Monday, December 21, 2009

ယုံကြည်မှုဆယ်ပါး၊ ဒီမိုကရေစီနှင့်ပုံရိပ် - မောင်စူးစမ်း


အင်စတီကျူးရှင်းနှင့် လူ့အဖွဲ့အစည်း
ဒီမိုကရေစီထူထောင်မြှင့်တင်ရေးကိစ္စတွင် Trust ယုံကြည်မှု တည်ဆောက်ရေးသည် အလွန်အရေးကြီးသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့က ယုံကြည်မှုမြဲမှ ဒီမိုကရေစီမြဲမည်ဟု ပြောသည်။ ထို့ကြောင့် နိုင်ငံရေးသိပ္ပံပညာရှင်တို့က ယုံကြည်မှုဆယ်ပါးအကြောင်း ရှင်းပြသည်။ ယုံကြည်မှုဆိုရာ၌ အင်စတီကျူးရှင်း (အဖွဲ့အစည်းအဆောက်အဦ) တို့အပေါ် ယုံကြည်မှုကို အဓိကညွှန်းသည်။ အင်စတီကျူးရှင်းတို့၌လည်း နိုင်ငံတော်ဆိုင်ရာ အင်စတီကျူးရှင်း Institution of the State နှင့် လူ့အဖွဲ့အစည်းဆိုင်ရာ အင်စတီကျူးရှင်း Institution of the Society ဆိုပြီး နှစ်မျိုးရှိသည်။ ယုံကြည်မှု Trust သည် နှစ်မျိုးစလုံးအပေါ်၌ ခိုင်မြဲရမည်။

ခုနစ်ပါးနှင့် သုံးပါး
ယုံကြည်မှုဆယ်ပါးထဲတွင် နိုင်ငံတော်ဆိုင်ရာ အင်စတီကျူးရှင်းက ခုနစ်ပါး၊ လူ့အဖွဲ့အစည်းဆိုင်ရာ အင်စတီကျူးရှင်းက သုံးပါး ပေါင်းဆယ်ပါး အောက်ပါအတိုင်းရှိသည်။

နိုင်ငံတော်ဆိုင်ရာ အင်စတီကျူးရှင်းအပေါ် ယုံကြည်မှု
(၁) စစ်တပ်အပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။
(၂) ဒေသအစိုးရအပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။
(၃) ရဲအပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။
(၄) နိုင်ငံလုံးဆိုင်ရာ ဗဟိုအစိုးရအပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။
(၅) သမ္မတအပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။
(၆) ပါလီမန်လွှတ်တော်အပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။
(၇) တရားဥပဒေစနစ်အပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။

လူ့အဖွဲ့အစည်းဆိုင်ရာ အင်စတီကျူးရှင်းအပေါ် ယုံကြည်မှု
(၈) ဘာသာရေးအဖွဲ့အစည်းအပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။
(၉) မီဒီယာအပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။
(၁၀) အလုပ်သမား၊ နိုင်ငံရေးပါတီတို့အပေါ် ဘယ်လောက်ယုံကြည်ကြသလဲ။

ဈေးကွက်
အဆိုပါ ၁၀ မျိုးသော အင်စတီကျူးရှင်းတို့အကြောင်း ပုံရိပ်တို့ဖြင့် သရုပ်ဖော်ပြလေ့ရှိရာ မျက်နှာစာတစ်ဖက်တည်းရှိသော ပုံရိပ်ကို အချို့နိုင်ငံတို့၌ အသုံးပြုတတ်ကြသည်။ ဥပမာ - ရုရှား၌ သမ္မတဟောင်း ယာစင်ကိုသာလျှင် ဒီမိုကရေစီ၏ သင်္ကေတအဖြစ် နားလည်ပြီး ဒီမိုကရေစီသည် ယာစင်၊ ယာစင်သည် ဒီမိုကရေစီဟု ကြွေးကြော်သံ ထုတ်ခဲ့ဖူးသည်။ ဤလိုပုံရိပ်တစ်ခုတည်းပါ မျက်နှာစာကို ရုရှားတို့က မထောက်ခံခဲ့ကြပေ။ ဤလိုပုံရိပ်တစ်ခုတည်း မျက်နှာစာသည်လည်း ယခုလို ပို့စ်မော်ဒန်ခေတ်၌ မဆီလျော်ပြီ။ ခေတ်ရေစီးကြောင်းနှင့် ဆန့်ကျင်သွားသည်။

ယုံကြည်မှုပျက်ပြားနေလျှင် မည်သည့်အင်စတီကျူးရှင်း၌ အဓိကပျက်ပြားနေသနည်းဟု စုံစမ်းသင့်သည်။ အထက်ပါ အင်စတီကျူးရှင်းဆယ်ပါးတွင် ဈေးကွက် (Market)ကို ထည့်မတွက်ထားပေ။ စင်စစ်၌ ဈေးကွက်အပေါ် လူထု၏ သဘောထားအမြင်ကလည်း အလွန်အရေးကြီးသည်။ ဗဟိုစီမံကိန်းစနစ်မှ ဈေးကွက်စီးပွားရေးစနစ်ဆီသို့ အသွင်ကူးပြောင်းနေရသော နိုင်ငံတို့၌ ဈေးကွက်အပေါ် လူတို့၏ ယုံကြည်မှုကလည်း အချက်အချာကျနေလေရာ ဗဟိုချုပ်ကိုင်မှု အမိန့်ပေးစီးပွားရေးကို နှစ်သက်သလား သို့တည်းမဟုတ် ဈေးကွက်စီးပွားရေးကို နှစ်သက်သလားဆိုသော မေးခွန်းကို မေးထိုက်သည်ဟု အချို့ကဆိုသည်။

ရွေးစရာမဟုတ်
အချို့က ဤသို့ မေးရန်မလိုပါဟု ပြောသည်။ အကြောင်းမူ ဈေးကွက်စီးပွားရေးသည် လူအများ၏ ဆန္ဒနှင့်ကင်းပြီး မလွဲမသွေ ဖြစ်ထွန်းရမည့်စနစ် ဖြစ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဈေးကွက်ယန္တရားသည် ရွေးချယ်ရန်မဟုတ်၊ လက်ခံရန်သာဖြစ်သည်။ ထို့ကြောင့် ယုံကြည်မှုကို စစ်ဆေးရန်အကြောင်းမရှိပါဟု ဆိုသည်။ အချို့က ဈေးကွက်သည် အင်စတီကျူးရှင်းမဟုတ်၊ စနစ်ဖြစ်သည်ဟု ခြားနားပြောဆိုသည်။

မောင်စူးစမ်း
အညွှန်း - International Social Science Journal

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၇ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics