ကိုမျိုးချစ် - နိုင်ငံကြီးပွားရေးမှာ လူသားသယံဇာတ Human Resources အရေးအလွန်ကြီးတာကိုတော့ အရင်အပတ်တွေက အတော်လေး ပြောဖြစ်ဆိုဖြစ်သွားပါပြီ။ ဒါပေမယ့် လူသားသယံဇာတ ကြွယ်ဝအောင်၊တက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ကျွန်တော်တို့ သိပ်မပြောဖြစ်သေးဘူးနော်။
ဖွံ့ဖြိုးရေးပါရဂူ - ရှပ်ပြေးတော့ ကျွန်တော်တို့ ပြောဖြစ်ပါတယ်။ ထဲထဲဝင်ဝင် အသေးစိတ်သာ မပြောရသေးတာ။ မှတ်မိလွယ်အောင်ပြောရရင် လူသားသယံဇာတကြွယ်ဝအောင် နည်းသုံးသွယ်နဲ့ ဖန်တီးလေ့ရှိတယ်။ "ပျိုးထောင်၊ ထိန်းသိမ်း၊ ဆွဲဆောင်စုဆောင်း" ပေါ့ဗျာ။
ကိုမျိုးချစ် - မှတ်ရလွယ်လေ ရှင်းလေကောင်းလေပါပဲ။
ဖွံ့ဖြိုးရေးပါရဂူ - ဘောလုံးဝါသနာအိုးဖြစ်တဲ့ ခင်ဗျားအတွက်တော့ ထူးဆန်းမှာ မဟုတ်ပါဘူး။
ကိုမျိုးချစ် - ဘောလုံးနဲ့ ကြီးပွားရေး ဘယ်လိုပတ်သက်နေလို့လဲ။
ဖွံ့ဖြိုးရေးပါရဂူ - ခင်ဗျား ပရီးမီးယားလိဂ်ပွဲတွေ ဒီလောက်ကြည့်နေတာ။ ဘောလုံးအသင်းတစ်သင်းကောင်းဖို့ ဘာတွေလိုလဲ။
ကိုမျိုးချစ် - ပထမဆုံးအနေနဲ့ ဘောလုံးသမားကောင်းတွေလိုတယ်၊ ဒါမှ တခြားအသင်းတွေနဲ့ သူတင်ကိုယ်တင် ကန်နိုင်မယ်။ အသည်းအသန်ယှဉ်ပြိုင်နေချိန်မှာ ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့ ထူးချွန်ဘောလုံးသမားတွေ ကိုယ့်အသင်းမှာ ရှိကိုရှိရမယ်။
ဖွံ့ဖြိုးရေးပါရဂူ - ဒါပဲလေ။
ကိုမျိုးချစ် - ဗျာ။
ဖွံ့ဖြိုးရေးပါရဂူ - မဗျာနဲ့ ကိုမျိုးချစ်။ ဘောလုံးကလပ်အသင်းတစ်သင်းက ဘောလုံးသမားကောင်းတွေရဖို့ များသောအားဖြင့် သုံးတဲ့နည်းက ကိုယ့်အသင်းကနေ လူငယ်တွေကို ပြုစုပျိုးထောင်ပြီး မွေးထုတ်ပေးတဲ့နည်းပဲ။ မန်ချက်စတာယူနိုက်တက်အသင်း အောင်မြင်ရတဲ့ အကြောင်းတွေထဲမှာ လူငယ်ခြံပေါက်တွေ ကောင်းကောင်းမွေးထုတ်ပေးနိုင်တာသည် အဓိကအကြောင်းတစ်ရပ်လို့ ဘောလုံးပါရဂူတွေ အဖြေထုတ်ခဲ့ကြတယ်မဟုတ်လား။
ကိုမျိုးချစ် - ဟုတ်တယ်။ လေ့ကျင့်ပျိုးထောင်ပေးပြီး အဆင့်ဆင့်နဲ့ နောက်ဆုံးအသင်းကြီးထဲကို ရောက်သွားအောင် လုပ်ပေးထားတယ်။
ဖွံ့ဖြိုးရေးပါရဂူ - နိုင်ငံကြီးပွားအောင် တည်ဆောက်မယ့် လူသားသယံဇာတတွေ ကြွယ်ဝရေးမှာလည်း ပျိုးထောင်ခြင်း ဆိုတဲ့ နည်းဟာ အဓိကပဲ ကိုမျိုးချစ်။ ကိုယ့်နိုင်ငံတွင်းကနေ လူသားသယံဇာတကို မွေးထုတ်ပေးဖို့ နိုင်ငံတိုင်း ကြိုးစားကြရမယ်။ လူသားသယံဇာတ အောင်အောင်မြင်မြင် ပျိုးထောင်ပေးနိုင်တဲ့နိုင်ငံဟာ ကြီးပွားတာပဲ။
ကိုမျိုးချစ် - ဒီလိုကျတော့လည်း နိုင်ငံတည်ဆောက်ရေး နည်းဗျူဟာက ဘောလုံးကလပ်အသင်းတွေရဲ့ နည်းဗျူဟာနဲ့ တူနေပါလား။ လူသားသယံဇာတ ပျိုးထောင်တာကရော ဘယ်လိုပျိုးထောင်မလဲ။
ဖွံ့ဖြိုးရေးပါရဂူ - လူသားသယံဇာတ ပျိုးထောင်ရေးမှာ လုပ်ဆောင်စရာတွေက အများကြီး။ ကျမ်းတစ်စောင် ပေတစ်ဖွဲ့မကဘူးလေ။
ကိုမျိုးချစ် - လွယ်လွယ်နဲ့ မှတ်လို့ရအောင်ပေါ့ ဆရာရယ်။
ဖွံ့ဖြိုးရေးပါရဂူ - တစ်ခွန်းတည်းနဲ့ ပြောရမယ်ဆိုရင် "ပညာရေးအဆင့် မြှင့်တင်ခြင်း"ပဲ။ အဆင့်မြှင့်တင်တယ်ဆိုရာမှာလည်း နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီအောင် မြှင့်တင်တာကို ပြောတာ။ နိုင်ငံတကာ အဆင့်အတန်းမီ ပညာရေးဖြစ်ရမယ်။ ဒါမှ အဲဒီစနစ်က ထွက်လာတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်း လုပ်ဆောင်နိုင်သူတွေ ဖြစ်လာမယ်။
ကိုမျိုးချစ် - နိုင်ငံတကာအဆင့်အတန်းမီအောင် ဘယ်လိုလုပ်ရမလဲ။
ဖွံ့ဖြိုးရေးပါရဂူ - ဒီနေရာမှာလည်း လုပ်ရမှာ အများကြီးပဲ။ ပထမဆုံး လုပ်ဖို့လိုတာက တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ သင်ကြားပို့ချနေတဲ့ ဆရာ၊ ဆရာမတွေကို နိုင်ငံခြားကို ပညာတော်သင်လွှတ်ရမယ်။ နိုင်ငံတော်က စီစဉ်ငွေကြေးအကုန်အကျခံတဲ့ ပညာတော်သင် အစီအစဉ်မျိုးတွေ များများထားရမယ်။ ဆရာ၊ ဆရာမတွေ များများ နိုင်ငံခြားလွှတ်ရမယ်။ နိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ငွေကြေးအကုန်အကျ သိပ်မခံနိုင်ဘူးဆိုရင်လည်း တခြားနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက စီစဉ်တဲ့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ တချို့အစီအစဉ်တွေက ပြည်သူ့ဝန်ထမ်းတွေအတွက် ရည်ရွယ်တဲ့ အစီအစဉ်ဖြစ်တာကြောင့် တက္ကသိုလ်ကျောင်းဆရာတွေအတွက် ပိုအခွင့်အလမ်းသာစေတယ်။ ပညာသင်ဆုပေးမယ့် နိုင်ငံတကာအဖွဲ့အစည်းမျိုးတွေ၊ တက္ကသိုလ်တွေနဲ့ နိုင်ငံကိုယ်တိုင်က ညှိလိုက်ရင် ကိုယ့်နိုင်ငံသားဆရာ၊ ဆရာမတွေ ပညာသင်ဆုရမယ့် အခွင့်အလမ်းတွေပိုပြီး ပွင့်သွားလိမ့်မယ်။
ဆရာ၊ ဆရာမတွေကိုယ်တိုင် ပညာရေးအဆင့်အတန်းမြင့်တဲ့ နိုင်ငံရပ်ခြားကိုသွားပြီး ပညာသင်တော့မှ သူတို့ကိုယ်တိုင်လည်း နိုင်ငံတကာအဆင့်မီ ဆရာ၊ ဆရာမတွေ ဖြစ်လာမယ်။ ဒါမှ သူတို့သင်ကြားပို့ချတဲ့ တပည့်တွေလည်း နိုင်ငံတကာအဆင့်မီ ပညာရေးကို ရယူခွင့်ရမယ်။ ဒါ အင်မတန်ကို ရှင်းပါတယ်။ "ဆရာတော်မှ ကျောင်းသားတော်မယ်" လေ။ နိုင်ငံတကာအဆင့်အတန်းမီ ပညာရေးဖြစ်ချင်ရင် ဆရာ၊ ဆရာမတွေကို နိုင်ငံတကာအဆင့်အတန်းမီအောင် အရင်လုပ်ဖို့လိုတယ်။ သူတို့က အဓိကပဲ။ နိုင်ငံတကာပညာသင်ဆုတွေကလည်း ဆရာ၊ ဆရာမတွေကိုဆို အမြဲဦးစားပေးပါတယ်။ ပညာသင်ဆု ဆိုတာက ဒီလူ့ကိုပေးလိုက်ရင် သူ့နိုင်ငံ၊ သူ့ပတ်ဝန်းကျင်အပေါ် ဘယ်လောက်အကျိုးပြုမလဲ အကဲဖြတ်ပြီး အကျိုးအပြုနိုင်ဆုံးလို့ ယူဆရတဲ့လူကို ပေးတာကိုး။ ဆရာ၊ ဆရာမတစ်ယောက် ပညာပြည့်ဝသွားရင် သူကနေ ပညာပြန်ဖြန့်ဖြူးနိုင်စွမ်းက အများကြီးပဲ။ သူကနေ သူ့ကျောင်းသားကို ပညာရောက်။ သူ့ကျောင်းသားကတစ်ခါ နောက်တစ်ယောက်ကို ပညာပြန်ဖြန့်ဖြူး။ တစ်ချိန်တည်းမှာ ဆရာကလည်း တခြားသူတွေကို ပညာဆက်သင်ပေးနေ။ ဒီလိုမျိုး ဆင့်ကဲဆင့်ကဲ ပညာဖြန့်ဖြူးသွားတဲ့ အကျိုးကျေးဇူးက ကြီးလှတယ်။
ကိုမျိုးချစ် - လူသားသယံဇာတတွေ မွေးထုတ်နိုင်ဖို့ နိုင်ငံတကာအဆင့်မီ ပညာရေးဖြစ်ရမယ်။ နို်င်ငံတကာအဆင့်မီ ပညာရေးဖြစ်ဖို့ နိုင်ငံတကာအဆင့်မီ ဆရာ၊ ဆရာမတွေ အရင်မွေးထုတ်ရမယ်ဆိုတဲ့ သဘောလား။
ဖွံ့ဖြိုးရေးပါရဂူ - ဟုတ်တယ်။ နိုင်ငံတကာတက္ကသိုလ်တွေမှာက Publish or Perish ဆိုတဲ့ သဘောတရားရှိတယ်။ တက္ကသိုလ်ဆရာ၊ ဆရာမတွေဟာ မိမိဆိုင်ရာ ဘာသာရပ်မှာ အမြဲအသစ်အသစ် သုတေသနပြု ရေးသားထုတ်ဝေနေရတယ်။ အဲဒီလို မထုတ်ဝေနိုင်ရင် သူဟာ တက်လမ်းပိတ်ပြီး ကျဆုံးသွားရမှာပဲ။ ဒါကြောင့် တက္ကသိုလ်ဆရာ ဆရာမတွေဟာ အမြဲရေးသားထုတ်ဝေနေကြရတယ်။ တက္ကသိုလ်တွေရဲ့ အဆင့်အတန်းကို ကြည့်ရာမှာလည်း ဒီအတိုင်းပဲ။ နိုင်ငံတကာအဆင့်မီ စာတမ်းဘယ်နှစောင်လောက် တက္ကသိုလ်က နှစ်စဉ် ထုတ်ဝေသလဲ စသည်ဖြင့်ပေါ့။ ပညာရေး နိုင်ငံတကာ အဆင့်မီ၊ မမီကို အဲဒီနည်းမျိုးတွေနဲ့ တိုင်းလေ့ရှိတယ်။
ကိုမျိုးချစ် - ဒီတိုင်းဆို ပညာပြန်ဖြန့်မယ့်သူတွေ နိုင်ငံတကာကို များများလွှတ်ဖို့ လိုတာပေါ့။
ဖွံ့ဖြိုးရေးပါရဂူ - ကျောင်းသွားတက်ကြရင် ပညာထူးချွန်လို့ပဲဖြစ်ဖြစ်၊ ဆက်ဆံရေးကောင်းလို့ပဲဖြစ်ဖြစ် မဟာတန်းသွားတက်တဲ့သူကို ပါရဂူဘွဲ့အတွက် ဆက်ပြီး ပညာသင်ဆုပေးတတ်တယ်။ ဒီအခါမှာ သူ့အတွက် ပေးထားတဲ့ ခွင့်သက်တမ်းစေ့လို့ဆိုပြီး ပါရဂူဘွဲ့ ဆက်မတက်ရဘဲ ပြန်လာရတတ်တယ်။ ရုတ်တရက်ကြည့်ရင် ကာယကံရှင်ပဲ နစ်နာတာပေါ့။ ဒါပေမယ့် သေသေချာချာကြည့်လိုက်ရင် နိုင်ငံအတွက် အကြီးအကျယ်နစ်နာသွားတယ်။ ကိုယ့်နိုင်ငံ ပိုက်ဆံမကုန်ဘဲ ပါရဂူဘွဲ့ရ လူသားသယံဇာတတစ်ဦးရမယ့် အခွင့်အရေး လက်လွှတ်လိုက်တဲ့အဖြစ်ပဲ။
ကိုမျိုးချစ် - ဒါပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကနေ ပညာတော်သင်လွှတ်ထားတဲ့သူတွေ အချိန်တန်တော့ အိမ်ပြန်မလာဘဲ ပညာသင်နေတဲ့ နိုင်ငံတွေမှာပဲ နေလိုက်ကြတာမျိုးတွေလည်း ရှိနေတယ်လေ။ ဒါမျိုးကျ နိုင်ငံအတွက် နစ်နာတာပဲ မဟုတ်လား။
ဖွံ့ဖြိုးရေးပါရဂူ - နစ်နာတာပေါ့ဗျာ။ ဦးနှောက်ယိုစီးခြင်းလို့တောင် နာမည်ပေးထားသေးတယ်။ ကိုယ့်နိုင်ငံအတွက် တန်ဖိုးကြီးလှတဲ့ လူသားသယံဇာတ သူများနိုင်ငံကို ဆုံးရှုံးသွားတာပေါ့။ သမင်မွေးရင်း ကျားစားရင်းဆိုတဲ့ စကားလို ဖြစ်နေတာပေါ့။ ဒါပေမယ့် ဒီလိုပြန်မလာသူတွေကြောင့် နိုင်ငံခြားပညာသင်ဆုတွေကို အဟန့်အတား မဖြစ်စေသင့်ဘူး။
ဒီနေရာမှာ တရုတ်နိုင်ငံရဲ့ အယူအဆက သိပ်ကောင်းတယ်။ တရုတ်နိုင်ငံက ၁၉၈၀ ပြည့်နှစ်တွေမှာ ပညာတော်သင်တွေ အများကြီး နိုင်ငံတကာကို လွှတ်တယ်။ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးတွေဆီကိုပါ။ ကျောင်းပြီးသွားတဲ့အခါမှာ တရုတ်ကို ပြန်မလာကြသူတွေရှိတယ်။ ဒီအခါမှာ ခင်ဗျားလိုပဲ ပြန်မလာသူတွေကြောင့် နိုင်ငံနစ်နာတယ်လို့ နိုင်ငံခြားပညာတော်သင်တွေလွှတ်ရေး မူဝါဒကို ဝေဖန်ထောက်ပြသူတွေ ရှိလာတယ်။ အဲဒီမှာတင် လွှတ်လိုက်တဲ့ ပညာတော်သင်တွေအနက် ၁၀ ယောက်မှာ တစ်ယောက်နှုန်းပြန်လာရင် တော်ပြီလို့ တရုတ်ခေါင်းဆောင်တစ်ယောက်က ပြောလိုက်တယ်။ ဒီလောက်ပြန်လာရင်ကို အမြတ်ပဲလို့ ပြောလိုက်တာပါ။ တကယ်တော့ အဲဒီထက် မကပါဘူး။ ပြန်လာကြတယ်။ အဲဒီလူသားသယံဇာတတွေအားကိုးနဲ့ တရုတ်လည်း အခုလို ကြီးပွားလာတာပါ။ နောင်မကြာခင် လက်ရှိမဟာအင်အားကြီးတွေက နိမိတ်ဖတ်နေကြတယ်။ လူတွေ ပြန်လာအောင် လုပ်တဲ့နည်းတွေ ရှိပါတယ်။
ကိုမျိုးချစ် - နိုင်ငံက စေလွှတ်ထားတဲ့ နိုင်ငံခြားပညာတော်သင်တွေ ပြန်လာအောင်လား။
ဖွံ့ဖြိုးရေးပါရဂူ - ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း၊ တော်လျှင်တော်သလို နေရာရခြင်း၊ အကျိုးခံစားရခြင်း ဆိုတဲ့ Meritocracy က အကောင်းဆုံးနည်းတစ်ရပ်ပဲ။ တော်သူတွေအတွက် နေပျော်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးထားရမယ်။ စင်ကာပူက ဥပမာကောင်းတစ်ခုပါ။ Meritocracy ကို အမြဲဦးထိပ်ထားတယ်လို့ စင်ကာပူက ကြွေးကြော်ထားတယ်။ ထူးချွန်ရင် ထူးချွန်သလို အကျိုးခံစားရမယ်လို့ အမြဲပြောနေတဲ့ နိုင်ငံ။ စင်ကာပူနိုင်ငံရဲ့ နိုင်ငံတော်ပညာတော်သင်ဆု အစီအစဉ် State Scholar Program ကိုကြည့်။ စင်ကာပူလူငယ်တွေ အလုအယက်ပဲ။ အထူးချွန်ဆုံး လူငယ်တွေကို နိုင်ငံခြားက ကောင်းပေ့ဆိုတဲ့ တက္ကသိုလ်တွေကို စေလွှတ်ပညာသင်ပေးတဲ့ အစီအစဉ်။ ပြန်လာရင် စင်ကာပူ တပ်မတော်အပါအ၀င် အစိုးရဌာနတွေ၊ စင်ကာပူအစိုးရ ရှယ်ယာပါတဲ့ ကုမ္ပဏီကြီးတွေမှာ တာဝန်ပေးတယ်။ အလုပ်လုပ်လို့ အချိန်နည်းနည်းကြာလာရင် နိုင်ငံခြားကို ပြန်လွှတ်ပြန်တယ်။ အဲဒီအစီအစဉ်ထဲ ပါသွားတဲ့သူတွေဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေ၊ ကုမ္ပဏီကြီးတွေမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြတာကိုး။ လက်ရှိဝန်ကြီးချုပ် လီရှင်လွန်း၊ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးတို့ဆိုရင် State Scholar Program ကနေ တက်လာတာ။
နိုင်ငံရပ်ခြားက ပညာအောင်မြင်စွာသင်ပြီး ပြန်လာသူတွေကို နှုတ်အားဖြင့်၊ လက်အားဖြင့် ချီးမြှောက်ရင် မိခင်နိုင်ငံကို ပြန်လာမယ့်သူတွေ ပိုရာခိုင်နှုန်းများလာမယ်။ ရှေ့ကလူတွေ တိုးတက်သွားတဲ့ နမူနာကိုကြည့်ပြီး နောက်သွားတဲ့သူတွေက ဆုံးဖြတ်မှာကိုး။ ကိုယ့်နိုင်ငံတောင် ပြန်မလာချင်ဘူးလား၊ မျိုးချစ်စိတ် နည်းလှချည်လားဆိုပြီး ပြောလို့ရပေမယ့် လူဆိုတာ လူပဲလေဆိုတာလည်း ထည့်မတွက်လို့မရဘူး။ လူဆိုတာက တခြားစဉ်းစားတွက်ချက်တာတွေလည်း ရှိသေးတာကိုး။ ဖွံ့ဖြိုးဆဲနိုင်ငံဆိုတာ ကိုယ့်ဆီက ထူးချွန်ပုဂ္ဂိုလ်တွေ ချမ်းသာတဲ့နိုင်ငံတွေဆီ ရောက်မသွားအောင် အမြဲလုံးပန်းနေရတယ်။
ကိုမျိုးချစ် - ကျွန်တော်တို့ ဘောလုံးမှာ ကိုယ့်ကလပ်အသင်းက ထူးချွန်သူ တခြားအသင်းပြောင်းမသွားအောင် ထိန်းထားသလိုမျိုးနဲ့ တူနေတာကိုး။
ဖွံ့ဖြိုးရေးပါရဂူ - ဟုတ်တယ်။ ကိုယ်က ပျိုးထောင်ထားလို့ ထူးချွန်လာပြီ၊ ထင်ပေါ်လာပြီဆိုရင် တခြားအသင်းတွေက လစာ၊ ဆုကြေးများစွာနဲ့ မက်လုံးပေးခေါ်ယူတာမျိုးကို ကာကွယ်ရသလိုမျိုးနဲ့ ဆင်ဆင်တူနေတယ်။ ဒါပေမယ့် ထူးချွန်တဲ့ ကိုယ့်ဘောလုံးသမားကို တခြားအသင်းက ခေါ်မှာ စိုးတာကြောင့်တော့ ကိုယ့်ဘောလုံးသမားကို မပျိုးထောင်ဘဲ မနေသင့်ဘူး။
ကိုမျိုးချစ် - လူသားသယံဇာတကို "ဆွဲဆောင် စုဆောင်း" ဆိုတာကရော။
ဖွံ့ဖြိုးရေးပါရဂူ - ဒါတော့ နောက်တစ်ခေါက်တွေ့မှ ပြောကြစို့ဗျာ။
Monday, December 14, 2009
နိုင်ငံတစ်ခု ကြီးပွားခြင်း ဆွေးနွေးခန်း - ဇေယျသူ
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 8:18 PM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment