ကြွပ်ကြွပ်အိတ်များသည် လူ့သဘာဝပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးတို့အတွက် အန္တရာယ်ပြုနေသည့် ပစ္စည်းများ ဖြစ်နေကြောင်း သိရှိလာရသဖြင့် ကြွပ်ကြွပ်အိတ်သုံးစွဲခြင်းများကို နိုင်ငံတကာက အရေးယူဆောင်ရွက်လာသည်ကို တွေ့ရသဖြင့် ၀မ်းမြောက်ဖွယ်ဖြစ်ပါသည်။ ကြွပ်ကြွပ်အိတ်များကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က ရန်ကုန်မြို့လယ်ရှိ ပြည်သူ့မုန့်တိုက်အနီးတွင် စတင် တွေ့ဖူးခဲ့သည်ကို ယနေ့တိုင် အမှတ်ရနေမိပါသည်။ ထိုစဉ်က စာရေးသူသည် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သည်။ ကျောင်းပိတ်ရက်အားသဖြင့် သူငယ်ချင်းများနှင့် ပပ၀င်းရုံတွင် ရုပ်ရှင်ကြည့်ရန်သွားစဉ် ထိုအိတ်အထူးအဆန်းကလေးကို စတင်တွေ့ခဲ့ရပါသည်။ ထိုစဉ်က စက္ကူအိတ်၊ အ၀တ်အိတ်များကိုသာ အဓိကထား သုံးစွဲခဲ့ကြပြီး ပလတ်စတစ်အိတ်အထူစား အနည်းငယ်မျှနှင့် သားရေအိတ်အချို့တို့ကိုသာ သုံးစွဲကြလေ့ရှိပါသည်။
ကြွပ်ကြွပ်အိတ်ဟုခေါ်ခြင်းမှာလည်း စက္ကူထက်ပို၍ အသံမြည်ပြီး ထွက်သည့်အသံက ကြွပ်ကြွပ်ကြွပ်ကြွပ်ဖြစ်နေသဖြင့် အမည်တပ်ပေးလိုက်သည်ဟုပင် ထင်မိပါသည်။ ပေါ့ပေါ့ပါးပါးဖြစ်ရုံမက မစုတ်မပြဲလွယ်ခြင်း၊ အပူအအေးကြိုက်ရာ ထည့်နိုင်ခြင်း၊ သယ်ဆောင်ရလွယ်ခြင်းတို့ကြောင့် တစ်ဟုတ်ထိုး လူကြိုက်များသည့် အသုံးအဆောင်တစ်ခု ဖြစ်လာခဲ့သည်။ ကြွပ်ကြွပ်အိတ်သည် ယခုအခါ မရှိမဖြစ် လူ့အသုံးအဆောင်တစ်ခုလည်း ဖြစ်လာခဲ့သည်ကို တွေ့ရပါသည်။ ကြွပ်ကြွပ်အိတ်တို့ကို စတင်တွေ့ရစဉ်က အုတ်ခဲကြီးနှစ်ခဲကိုထည့်၍ ချိတ်ဆွဲပြထားသည်ကို သတိရမိပါသည်။ သာမန်စက္ကူများသည် ထိုအလေးချိန်ကို ခံနိုင်မည်မဟုတ်ဘဲ အလွယ်တကူ စုတ်ပြဲသွားမှာဖြစ်သည်။ ကြွပ်ကြွပ်အိတ်ကမူ ခံနိုင်ရည်များလှသဖြင့် ထိုအုတ်ခဲကြီးနှစ်ခု၏ အလေးချိန်ကို ကောင်းစွာခံနိုင်ပါသည်။ ထိုသို့ ခံနိုင်ရည်မြင့်မားခြင်းကပင် ကြွပ်ကြွပ်အိတ်များသည် နှစ်ပေါင်းများစွာ မကြေပျက်၊ မဆွေးမြေ့ဘဲ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုလာပါသည်။
ကြွပ်ကြွပ်အိတ်တို့ကို စားစရာ၊ ဆေးဝါး၊ အ၀တ်အထည်၊ စာအုပ် လိုရာ ကြိုက်ရာထည့်နိုင်ကြသည်။ ဈေးဆိုင်တိုင်း၊ အိမ်တိုင်းမှာ ကြွပ်ကြွပ်အိတ်နှင့် ကင်းသည်ဟူ၍ မရှိပါ။ အထူးသဖြင့် စားစရာတို့ကို သယ်ဆောင်ရာတွင် ကြွပ်ကြွပ်အိတ်ပေါ်လာသဖြင့် ကရိကထ မများတော့ပါ။ ငယ်စဉ်က စားစရာထည့်လိုလျှင် စဥ့်ချိုင့်များ၊ ဖန်ခွက်၊ ဖန်ချိုင့်၊ ဒန်ချိုင့်စသည်တို့ကိုသာ သုံးကြရသည်။ တချို့နေရာများတွင် ဖက်ရွက်များ၊ သတင်းစာစက္ကူများကို သုံးရသည်။ လက်ဖက်ရည်၊ မုန့်၊ ဟင်း၊ ဟင်းချက်စရာ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲစသည်တို့ကို အိမ်သို့ ၀ယ်ယူသယ်ဆောင်လိုပါက အထက်ပါပစ္စည်းများကို သုံးရပါသည်။ အထူးသဖြင့် ဒန်ချိုင့်များ သုံးရပါသည်။ စတီးချိုင့်များပေါ်လာ၊ ထို့နောက် မယ်လမင်းချိုင့်နှင့် အသုံးအဆောင်များ ပေါ်လာသည့်အခါ ပိုအဆင်ပြေလာသည်။ ကြွပ်ကြွပ်အိတ်ခေတ် ရောက်လာတော့ ချိုင့်များ၊ ခွက်များတို့သည် အိမ်တွင်းမှာ သာနားနေကြရပြီး အလျင်အမြန် အပေါ့အပါးသုံး ကြွပ်ကြွပ်အိတ်ကို လက်မလွှတ်နိုင်လောက်အောင် အသုံးပြုလာကြရပါသည်။ မယ်လမင်းအသုံးအဆောင်တို့တို့က လူ့ကျန်းမာရေးကို အနှောင့်အယှက်ပြုလာကြောင်း တွေ့လာရသလို ကြွပ်ကြွပ်အိတ်တို့ကလည်း ဆိုးဝါးလှသော ကျန်းမာရေးအန္တရာယ်ကို ပေးနိုင်ကြောင်း တွေ့ရပါသည်။
နံနက်စောစော နံနက်စာအတွက် ကော်ဖီ၊ လက်ဖက်ရည်၊ ထမင်းကြော်၊ ဟင်းရည်၊ မုန့်ဟင်းခါးရည်၊ ခေါက်ဆွဲဟင်းရည်တို့ကိုထည့်ရန် ကြွပ်ကြွပ်အိတ်ကိုသာ သုံးကြပါသည်။ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး အလွယ်တကူသယ်သွားနိုင်၍ဖြစ်သည်။ ဈေးဝယ်သွားတော့လည်း ဆီ၊ ဆန်၊ ဆားမှအစ ငါး၊ အသား၊ ငရုတ်၊ ကြက်သွန်ဖြူအထိ ကြွပ်ကြွပ်အိတ်နှင့် ထည့်ကြရသည်။ အထူးသဖြင့် ကြွပ်ကြွပ်အိတ်ထဲသို့ ပူသော စားစရာများ ထည့်လိုက်ပါက ကြွပ်ကြွပ်အိတ်ရှိ ပလတ်စတစ်နှင့် အပူဓာတ်တို့ ဓာတ်ပြုကာ Dioxin ဒိုင်အောက်ဇင် အမည်ရှိ Chemical ဓာတုပစ္စည်းတစ်မျိုး ထွက်လာပါသည်။ ဒိုင်အောက်ဇင်သည် စားစရာထဲ အလွယ်တကူ ပျော်ဝင်သွားပါသည်။ နေ့စဉ် စားစရာတို့ကို ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လေ့ရှိပါက နေ့စဉ် ဒိုင်အောက်ဇင် ဓာတုပစ္စည်းတို့ လူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်နေပြီကို သိသင့်ပါသည်။ ဒိုင်အောက်ဇင်သည် ပြင်းထန်သော ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး Carcinogenic ကင်ဆာ ဖြစ်စေတတ်သော ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ ဗီယက်နမ်စစ်အတွင်းက Yellow orange operation လိမ္မော်ဝါစစ်ဆင်ရေး အဖြစ် အမေရိကန်တို့က မြောက်ဗီယက်နမ်မြေပေါ် ဓာတုပစ္စည်းများ ကြဲချခဲ့ကြသည်။ ယင်းတွင် ဒိုင်အောက်ဇင် အဓိကပါဝင်သည်။ ဒိုင်အောက်ဇင်အဆိပ်ကြောင့် သစ်ပင်များသေခြင်း၊ ပြန်မပေါက်ခြင်း၊ ရေထဲပါဝင်သွားသဖြင့် သောက်သုံးသူတို့ သေဆုံးရခြင်း၊ သီးနှံခင်းများ ပျက်စီးရုံမက ထိုသီးနှံတို့ကို စားသုံးသူတို့ ရောဂါရ၊ သေဆုံးရခြင်းတို့ ဖြစ်ပွားသည်ကို တွေ့ရပါသည်။ ထို Yellow orange operation နယ်မြေအတွင်းရှိ လူအများသည် နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် အမြင်အာရုံချို့ယွင်းခြင်း၊ ဦးနှောက်အာရုံကြောဆိုင်ရာ ထိခိုက်မှုများဖြစ်ခြင်း၊ လမစေ့နှင့် ကလေးအသေမွေးခြင်း၊ သားသမီးမြုံခြင်းတို့သာမက ကင်ဆာရောဂါများ ဖြစ်လာကြသည်ကို ယနေ့တိုင် တွေ့နေရဆဲ ဖြစ်ပါသည်။ ဒိုင်အောက်ဇင်ပက်ဖျန်းထားရာ မြေနေရာတို့တွင် ဒိုင်အောက်ဇင်ဓာတ်ကို မြေသားက စုပ်ယူထားသဖြင့် စိုက်ပျိုးမွေးမြူမှုတို့မှာ ဒိုင်အောက်ဇင်ဓာတ် ပါဝင်မြဲဖ်ြစနေသည်ကို တွေ့ရပါသည်။
ဒိုင်အောက်ဇင်အဆိပ်ဓာတ်သည် စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်း၊ ကားတာယာအဟောင်း၊ ပလတ်စတစ်ပစ္စည်းများ မီးရှို့ခြင်းတို့မှလည်း ထွက်တတ်ပြီး ယင်းတို့ကို ရှူရှိုက်မိပါက အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရပါသည်။ အလားတူပင် ကြွပ်ကြွပ်အိတ်နှင့် စားစရာများ ထည့်လေ့ရှိပါက အပူဓာတ်နှင့် ဓာတ်ပြုကာ ဒိုင်အောက်ဇင်ဓာတ်ထွက်လာပြီး အစာထဲပျော်ဝင်၊ ထိုအစားအစာမှတစ်ဆင့် လူ့သွေးသားထဲ ရောက်ပါသည်။ ဒိုင်အောက်ဇင်၏ သဘာဝတစ်ခုမှာ ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားပြီးသည်နှင့် ပြန်မထွက်တော့ဘဲ ခန္ဓာကိုယ်ထဲမှာသာ ကိန်းအောင်းနေတတ်ခြင်း ဖြစ်ပါသည်။ ကြာလေစုမိလေဖြစ်ပြီး လူ့ခန္ဓာကိုယ်ကို မုချ ဒုက္ခပေးမည့် ဓာတုပစ္စည်းအန္တရာယ် ဖြစ်ပါသည်။
အစာလမ်းကြောင်းရှိ အစာအိမ်၊ အူ၊ အသည်းကင်ဆာများ၊ သွေးကင်ဆာမှအစ ပြင်းထန်သော ကျန်းမာရေး ပြဿနာဆိုးကြီးများ တွေ့ကြုံရနိုင်ပါသဖြင့် လူတိုင်း အထူးသတိပြုသင့်သည့်အချက် ဖြစ်ပါသည်။ အစားအစာ၊ ဟင်းချက်စရာများ ကြွပ်ကြွပ်အိတ်နှင့် ထည့်မိပါက စင်ကြယ်အောင် ဆေးကြောပြီးမှ သုံးသင့်ပါသည်။ ပူပူနွေးနွေး အသင့်စားစရာများကိုကား ကြွပ်ကြွပ်အိတ်နှင့် လုံးဝ(လုံးဝ) မထည့်သင့်ကြပါကြောင်း တင်ပြလိုပါသည်။ လူသားတိုင်းကို ဒုက္ခပေးမည့် အန္တရာယ်ဆိုးတစ်ခု ဖြစ်ပါသည်။ ကြွပ်ကြွပ်အိတ်အစား သင့်တော်ရာပစ္စည်းတစ်မျိုးမျိုးကို အစားထိုးသုံးကြဖို့ အနူးအညွတ် တိုက်တွန်းအပ်ပါသည်။
Tuesday, December 22, 2009
သတိပြုစရာ ကြွပ်ကြွပ်အိတ်နဲ့ စားစရာ - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Ref: The nature the treasure
( Health Digest ဂျာနယ် အတွဲ ၇၊ အမှတ် ၁၁ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
Posted by Ko Nyan Posted Time 8:27 PM
Labels ကျန်းမာရေး-Health, စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment