အခုနောက်ပိုင်း ကျွန်တော့်ဘလော့ဂ်ကို အင်တာနက်ရှာဖွေရေး အင်ဂျင်တွေကနေတစ်ဆင့် ရောက်လာကြတဲ့လူအများစု ရှာကြတဲ့စကားလုံးက "သြရသ" ဆိုတာ ဖြစ်ပါတယ်။ အစကတော့ ဘယ်သူ့ကိုရှာမှန်းသေချာမသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဘလော့ဂ်မှာက သူငယ်ချင်းသြရသ ရေးထားတဲ့ စာတစ်ပုဒ်ကိုတင်ပေးထားတဲ့အတွက် ဒီသကောင့်သားကို ဘာဖြစ်လို့ ခဏခဏရှာပြီး လာဖတ်ကြသလဲဆိုတာကို စဉ်းစားလို့မရပါ။ ဒါပေမယ့် တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ် ခဏခဏ အဲဒီစကားလုံးကို ရှာကြတဲ့အတွက် ပေါ့ပေါ့တန်တန် နေလို့မဖြစ်တော့ပါဘူး။ တော်ကြာနေ သူတို့ရှာတဲ့အကြောင်းအရာမဟုတ်ဘဲ မဆိုင်တဲ့ဟာကို လာဖတ်မိတယ်ဆိုရင် အဲဒီလူအတွက် ပေးလိုက်ရတဲ့အချိန်တွေ အလကားဖြစ်တယ်လို့ ယူဆလို့ပါ။ ဂူဂဲလ်မှာ ရှာတဲ့အခါ ကျွန်တော်လိုချင်တာမဟုတ်ဘဲ ဟုတ်နိုး၊ ဟုတ်နိုးနဲ့ စာမျက်နှာတစ်ခုချင်းကို လိုက်ဖွင့်နေရတာကို မကြိုက်လှပါ။ အဲဒါကြောင့် သြရသ ဆိုတဲ့စကားလုံးကို ရှာတဲ့လူတွေ ဘာအကြောင်းသိချင်လို့လဲဆိုတာကို ခေါင်းစားရတာပေါ့ဗျာ။
အဲဒီလိုစဉ်းစားတော့လည်း သြရသက တစ်ယောက်တည်းမဟုတ်ပြန်ဘူး။ ကျွန်တော့်သူငယ်ချင်း စာရေးတဲ့ကောင်ကလည်း သြရသ၊ အခုနောက်ပိုင်း ဒါရိုက်တာ ညီညီထွန်းလွင်နဲ့အတူ တွဲဖက်ဒါရိုက်တာအဖြစ် ဇာတ်ကားတွေရိုက်နေတဲ့ သြရသ ဆိုတာကလည်း တစ်ယောက်ရှိသေးတယ်။ နောက်တစ်ယောက်က ရှာဖွေသူတွေ သိချင်တဲ့လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ အနီးစပ်ဆုံး ယူဆရတဲ့သူပါပဲ။
သူကတော့ အခုလောလောဆယ် အေသင်ချိုဆွေရဲ့ ပေါက်တဲ့အိုး တေးစီးရီးမှာ လမ်းမခွဲကြေး ဆိုတဲ့သီချင်းကို ရေး/ဆို ထားတဲ့ သီချင်းရေးဆရာ၊ တေးသံရှင်ဖြစ်ပါတယ်။ "နီးလျက်နဲ့ဝေး..... မဆုံနိုင်လို့ဆွေး.... တကယ်ဆို ချစ်ခဲ့ပြီးမှ လမ်းခွဲဖို့ကို လုံးဝမပြောနဲ့... အချစ်စစ်ရဲ့လမ်းကလေးရယ် မဖြောင့်တန်းဘူး... ရှေးစကားလေးရှိခဲ့တာပဲ..." ဆိုတဲ့ သီချင်းစာသားလေးတွေက အခုတလော လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိပါတယ်။ အဲဒီအတွက် ဒီစာသားလေးတွေရဲ့ ဖန်တီးသူ သြရသကိုပဲ သိချင်ကြတာဖြစ်မှာပါလို့ မှတ်ယူလိုက်ပါတယ်။
အဲဒီအတွက် ဂျာနယ်တွေထဲမှာ သြရသနဲ့ အေသင်ချိုဆွေနဲ့ ပတ်သက်ပြီး ဖတ်ရသမျှကို ပြန်တင်ပေးလိုက်ပါတယ်။
သြရသ
သြရသသည် တေးရေးတေးဆိုတစ်ယောက်အဖြစ် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ စတင်ရေးသားသီဆိုနေပြီး မကြာမီတွင်လည်း ပို့စ်မော်ဒန်အမျိုးအစား ၀တ္ထုတစ်အုပ်ထွက်ရှိရန် စီစဉ်နေကာ ၂၀၁၀ ဇွန်၊ ဇူလိုင်လများတွင်လည်း သူ၏ တစ်ကိုယ်တော်စီးရီးထွက်ရှိရန် စီစဉ်နေသည်ဟု သြရသက ပြောသည်။
အေသင်ချိုဆွေ
အထက(၂) စမ်းချောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး ယခုနှစ်တွင် Eco တွဲဖြင့် ၁၀ တန်းအောင်မြင်ထားသည်။ မွေးနေ့မှာ ၁-၈-၁၉၉၃ (တနင်္ဂနွေနေ့) ဖြစ်သည်။
်ကောင်းပါတယ်
ReplyDeleteနောက်ထပ် ရှာဖွေပေးပါနော်