့ ပြောလိုက်တာနဲ့ အားလုံးက ဂေါက်ရိုက်တံကို လှလှပပ စတိုင်လ်ကျကျ လွှဲရိုက်တတ်တဲ့ ဂေါက်သီးအားကစားသမားတစ်ယောက်ကို ပြေးမြင်လိုက်ကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ အဲဒီလိုပြေးမြင်ရအောင်လည်း တိုက်ဂါးဝုဒ်ဟာ ဂေါက်သီးမှာ ထူးချွန်လှသူဖြစ်ပါတယ်။ အခုအချိန်အထိ ကမ္ဘာ့နံပါတ်(၁)ဆိုတဲ့နေရာကို ဘယ်သူ့ကိုမှ ဖယ်မပေးဘဲ ဆုပ်ကိုင်ထားနိုင်တာဟာ သူ့ရဲ့အရည်အချင်းကို မီးမောင်းထိုးပြနေသလိုပါပဲ။ ကျွဲကူးရေပါဆိုသလို အားကစားမှာ အောင်မြင်လာတာနဲ့အမျှ ကြော်ငြာကဏ္ဍတွေမှာ သူ့ပုံရိပ်တွေနဲ့ လွှမ်းမိုးလာအောင်လည်း စီးပွားရေးသမားတွေက လုပ်ဆောင်ခဲ့ကြပါတယ်။ တိုက်ဂါးဝုဒ်ဆိုတာ ကမ္ဘာသိအိုက်ကွန်တစ်ခုဖြစ်တယ်ဆိုတာကို သူတို့တွေကောင်းကောင်းသိကြတာကိုး။ အဲဒီအတွက် တိုက်ဂါးဝုဒ်နဲ့ စပွန်ဆာစာချုပ်တွေချုပ်ဆိုထားကြတာ နည်းမှမနည်းပဲကိုး။ အဲဒီလိုစာချုပ်တွေကရတဲ့ ၀င်ငွေတွေကြောင့်လည်း ၀င်ငွေအကောင်းဆုံးနဲ့ အချမ်းသာဆုံးအားကစားသမား ဖြစ်လာတာပဲဖြစ်ပါတယ်။

အဲဒီလိုအောင်မြင်တဲ့ ဂေါက်သီးသမားကြီးဟာ ဂေါက်ကွင်းစိမ်းစိမ်းတွေပေါ်မှာသာ မဟုတ်ဘဲ အိပ်ယာစိမ်းစိမ်းလေးတွေပေါ်မှာပါ အောင်မြင်ခဲ့တဲ့အတွက် အခုအချိန်မှာ လူမှုရေးပြဿနာတွေ တသီကြီးနဲ့ စိတ်ညစ်နေရပြီဖြစ်ပါတယ်။ သူနဲ့အတူ ကစားခဲ့ကြတဲ့ ကစားဖော်တွေကလည်း စုံမှစုံကိုး။ စားပွဲထိုးမလည်းပါတယ်၊ အဖော်အချွတ်မယ်လည်းပါတယ်၊ သန့်ရှင်းရေးအလုပ်သမလည်းပါတယ်၊ ကိုယ်ဟန်ပြမယ်လည်းပါတယ်တဲ့။ ကဲ... ဘယ်လောက်များ ကစားချင်စိတ်ရှိလိုက်တဲ့လူပါလဲ။ အဲဒါကြောင့်လည်း ကမ္ဘာ့နံပါတ်တစ် နေရာကို လက်မလွှတ်ရတာဖြစ်မယ်ထင်ပါတယ်။ အဲဒီလိုပြဿနာတွေနဲ့ စိတ်ညစ်ညူးနေရတဲ့အချိန်မှာ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ခဲ့ရတာကတော့ ကားအက်ဆီးဒင့်ဖြစ်ခဲ့တာပါပဲ။ ဇနီးသည်နဲ့ စကားများရန်ဖြစ်ပြီး အိမ်ကနေကားမောင်းပြီးထွက်အလာမှာ ဖြစ်ပွားခဲ့တာပါ။ မသေကောင်းမပျောက်ကောင်းဆိုပေမယ့် ရဲတွေရဲ့ စစ်ဆေးမှုကို ခံခဲ့ရတာတွေ၊ ဒဏ်ငွေအတပ်ခံခဲ့ရတာတွေဟာ သူ့ရဲ့ဂုဏ်သိက္ခာအတွက် တစ်ရှက်ကနှစ်ရှက်ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ နာမည်တစ်လုံးနဲ့ လုပ်စားနေရတဲ့ သူတို့အတွက် အဲဒီထိုးနှက်ချက်တွေဟာ အရင်းအနှီးကြီးလှပါတယ်။ အခုဆိုရင်ပဲ စပွန်ဆာကုမ္ပဏီတွေက သူတို့ရဲ့စာချုပ်တွေကို ဖျက်သိမ်းဖို့ စိုင်းပြင်းနေကြပါပြီ။ လူမှုရေးပြဿနာတွေနဲ့ လူတစ်ယောက်ကို ဘယ်သူကမှ စပွန်ဆာပေးပြီး သူတို့ရဲ့ စံပြအဖြစ် ကြော်ငြာချင်ကြမှာ မဟုတ်ပါဘူး။

ဘာပဲပြောပြော ဒီအဖြစ်အပျက်တွေရဲ့ မူလတရားခံဟာ တိုက်ဂါးဝုဒ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ သူသာ ဒီလိုတွေမလုပ်ခဲ့ရင် ဒီပြဿနာတွေ ပေါ်လာစရာ အကြောင်းမရှိပါဘူး။ အခုတော့ သူ့မိုက်ပြစ်တွေကို သူခံနေရပြီဖြစ်ပါတယ်။ သူလည်းလူသားတစ်ယောက်ဖြစ်တဲ့အတွက် သာမန်လူတွေလို အမှားတွေရှိမှာပါပဲလို့ ပြောလို့မရပါဘူး။ သူ့ကိုပေးထားတဲ့ အခွင့်အရေးတွေ၊ ကျော်ကြားမှုတွေဟာ သာမန်လူတွေနဲ့ မတူပါဘူး။ ကမ္ဘာသိပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အားလုံးအတွက် စံပြဖြစ်အောင်နေရမှာက သူတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဖြစ်လာပြီဆိုတော့လည်း ခံရုံပဲရှိတော့တာပေါ့။

အခုလောလောဆယ်တော့ တိုက်ဂါးဝုဒ်စ်ယောက် မြက်ခင်းစိမ်းလေးတွေပေါ်ကို အချိန်အကန့်အသတ်မရှိ စွန့်ခွာထားမယ်လို့ ကြေညာထားပါတယ်။ ဂေါက်ပြိုင်ပွဲတွေနဲ့ဝေးရာမှာ အချိန်ဘယ်လောက်ကြာအောင် ပုန်းအောင်နေဦးမလဲဆိုတာကို တိုက်ဂါးဝုဒ်ကိုယ်တိုင်မှတစ်ပါး........။

(၄) တိုက်ခိုက်ခံလိုက်ရတဲ့ အီတလီဝန်ကြီးချုပ် (သို့မဟုတ်) ဘာလူစကိုနီ
attackeditalianprimemin.jpg
ဒီအဖြစ်အပျက်ကတော့ သိပ်မကောင်းလှပါဘူး။ ဒါပေမယ့် မှတ်တမ်းတစ်ခုအနေနဲ့ ရေးထားလိုက်ပါတယ်။ ဒီလိုပါ အီတလီဝန်ကြီးချုပ် ဘာလူစကိုနီဟာ ၀န်ကြီးချုပ်အဖြစ်သာမကဘဲ အေစီမီလန်အသင်းပိုင်ရှင်အဖြစ်ပါ လူသိများထင်ရှားသူဖြစ်ပါတယ်။ မီဒီယာလုပ်ငန်းကြီးတွေပိုင်ဆိုင်တဲ့အပြင် ၀န်ကြီးချုပ်ဆိုတဲ့အရှိန်ကလည်း ရှိနေလေတော့ ရုပ်သံလွှင့်ကိစ္စတွေနဲ့ပတ်သက်ပြီး မကြာခဏပြဿနာတွေ ဖြစ်ကြတာကို သတင်းတွေမှာ ဖတ်ရလေ့ရှိပါတယ်။ နောက်တစ်ခါ လူမှုရေးကိစ္စတွေမှာလည်း နာမည်ထွက်သူဖြစ်လေတော့ သူလည်းပဲ မီဒီယာတွေအတွက် သတင်းသားကောင်ဖြစ်ရတော့တာပေါ့။

မကြာသေးမီက ဘုရားကျောင်းတစ်ခုမှာ သူ့ကိုအားပေးထောက်ခံသူတွေနဲ့ အေစီမီလန်ပရိသတ်တွေကို လက်မှတ်ရေးထိုးပေးတဲ့ တွေ့ဆုံပွဲလေးတစ်ခု လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ဘယ်သူမှ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခုက ဖြစ်လာခဲ့တယ်။ အသက် ၄၀ ကျော် လူတစ်ယောက်က မပြောမဆိုနဲ့ ဘာလူစကိုနီကို ၀င်ရောက်တိုက်ခိုက်ခြင်းပဲဖြစ်တယ်။ သူ့ကိုထောက်ခံသူတွေနဲ့ အားပေးသူတွေပဲ လာတဲ့ပွဲ ဖြစ်တဲ့အတွက် ဘယ်သူကမှ ဒီလိုမျိုး လုပ်မယ့်လူ ရှိလိမ့်မယ်လို့ မျှော်လင့်ထားမှာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်ဖြစ်သွားခဲ့ပါပြီ။ နှာခေါင်းရိုးကျိုး၊ သွားတွေကျိုး၊ ပါးစပ်ကိုထိ၊ မျက်နှာကလည်း စုတ်ပြတ်သွားပြီး သွေးသံတရဲရဲဖြစ်သွားခဲ့ရပါတယ်။ ဆေးရုံတင်လိုက်ရတယ်။ နောက်မှ ပြန်စုံစမ်းတော့ အခုလိုတိုက်ခိုက်ခဲ့တဲ့လူဟာ စိတ်မနှံ့သူတစ်ယောက်လို့ ပြောကြပြန်တယ်။ ဖြစ်တော့မဖြစ်နိုင်ဘူးထင်ပါတယ်။ စိတ်မနှံ့တဲ့လူတစ်ယောက်က အခြားလူတွေအများကြီးရှိနေတာကို မလုပ်ဘဲ ဘာကိစ္စ သူ့ကိုမှ ရွေးပြီးလုပ်ရသလဲဆိုတာကတော့ အခုထိ စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ပုဒ်ဖြစ်နေဆဲပါ။

စာကြွင်း
အခုရေးခဲ့တာတွေဟာ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်သက်သက်သာ ဖြစ်ပါတယ်။ ဖတ်ခဲ့တဲ့သတင်းတွေအပေါ်မှာ ကျွန်တော်တွေးမိသလို၊ ခံစားမိသလို ရေးဖွဲ့ထားခြင်းသာ ဖြစ်ပါတယ်။ အယူအဆမတူတာတွေ၊ အချက်အလက်လွဲမှားနေတာတွေရှိရင် ထောက်ပြပြောဆို ဝေဖန်ပေးနိုင်ကြပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၃ နာရီ ၂၂ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics