Monday, December 21, 2009

အားဆေးအငြိမ့် - သုခမိန်လှိုင်


ဆရာ့ ပထမအားဆေး သောက်လိုက်တာ
ကျွန်တော် ဂေါ်ဇီလာ ၁၀ ကောင်လောက် အစိမ်းလိုက် ၀ါးစားပစ်ချင်တယ် ဆရာ
အကောင် ၄၀ လောက် စားပစ်လိုက်စမ်း
စားနိုင်တုန်း စားရတာ စားသာစား..
ဆရာ ကျွန်တော် ဆရာ့ ဒုတိယအားဆေး သောက်လိုက်တာ
စစ်ကိုင်း တံတားကြီးကို ၀ါးစားပစ်ချင်တယ် ဆရာ
ဟေ့ စားရတုန်း စားရတာ စားသာစား…

ဒီအားဆေး ဆိုင်တိုင်းမှာတောင် ၀ယ်လို့ မရပါဘူး
ပလက်ဖောင်းပေါ်မှာ ၀ယ်ရပါတယ်
သြော် ပြည်သူထဲမှာ နှံ့နှံ့စပ်စပ် ဖြစ်အောင် ဖြန့်ချိတာ
အင်မတန်ကောင်းတဲ့ အားဆေးပါ ခင်ဗျာ
တနင်္သာရီတိုင်း ကျောက်ဆောင်များပေါ်ကရတဲ့ ငှက်သိုက်၊ ငါးကြီးအန်ဖတ်
အရက်သမား အန်ဖတ်၊ အစာအိမ် ရောဂါသည် အန်ဖတ်၊ ဗိုက်ကြီးသည် အန်ဖတ်
အဲဒီလို အန်ဖတ်ပေါင်းစုံ… ကရင်ပြည်နယ်
ဟိုး… ကချင်ပြည်နယ် ရေခဲတောင်ပေါ်က တူးဖော်ရရှိထားတဲ့ မချစ်ဥ
… မြင်ကတ်ဥ၊ မျက်ခွက် မကြည့်ချင်ဥ၊ သေခန်းပြတ်ဥ၊ အဲဒီလို ဥပေါင်းစုံ
မရှော့ရွက်၊ တိုးသထက်တိုးရွက်၊ လုပ်ချင်ရာလုပ်ရွက်၊ ပြဿနာတက်ရွက်
ဥပေါင်းစုံ… အရွက်ပေါင်းစုံ….
သနပ်ခါးမြစ်၊ တောရှောက်မြစ်… ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်
အဲဒီလို မြစ်ပေါင်းစုံ၊ အရွက်ပေါင်းစုံနဲ့ ဖော်စပ်ထားတဲ့ အားဆေးပါခင်ဗျာ…

ကျွန်တော်အငြိမ့်ထောင်လျှင်
အစားအသောက် မကောင်းတဲ့ အီသီယိုပီးယားများအတွက်
ဤအားဆေးအငြိမ့် ဖွဲ့ဖြစ်အောင် ဖွဲ့ပါမည်။

အညွှန်း
ဦးထင်ပေါ်၊ ဦးချစ်စရာ၊ ဒေါ်လာ၊ စွမ်းထက်အောင်၊ ဒါရိုက်တာ - ဟာဂျူလီ (ကသာ)၊ (မြိုင်မြိုင်ဆိုင်ဆိုင် ပိုင်ပိုင် ကတဲ့ပွဲ)

(၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် သရဖူ မဂ္ဂဇင်း အမှတ် ၁၄၆ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics