Monday, December 21, 2009

၂၀၀၉ ခုနှစ်အတွင်း ကြွေလွင့်ခဲ့သူများ


၂၀၀၉ ခုနှစ်အတွင်း စာပေ၊ အနုပညာ စသည့်ရပ်ဝန်းအသီးသီး၌ ကြယ်ပွင့်များ လင်းလက်ခဲ့သလို ကြယ်ကြွေပွင့်များလည်း ရှိခဲ့သည်။ ဒေါက်တာ ထီလာစစ်သူ၊ နာမည်ကျော် ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဆရာကံချွန်၊ ဆရာမောင်ဆုရှင်၊ နီကိုရဲ စသည့် စာပေနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ပန်တျာကြည်လင်၊ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ ဂီတစာဆို တက္ကသိုလ်ထွန်းနောင်၊ လူရွှင်တော်ကြီး ဦးဆိုနီ စသည့် ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်မှ ပုဂ္ဂိုလ်များ၊ စိတ်ပညာပါမောက္ခ ဒေါက်တာအောင်သန်းဦးနှင့် မြန်မာအမျိုးသမီးစွမ်းဆောင်ရှင် ဒေါ်ခင်မြင့်မြင့်၊ မြန်မာ့ပထမဆင့် ဖလောရင့်နိုက်တင်ဂေးဆုရှင် ဒေါ်ခင်အုံးမြ စသည့် တတ်သိပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ ၂၀၀၉ ခုနှစ်အတွင်း ကြွေလွင့်ခဲ့ရသည်။

နာမည်ကျော်ကာတွန်းဆရာကြီး ဦးဖေသိန်း
နာမည်ကြီး ကာတွန်းဆရာကြီး ဦးဖေသိန်း (မော်ကွန်းဝင် ဒုတိယဆင့်)သည် ဇွန် ၁၉ ရက်တွင် ကွယ်လွန်သွားခဲ့သည်။

မောင်ဆုရှင် (ခ) ဦးမျိုးသန့်
အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စာပေဖြင့် မြှင့်တင်ပေးခဲ့သော စာရေးဆရာကြီး မောင်ဆုရှင်သည် ဇွန် ၂ ရက်တွင် SSC အထူးကုဆေးခန်း၌ ကွယ်လွန်သွားခဲ့သည်။ နောက်ဆုံးချိန်အထိ စာပေဆုပေါင်းများစွာနှင့်အတူ ၀ိဇ္ဇာထူးချွန်ဆု (တတိယအဆင့်)၊ အမျိုးသားစာပေဆု၊ ပခုက္ကူဦးအုံးဖေ တစ်သက်တာဆု၊ သုတစွယ်စုံစာပေတစ်သက်တာဆုများ ရရှိခဲ့သည်။

ဇော်ဝမ်း
သင်္ကြန်မင်းသားကြီးဟု မြန်မာပရိသတ်များအကြား ရေပန်းစားခဲ့သော အနုပညာရှင်၊ ဇာတ်ကားပေါင်း ၁၅၀ ကျော်၊ သီချင်းပုဒ်ရေ ၁၀၀၀ ကျော် သီဆိုခဲ့သော ဇော်ဝမ်းသည် သြဂုတ် ၁၂ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဆရာကံချွန်
မန္တလေး Oriental House တွင် ကံချွန် ၂၀၀၉ တစ်ကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်နေစဉ် သြဂုတ် ၂၀ ရက် ပန်းချီပြပွဲနောက်ဆုံးနေ့တွင် ကွယ်လွန်ခဲ့သည်။

ဒေါ်ခင်မြင့်မြင့်
မယ်ဗမာဆုရှင်လည်းဖြစ်၊ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ၊ လူမှုထူးချွန် (ပထမဆင့်) ရခဲ့ပြီး ၂၀၀၈ ခုနှစ်အတွက် အာဆီယံနိုင်ငံများအတွင်း ထင်ရှားသည့် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုကို ရခဲ့သူ ဒေါ်ခင်မြင့်မြင့်သည် စက်တင်ဘာ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဦးစိုးညွန့် (ဒေါက်တာထီလာစစ်သူ)
ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး (အငြိမ်းစား)၊ ကဗျာ၊ စာပေပညာရှင် ဒေါက်တာထီလာစစ်သူသည် အောက်တိုဘာ ၂ ရက်တွင် ကွယ်လွန်ခဲ့သည်။်

ဒေါက်တာထွန်းနောင် (တက္ကသိုလ်ထွန်းနောင်)
မြန်မာသံစဉ်တေးများဖြင့် လူသိများခဲ့သော အဆိုတော် တက္ကသိုလ်ထွန်းနောင်သည် အောက်တိုဘာ ၆ ရက်တွင် ကွယ်လွန်ခဲ့သည်။

နီကိုရဲ
ရသစာပေများစွာကို ရေးသားခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးများတွင် သူ၏ ဇာတ်လမ်းများကိုလည်း ရိုက်ကူးခဲ့တဲ့ စာရေးဆရာ နီကိုရဲသည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် လှိုင်သာယာ လုမ္ဗိနီဆေးခန်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ပြည်သူ့အချစ်တော် လူရွှင်တော်ကြီး ဦးဆိုနီ
ဇာတ်သဘင်လောက၊ ရုပ်ရှင်လောက၊ ဗီဒီယိုလောကတွေမှာ ၄၁ နှစ်တိုင်တိုင် ဆိုနီ၊ မိုးကျော်ဆိုပြီး အတွဲညီညီ လျှောက်လှမ်းခဲ့ကြသော အနုပညာညီအစ်ကိုနှစ်ဦးမှ တစ်ဦးဖြစ်သူ ဦးဆိုနီသည် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်၌ သွားရောက်ဖျော်ဖြေစဉ် အောက်တိုဘာ ၃၀ ရက်တွင် တောင်ကြီး စ၀်စံထွန်းဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဗိုလ်မှူး ဒေါ်ခင်အုံးမြ
မြန်မာနို်င်ငံ၏ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရှင် ဗိုလ်မှူး ဒေါ်ခင်အုံးမြသည် နိုဝင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ရွှေမန်းပန်တျာကြည်လင်
ဇာတ်သဘင်လောကတွင် နာမည်ကြီးခဲ့သော ပန်တျာကြည်လင်သည် နိုဝင်ဘာ ၂၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

***ယခု နောက်ဆုံးကွယ်လွန်သွားသော စာရေးဆရာကြီးတစ်ဦးကို ထပ်မံထည့်သွင်းဖော်ပြလိုက်ပါသည်။

စာရေးဆရာအီကြာကွေး (ခ) ဓနုဖြူကျော်ထွန်း
ဟာသ၀တ္ထု၊ သရော်စာဝတ္ထုများစွာ ရေးသားခဲ့သူ စာရေးဆရာကြီး အီကြာကွေးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည်။

No comments:

Post a Comment

 
Web Statistics