(၁)
ဇာတ်ကားအမည် - ဒယ်ဒီဘိုးဘိုး
ဝတ္ထု၊ ဇာတ်ညွှန်း - လွင်မင်းအံ့
တွဲဖက်ဒါရိုက်တာ - သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - လူမင်း၊ မို့မို့မြင့်အောင်၊ မိုးယုစံ၊ သတ္တိ၊ waiလျှံ၊ အရိုင်း၊ ဧရာ၊ ငှက်ပျောကြော်၊ ဇော်ဝင်းနိုင်(မန်း)၊ ဟိန်းမင်း၊ ထူးသာ၊ ပွင့်၊ သန်းသန်းစိုး၊ စောမိုးကလျာ၊ လင်းမောင်မောင်၊ အောင်တိုး
ဇာတ်လမ်းအကျဉ်း
အသက်ကြီးတယ်လို့ အပြောမခံချင်၊ လူငယ်လိုပဲနေချင်တဲ့ ဦးခိုင်လင်းဆိုတဲ့ လူတစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ။ ကိုယ့်သားအရွယ် ခေတ်လူငယ်တွေနဲ့အပြိုင် စစ်တုရင်ထိုးလိုက်၊ အင်တာနက်ဆိုင်မှာ ချတ်တင်းထိုင်လိုက်၊ ဘောလုံးကန်လိုက်နဲ့ ကိုယ့်ကိုကိုယ် လူငယ်တစ်ယောက်လိုပဲ အမြဲခံယူထားတဲ့အတွက် ပတ်ဝန်းကျင်နဲ့ လွဲချော်မှုဖြစ်ရတာလေးတွေကို ဟာသလေးတွေနှောပြီး တင်ပြထားတာပါ။ နောက်ဆုံးမှာတော့ သမီးလုပ်တဲ့လူမွေးတဲ့ မြေးဦးလေးကြောင့် အဘိုးရာထူးရတာကို မကျေမနပ်ဖြစ်ပြီး မြေးလုပ်သူကို မချစ်ဟန်ဆောင်ကာ နေပြတဲ့အကြောင်း ရိုက်ပြထားတာပါ။
ဝေဖန်သုံးသပ်ချက်
ဇာတ်ဆောင်အင်အား တောင့်တောင့်တင်းတင်းနဲ့ ရိုက်ပြထားတာတစ်ခုတည်းနဲ့တင် ဒီဇာတ်ကားကို ကြည့်ရတာ တန်နေပါပြီ။ လေးငါးယောက်လောက်နဲ့ မရှိတဲ့ဇာတ်လမ်းကို အဖြစ်ရိုက်ပြပြီး ကိုယ့်အချိန်တွေကို အလကားခိုးယူနေတဲ့ ဗီဒီယိုဇာတ်ကားတွေကြားမှာ ဒီလိုဇာတ်ကားလေးတွေ ထွက်လာတာဟာ ၀မ်းသာစရာပါ။
ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အချိန်မှာ ကြည့်တဲ့သူစိတ်ထဲ အနည်းနဲ့အများဆိုသလို ပေါ့ပါးလွတ်လပ်သွားမယ်ဆိုတာ အသေအချာပါပဲ။ တစ်ကားလုံးလောက်နီးနီး တ၀ါးဝါးတဟားဟားနဲ့ ပွဲကျမယ့်အခန်းတွေကလည်း ကြည့်တဲ့သူတွေကို ကျေနပ်စေမှာပါ။
အရယ်အသောလေးတွေကြားမှာ သင်ခန်းစာပေးဆုံးမစကားလေးတွေကို အလျဉ်းသင့်သလို ပါးပါးလေးထည့်ပြသွားတာကလည်း ဇာတ်ညွှန်းရေးဆရာရဲ့ ပညာပဲထင်ပါရဲ့။
လူမင်းကလည်း ဒီဇာတ်ကားမှာ ဦးခိုင်လင်းဆိုတဲ့ ဇာတ်ကောင်စရိုက်ကို အကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ သူ့ဇာတ်ဖြစ်တဲ့ဒီဇာတ်ကားမှာ ရထားတဲ့အခွင့်အရေးတွေကို ပီပီပြင်ပြင် အသုံးချသွားနိုင်ပါတယ်။
မို့မို့မြင့်အောင်ကလည်း ဒီဇာတ်ကားမှာ ဦးခိုင်လင်းရဲ့ ဇနီးသည်နေရာကို အပီပြင်လွန်အောင်ကို သရုပ်ဆောင်ပြသွားနိုင်ပါတယ်။
ဦးခိုင်လင်းနဲ့ အွန်လိုင်းမှာတွေ့ပြီး လာနွယ်တဲ့ ပိုးပိုးဆိုတဲ့ ကောင်မလေးကိုလည်း အမှတ်ထင်ထင် ဖြစ်သွားမိတယ်။ ကျွန်တော်နဲ့ အတူကြည့်နေတဲ့ သူငယ်ချင်းတွေအားလုံး တစ်ညီတညွတ်တည်းမေးတာကတော့ အဲဒါဘယ်သူလဲတဲ့။ ကျွန်တော့်အထင်ကတော့ စောမိုးကလျာ ဆိုတာပဲ ဖြစ်မယ်ထင်ပါတယ်။ ကြိုးစားသွားရင် နာမည်တက်လာနိုင်တဲ့ မင်းသမီးငယ်တစ်လက်လို့ မြင်မိပါတယ်။
ကျန်တဲ့ဇာတ်ကောင်တွေကလည်း သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ သရုပ်ဆောင်သွားကြတာဟာ တကယ့်ကို ကွက်တိပါပဲ။
ဒီဇာတ်ကားမှာ အမှတ်ထင်ထင်ဖြစ်သွားတာက waiလျှံပါ။ အခြားဇာတ်ကားတွေ ကျွန်တော်မကြည့်ဖူးတဲ့အတွက် အသစ်လို့ပဲ ယူဆပါတယ်။ ၂၀၀၈ ခုနှစ်မှာ ခေတ်စားခဲ့တဲ့ သင်္ကြန်သီချင်းတစ်ပုဒ်မှာပဲ သူ့ကိုတွေ့ဖူးတာပါ။ ဒီဇာတ်ကားမှာတော့ ဦးခိုင်လင်းရဲ့ သားအဖြစ် ပီပြင်အောင် သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ ဇာတ်ကားရိုက်နေတဲ့ပုံစံတောင်မပေါက်ဘဲ အပြင်မှာနေတဲ့ပုံစံအတိုင်း သရုပ်ဆောင်ပြသွားနိုင်တာဟာ သူကိုယ်တိုင်ရဲ့ အရည်အချင်းလား၊ ဒါရိုက်တာတော်လို့လားဆိုတာတော့ စာဖတ်သူကိုယ်တိုင်ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြည့်ပါတော့။
ဘာပဲဖြစ်ဖြစ် အားလပ်ချိန်ခဏလေးမှာ အပျင်းပြေအဖြစ် ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်ချင်လို့ ဗီဒီယိုဇာတ်ကား ငှားကြည့်မယ်ဆိုရင် "ဒယ်ဒီဘိုးဘိုး" ဆိုတဲ့ ဇာတ်ကားလေးကို မြည်းစမ်းကြည့်ပါဦးလို့ တိုက်တွန်းလိုပါတယ်။
(၂)
ဇာတ်ကားအမည် - မ ရဲ့ ပါးတစ်ဖက်
ဇာတ်လမ်း - ကိုထိုက်
ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
ဒါရိုက်တာ - ၀င်းထွန်းထွန်း ၏ အနုပညာပြချက်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ အိန္ဒြာကျော်ဇင်၊ ရဲမွန်၊ ခင်စိုးပိုင်၊ ထွန်းထွန်းဝင်း၊ ဇော်ဇော်အောင်
ဇာတ်လမ်းအကျဉ်း
သီချင်းတစ်ပုဒ်ကြောင့် ဘုမသိဘမသိ မိန်းမတစ်ယောက်က ပါးရိုက်တာကို ခံလိုက်ရတဲ့အချိန်မှာ ဆတ်ဆတ်ထိမခံ အဲဒီမိန်းမကို ပါးပြန်ရိုက်လိုက်တာကနေတစ်ဆင့် ဒီဇာတ်လမ်းဖြစ်လာခဲ့တာပါပဲ။ နာကျင်မှု၊ ရှက်ရွံ့မှုတွေနဲ့အတူ လက်စားချေလိုမှုတွေကြောင့် မိန်းမမာယာသုံးပြီး လှည့်စားအကွက်ဆင်မိရာက….။
ဝေဖန်သုံးသပ်ချက်
အဆိုးဝါးဆုံး ဒိုင်ယာရီ
ဇာတ်ကားတော်တော်များများမှာပါတဲ့ ဒိုင်ယာရီရေးတာနဲ့ ပတ်သက်လို့ ရိုက်ပြတာအများစုဟာ မကောင်းတဲ့အကျိုးတွေပဲ ဖြစ်နေတာကို လုံးဝ(လုံးဝ)ကို မကျေနပ်ဘူး။ ဒါဟာ ဒိုင်ယာရီရေးခြင်းကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်းလို့ မြင်တယ်။ ဒိုင်ယာရီဆိုတာ စိတ်နာကျင်မှ၊ ချစ်သူနဲ့အမှတ်တရလေးတွေဖြစ်မှ၊ လက်စားချေချင်တာ၊ အကြွေးတောင်းစရာ၊ ပေးစရာရှိမှ ရေးမှတ်ရတဲ့အရာလို့ ဘယ်သူကများ တလွဲလမ်းညွှန်လိုက်သလဲမသိဘူး။ ဒိုင်ယာရီရေးခြင်းရဲ့ အကျိုးကျေးဇူးကို မသိတဲ့လူတွေက အခုလို သောက်တလွဲတွေ ရိုက်ပြနေတာကို တားမြစ်သင့်နေပါပြီ။ ကျွန်တော်တို့လူမျိုးတွေ အခုလို မှတ်တမ်းမှတ်ရာရေးတဲ့အကျင့် အားနည်းခဲ့လို့လည်း ကိုယ့်နိုင်ငံသမိုင်း ရေးတဲ့လူတွေအများစုက နိုင်ငံခြားသားတွေချည်းပဲ ဖြစ်နေတာကို ရှက်ကြပုံလည်းမရပါဘူး။ ဒီဇာတ်ကားမှာ ဒိုင်ယာရီစာအုပ်တစ်အုပ်ကြောင့် ပြဿနာဖြစ်ရတယ်လို့ တင်ပြထားတာဟာ ဒီဇာတ်လမ်းရဲ့ အကြီးမားဆုံး အားနည်းချက်ပါပဲ။ အဲဒီတစ်ချက်တည်းနဲ့ ဒီဇာတ်ကားကို ကျွန်တော်အနေနဲ့ impression အောက်သွားပါတယ်။
သီချင်းတစ်ပုဒ်ကြားလို့ သူများအိမ်ထဲဝင်ပြီး သီချင်းဆိုနေတဲ့လူကို ပါးရိုက်တာကလည်း နည်းနည်းများ ပေါကြောင်ကြောင် နိုင်နေသလားလို့ပါ။ ရှိချင်လည်း ရှိမှာပေါ့နော်။ ကျွန်တော်တော့ မကြုံဖူးလို့ပါ။
ကုမ္ပဏီမှာ ရှိသမျှလူအားလုံးနဲ့ အစည်းအဝေးလုပ်တာကလည်း လူလေး ၁၀ ယောက်တောင် မပြည့်ဘူး။ ဘာလုပ်ငန်းတွေများ လုပ်သလဲမသိဘူး။ Design Center ဆိုတဲ့နာမည်ကြီးတော့ တွေ့တာပဲ။ ဒါပေမယ့် ဘာတွေကို ဘယ်လိုဒီဇိုင်းလုပ်သလဲတော့ မသိဘူး။ သူတို့ပြတဲ့အထဲမှာလည်း အဲဒါနဲ့ဆိုင်တာ တစ်ခုမှမပါဘူး။
အမေလုပ်တဲ့လူရှေ့မှာ သမီးက ရည်းစားနဲ့ ဖလူးဖလူးထနေတာကို ရိုက်ပြထားတာကလည်း ရင်လေးစရာကြီးပါပဲ။ အဲဒီလိုအမေကိုလည်း လေးစားလို့ကို မဆုံးဘူး။ တော်တော်လေးကို မီးနာပုံရတယ်။
ဇာတ်လမ်းလှည့်ကွက်လေးကတော့ မဆိုးလှပါဘူး။ လူငယ်တွေတော့ အကြိုက်တွေ့စေမှာပါ။
ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ကြီးကြီးမားမားမဟုတ်ဘဲ အပျင်းပြေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုလို့ ညွှန်းချင်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့။
နေ့လည် ၂ နာရီ ၄၆ မိနစ်တွင်ပြီး၏။
No comments:
Post a Comment