Monday, December 21, 2009

တောင်ငူခေတ်


တောင်ငူမြို့ကို သ၀န်ကြီး သ၀န်ငယ်တို့ တည်ထောင်စိုးစံပြီးသည်မှစ၍ မင်းစည်သူ လက်ထက်အထိ မင်း ၂၈ ပါး အစဉ်အလိုက် စိုးစံခဲ့ကြရာ ၈၄၇ ခုနှစ်သို့ တိုင်လေသည်။ သို့ရာတွင် အင်းဝလက်အောက်ခံ မင်းငယ်များသာ ဖြစ်ခဲ့လေသည်။ မင်းစည်သူ၏တူ မင်းကြီးညို လက်ထက်တွင်ကား သီးခြားလွတ်လပ်စွာ မင်းပြု၍ ကေတုမတီမြို့ကို တည်ထောင်ခဲ့လေသည်။ ထို့ကြောင့် မင်းကြီးညိုမှစ၍ နန္ဒဘုရင်အထိ မင်း ၄ ပါးကို ဒုတိယတောင်ငူဆက်မင်းများအဖြစ် မှတ်သားကြလေသည်။ ဆင်ဖြူ့ရှင် ဟံသာဝတီသို့ ပြောင်းပြီးနောက် တောင်ငူတွင် နတ်သျှင်နောင်အထိ မြို့စားမင်း ၃ ဆက် ဆက်လက်အုပ်စိုးလေသည်။

၁။ မင်းကြီးညို (၈၄၇-၈၉၂)
ပင်းယ ငါးစီးရှင်ကျော်စွာ၏ အဆက်အနွယ်ဖြစ်သော မင်းကြီးညိုသည် မဟာသီရိဇေယျဘွဲ့ဖြင့် နန်းတက်၍ ၈၇၂ ခုနှစ်တွင် ကေတုမတီမြို့ကို တည်လေသည်။ ဆင်အုံကန်ကိုဆည်၍ တောင်ဘက်တစ်ခွင်မြို့များကို သိမ်းသွင်းလေသည်။ ငနွယ်ကုန်း သူကြီးသမီး ခင်ဦးကို ကောက်ယူရာတွင် ၈၇၇ ခုနှစ်၌ သားတော် တပင်ရွှေထီးကို ဖွားမြင်လေသည်။ အင်းဝ ရွှေနန်းကြော့ရှင်နှင့် နန်းပြိုင်ဖြစ်လေသည်။

၂။ တပင်ရွှေထီး (၈၉၂-၉၁၂)
မင်းကြီးညို နတ်ရွာစံလျှင် အသက် ၁၄ နှစ်မျှသာရှိသော တပင်ရွှေထီး နန်းတက်လေသည်။ ဟံသာဝတီ မွန်ဘုရင်၏ ဒေသရှိ ပဲခူးရွှေမော်ဓောစေတီရင်ပြင်၌ နားထွင်းပွဲ ဆင်ယင်လေရာ မွန်ဘုရင် သုရှင်တကာရွတ်ပိ၏ တပ်များပင် မတိုက်ဝံ့ဘဲ ရှိလေသည်။ ၈၉၆ ခုနှစ်တွင်ကား ဟံသာဝတီကို တိုက်လေသည်။ အထိန်းတော်မင်းဆွေ၏သား ကျော်ထင်နော်ရထာဘွဲ့ခံ ရှင်ရဲထွတ်သည် သူရသတ္တိရှိလှ၍ တပင်ရွှေထီးက နှမတော် သခင်ကြီးနှင့် စုံဖက်၍ ဘုရင့်နောင်ဘွဲ့ပေးလေသည်။ ၈၉၉ ခုနှစ်တွင် ဟံသာဝတီကို တိုက်ပြန်ရာ သုရှင်တကာရွတ်ပိသည် ယောက်ဖတော် ပြည်ဘုရင် နရပတိထံ ပြေးဝင်လေသည်။ ဟံသာဝတီကိုရပြီးသော် မုတ္တမစား စောဗညားကို တိုက်ခိုက်သိမ်းယူပြန်လေသည်။ ၉၀၃ ခုနှစ်တွင် ရွှေတိဂုံစေတီကို ထီးတင်လေသည်။ ၉၀၄ ခုနှစ်တွင် အင်းဝ၌ သိုဟန်ဘွားကို လုပ်ကြံ၍ အုန်းဘောင်ခုံမှိုင်း နန်းစံလျက်ရှိပြီ ဖြစ်လေသည်။

၃။ ဆင်ဖြူရှင် (ဘုရင့်နောင်) (၉၁၃-၉၄၃)
တပင်ရွှေထီးသည် စစ်တောင်းစား အမတ်သမိန်စောထွတ် လုပ်ကြံ၍ နတ်ရွာစံပြီးနောက် သမိန်စောထွတ်သည် သမိန်စက္ကဝေါဘွဲ့ဖြင့် မင်းပြုလေသည်။ ဘုရင့်နောင်မှာ ရန်သူကိုတိုက်ခိုက်ရင်း ဒလတွင် ရှိနေလေသည်။ မှူးမတ်တို့က သမိန်စက္ကဝေါကို နန်းချ၍ သမိန်ထောရာမကို နန်းတင်လေသည်။ ဘုရင့်နောင်လည်း တောင်ငူကို သိမ်းပိုက်ပြီး ပြည်ကိုပါ သိမ်းယူလေသည်။ ၉၁၃ ခုနှစ်တွင် ဟံသာဝတီသို့ ချီတက်သိမ်းယူနိုင်၍ နိုင်ငံတော်ကို ပြန်လည်ထူထောင်ရလေသည်။ ၉၁၆ ခုနှစ်တွင် အင်းဝစည်သူကျော်ထင်ကို တိုက်ခိုက်သိမ်းယူလေသည်။ ၉၁၈ ခုနှစ်တွင် ရှမ်းနယ်များကို သိမ်းယူလေသည်။ နိုင်ငံတစ်ဝှမ်းတွင် တင်း၊ ခွဲ၊ ကျပ်၊ မူး၊ ပဲ စသည်တို့ကို တညီတညွတ်တည်း ဖြစ်စေ၍ မိစ္ဆာအယူကိုလည်း တားမြစ်လေသည်။ မဏိပူရသို့လည်းကောင်း၊ ယိုးဒယားသို့လည်းကောင်း ချီတက်အောင်မြင်လေသည်။ ၉၂၈ ခုနှစ်တွင် ဟံသာဝတီမြို့တော်သစ် တည်လေသည်။

၎။ ငါးဆူဒါယကာ နန္ဒဘုရင် (၉၄၃-၉၆၁)
ဟံသာဝတီ ဆင်ဖြူရှင် နတ်ရွာစံသော် သားတော်နန္ဒဘုရင်က ထီးနန်းဆက်ခံလေသည်။ မိဖုရားကြီးမှာ တပင်ရွှေထီး၏ သမီးတော် ပဲခူးမိဖုရားဖြစ်လေသည်။ သားတော်မင်းကြီးစွာကို အိမ်ရှေ့ပေး၍ အင်းဝဘုရင် သတိုးမင်းစော၏ သမီးတော်နှင့် စုံဖက်လေသည်။ သို့ရာတွင် ဘုရင့်နောင်၏ သမီးတော် ရာဇဓာတုကလျာကိုသာ တပ်မက်လေသည်။ ထိုမင်းလက်ထက် အင်းဝသတိုးမင်းစောနှင့် စစ်ဖြစ်ရာ သတိုးမင်းစော အရေးနိမ့်လေသည်။ ၉၄၆ ခုနှစ်တွင် ယိုးဒယားက ခြားနားသဖြင့် ချီတက်လေသည်။ ၅ ကြိမ်တိုင် ချီတက်သော်လည်း အရေးမရပေ။ ၉၆၀ ခုနှစ်တွင် ရခိုင်နှင့် တောင်ငူပေါင်း၍ ဟံသာဝတီကို တိုက်ခိုက်ပြန်လေသည်။ နယ်စွန်နယ်ဖျားတို့ကလည်း ပုန်ကန်ခြားနားလေသည်။ ထို့ကြောင့် ဟံသာဝတီသည် ကစဥ့်ကလျား ဖြစ်ရလေတော့သည်။

(လှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics