(၁)
(အဖြစ်အပျက်)
ဒီနေ့ နေ့လည်စာ စားအပြီးမှာ ခဏတဖြုတ်နားရင်း ရုံးကအဖွဲ့တွေနဲ့ စကားစမြည်ပြောဖြစ်ပါတယ်။ သူ့အဖွဲ့လေးတွေနဲ့သူ ကိုယ်စိတ်ဝင်စားရာကို ပြောကြတာပေါ့ဗျာ။ ကျွန်တော့်ဘေးနားက၀ိုင်းက အပြန်အလှန်ပြောဆိုနေသံတွေက ကျွန်တော့်စိတ်ဝင်စားမှုတွေကို အပိုင်သိမ်းသွားခဲ့ပါတယ်။
"ရာသီဥတုကလည်း အေးလာပြီနော်၊ ညပိုင်းဆိုရင် အပြင်ထွက်ရတာ အဆင်မပြေဘူး"
"ဟုတ်ပါရဲ့ဟယ်၊ ဒီနှစ်အတော်အေးတာဟ"
"သြော်... အပြန်ကျရင် လက်အိတ်ဝင်ဝယ်ရဦးမယ်"
"ဟင်... ဟိုတလောကမှ နင်အသစ်ဝယ်ထားတာမဟုတ်ဘူးလား"
"ဟုတ်တယ်၊ မနေ့ညက လက်ဖက်ရည်ဆိုင်ထိုင်ရင်း စားပွဲထိုးလေးက လက်အိတ်မရှိဘူးပြောလို့ ပေးလိုက်တယ်"
"အမယ်လေးဟယ်... နင်ကလည်း ဘီလ်ဂိတ်ကျနေတာပဲ၊ အဲဒီလိုသာ မရှိတိုင်း လိုက်ပေးနေရင် နင်တော့မွဲမှာပဲ"
(အတွေး)
လက်အိတ်လေးတစ်ခု မရှိတဲ့လူကို ပေးဖို့အတွက် ဘီလ်ဂိတ်လို ချမ်းသာဖို့ လိုပါသလား။ ကိုယ့်လက်အိတ်လေး သူများကို ပေးလိုက်မိတာကိုပဲ ရာဇ၀တ်မှုကျူးလွန်တဲ့ တရားခံတစ်ယောက်လို ပြောဆိုတာကရော။ လူလူချင်း သနားစာနာတာဟာ ချီးကျူးရမယ့် အလုပ်မဟုတ်ဘူးလား။ အားပေးရမယ့်အလုပ် မဟုတ်ဘူးလား။ ကိုယ်တိုင်လည်း လုပ်သင့်တဲ့အလုပ် မဟုတ်ဘူးလား။ အိမ်မှာလည်း ကိုယ့်ဘာသာကိုယ် စားနိုင်သောက်နိုင်တဲ့ လူတွေကိုပဲခေါ်ပြီး ပါတီလုပ်ပေးလိုက်၊ မွေးနေ့လုပ်ပေးလိုက်၊ ဘုရားကိုးဆူပွဲလုပ်လိုက်နဲ့ ဟိုဟာကျွေး၊ ဒီဟာကျွေးနေတာထက် အခုလိုမျိုး ကိုယ်နိုင်သလောက်လေး ပေးကမ်းစွန့်ကြဲပြီး ပီတိဖြစ်တာဟာ ပိုမကောင်းဘူးလား။ ကျွန်တော်တွေးကြည့်မိတယ်... လက်အိတ်ပေးလိုက်တာကို မကျေနပ်ဟန်ပြတဲ့ သူ့ကို ကျွန်တော်ကများ မွေးနေ့အထိမ်းအမှတ်ဆိုပြီး တိုက်ခန်းတစ်ခန်းလောက် ၀ယ်ပေးလိုက်ရင် ဘယ်လိုပြောမလဲ မသိဘူးနော်။ ကျွန်တော်ထင်တာကတော့ အသက်ရှည်ပါစေ၊ ကျန်းမာပါစေ၊ အောင်မြင်ပါစေ၊ စသည်ဖြင့် ပါစေတွေအများကြီးနဲ့ ဆုတောင်းစကားတွေ တသီကြီးနဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလုံးတွေ သိန်းသန်းကုဋေ ထွက်လာမယ်ထင်တာပါပဲ။ ခင်ဗျားရော ဘယ်လိုထင်သလဲဗျ။ (အတွေးထဲမှာပေးကြည့်တာနော်... အပြင်မှာ လာမတောင်းပါနဲ့၊ ကျွန်တော်တောင် နေစရာ ကိုယ်ပိုင်တိုက်ခန်းမရှိဘူး၊ ကြွားတာမဟုတ်ပါ။ ဤကားစကားချပ်)
(၂)
(အဖြစ်အပျက်)
မနေ့ညက ကျွန်တော်တို့နဲ့ ခင်မင်နေတယ်လို့ ပြောလို့ရတဲ့ လူတစ်ယောက် ယာဉ်မတော်တဆမှုတစ်ခုနဲ့ ဆုံးပါးသွားပါတယ်။ သူ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ သူနဲ့ အတော်လေးရင်းနှီးပါတယ်။ သူလည်း စိတ်မကောင်းဖြစ်နေပါတယ်။ မနေ့ညနေပိုင်းကတင် ကွမ်းယာဆိုင်မှာတွေ့လို့ စကားစမြည် ပြောဖြစ်ခဲ့သေးတယ်တဲ့။ အခုတော့ နေ့မြင်ညပျောက်ဆိုသလိုပဲ အဲဒီလူက သေသွားခဲ့ပါပြီ။
(အတွေး)
ကျွန်တော်အပါအ၀င် လူတော်တော်များများဟာ ပတ်ဝန်းကျင်က ခင်မင်ရင်းနှီးတဲ့၊ သို့မဟုတ် လုံးဝမသိတဲ့လူတွေ သေနေတာကို မကြာခဏဆိုသလို မြင်နေ၊ ကြားနေ၊ သိနေကြတာပါပဲ။ ဒါပေမယ့်လို့ အဲဒီလိုသေတဲ့လူဟာ ငါကိုယ်တိုင်လည်း ဖြစ်နိုင်တာပဲဆိုတာကိုတော့ တွေးဖို့ မေ့နေကြသလားလို့ပါ။ သေသွားတဲ့လူကို သနားတယ်၊ စိတ်မကောင်းဖြစ်တယ်ဆိုတာ ဘာကိုပြောတာလဲဗျာ။ တကယ်ဆိုရင် သေသွားတဲ့လူရဲ့ ကျန်ရစ်ခဲ့သူတွေအတွက် သနားတယ်၊ စိတ်မကောင်းဖြစ်တယ်ဆိုရင် တော်သေးတယ်။ သေသွားတဲ့လူကို သနားနေလို့ သူကပြန်ရှင်လာမှာမှ မဟုတ်တာပဲ။ လူတိုင်း ရှောင်လွှဲလို့ မရတဲ့လမ်းကို သူက ကိုယ့်ထက်အရင် သွားနှင့်တာပဲ ရှိတယ်။ ကိုယ်လည်းနောင်တစ်ချိန်မှာ သူသွားတဲ့လမ်းကို သေချာပေါက် လိုက်ရဦးမယ့်ဟာပဲ။ ငါလည်း သူ့လိုပဲ သေရဦးမှာ၊ အဲဒီအတွက် မသေခင် အလုပ်လုပ်ပါ၊ ကိုယ့်အတွက်၊ သူများတွေအတွက် အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်စမ်းပါ၊ လောကကြီးကို ကောင်းကျိုးပြုမယ့် အလုပ်တွေကို လုပ်ခဲ့စမ်းပါလို့ အသုဘတစ်ခါမြင်တိုင်း ကိုယ့်ကိုကိုယ် သတိပေးတဲ့လူ ဘယ်နှယောက်များရှိသလဲလို့ စစ်တမ်းကောက်ကြည့်ချင်လိုက်တာဗျာ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတစ်ပုဒ်ကို ညည်းလိုက်မိတယ်
"ကမ္ဘာပေါ်မှာ လူတွေအကုန်သေကြတယ်၊ ပြောစမ်းပါဦးဟေ့ ငါ့အလှည့်က ဘယ်တော့လဲ............. သေမင်းကို လာဘ်ထိုးလို့ မရနိုင်တာ ဘာလို့များလဲ၊ လောကဓံရှစ်ပါးက ဘယ်သူ့ကိုမှ အရှင်မထားဘူး"
(၃)
(အဖြစ်အပျက်)
ကျွန်တော်တို့မြို့က လမ်းတစ်ခုကို ချဲ့ဖို့အတွက် မြို့နယ်က ပြင်ဆင်နေပါတယ်။ မူလလမ်းက ကားနှစ်စီးရှောင်လို့ မဖြစ်အောင် ကျဉ်းပါတယ်။ အခုလုပ်နေတဲ့ လမ်းသစ်ချဲ့လိုက်ရင်တော့ ကားနှစ်စီး အေးအေးဆေးဆေး ရှောင်လို့ လွတ်နိုင်ပါတယ်တဲ့။ ကျွန်တော်က အဲဒါတွေ စိတ်မ၀င်စားပါဘူး။ လမ်းသစ်ချဲ့တာဟာ ကောင်းတဲ့အလုပ် ဖြစ်တဲ့အတွက် ဘာမှပြောစရာမရှိပါ။ သွားလာမှုအဆင်ပြေလွယ်ကူအောင် လုပ်ကြတာပဲ။ ဒါပေမယ့်လို့ ကျွန်တော်စိတ်ဝင်စားမိတာက လမ်းနဲ့မလွတ်တဲ့ သစ်ပင်တွေ ဖြစ်ပါတယ်။ အဲဒီအပင်တွေကို ဘယ်လိုလုပ်မှာလဲလို့ မေးကြည့်တော့ အကုန်လုံး ခုတ်မှာပါတဲ့။ ဘုရားရေ။ ကျွန်တော်အတော်လေးကို အံ့သြသွားမိပါတယ်။ သူတို့ချဲ့မယ့်လမ်းပိုင်းဘေးမှာရှိတဲ့ သစ်ပင်တွေကို အကြမ်းဖျင်း ကျွန်တော်လိုက်ရေကြည့်မိပါတယ်။ ခန့်မှန်းခြေ အပင် (၁၀၀)လောက် ခုတ်ရမှာပါ။ ဒီအရေအတွက်ဟာ သူတို့စည်းတားထားတဲ့ မျဉ်းအတွင်းမှာ ရောက်နေတဲ့အပင်တွေကိုပဲ ရေတွက်ထားတာ ဖြစ်ပါတယ်။ တကယ်လို့များ လမ်းအစပ်က မလွတ်မလပ်အပင်တွေကိုပါ ခုတ်မယ်ဆိုရင်တော့ ဒီထက် ပိုများနိုင်ပါသေးတယ်။ အချို့အပင်ကြီးတွေဆိုရင် ကျွန်တော်တို့ထက်တောင် အသက်ကြီးတယ်လို့ သိရပါတယ်။
(အတွေး)
တစ်ကမ္ဘာလုံးမှာ ပိုမိုပူနွေးလာတဲ့ ကမ္ဘာကြီးအတွက် အသံတွေ ပလုံစီဆူညံနေကြတယ်။ စက်ရုံကြီးတွေကို သူတို့ထုတ်လုပ်လိုက်တဲ့ ကာဗွန်ဓာတ်ငွေ့တွေအတွက် အာဖရိကဒေသတွေမှာ ကုမ္ပဏီပိုင် သစ်တောတွေ ထူထောင်စိုက်ပျိုးခိုင်းထားတယ်။ အပင်စိုက်ပျိုးမှုအတွက် တစ်ကမ္ဘာလုံး တက်တက်ကြွကြွ လှုံ့ဆော်စည်းရုံးနေကြတယ်။ မနှစ်ကပဲ သစ်ပင်စိုက်တဲ့ အာဖရိကတိုက်က အမျိုးသမီးကြီးတစ်ဦးကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးလိုက်သေးတယ်။ ဟော... ကျွန်တော်တို့ဆီမှာတော့ ရှိပြီးသားအပင်တွေကို ခုတ်ပစ်ဖို့ လုပ်နေကြတယ်၊ အေးမြတဲ့အရိပ်တွေနေရာမှာ ပူပြင်းတဲ့နေရောင်တွေ လွှမ်းမိုးလာအောင် လုပ်နေကြတယ်။ ဘယ်သူ့ကိုပြောရမလဲ။ ဘယ်သူ့ကို ရှင်းပြရမလဲ။ ဘယ်သူ့ကို တားမြစ်ရမလဲ။ ဆိုင်လားမဆိုင်လားတော့ မသိဘူး။ အနန္တသူရိယအမတ်ကြီးရဲ့ ကဗျာတစ်ပိုင်းတစ်စက ပါးစပ်ထဲကို အလိုလိုရောက်လာတယ်။
"သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း" တဲ့။ ဒါမှမဟုတ် "တစ်ခုခုလိုချင်ရင် တစ်ခုခုကိုတော့ ပေးဆပ်ရတာပဲ" လို့များ တွေးရမလားမသိဘူးနော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၁၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment