အခက်ဆုံးအလုပ်ကို အရင်ဆုံးလုပ်ဟုဆိုရာ၌ နေ့စဉ် လုပ်စရာအလုပ်များကို ခက်ဆုံးမှ အလွယ်ဆုံးထိတန်းစီကာ အစီအစဉ်အတိုင်း လုပ်သွားရမည်ဟုမဆိုလိုပေ။ အလုပ်တစ်ခုကို လုပ်ရန်အချိန်တန်နေပါလျက် ခက်ခဲသဖြင့် ရွှေ့ဆိုင်းထားသည် ဆိုတာမျိုး မလုပ်မိရန်သာ ဂရုပြုရမည်ဖြစ်ပါသည်။
အလုပ်တစ်ခုသည် ရွှေ့ဆိုင်းချိန်ကြာလေ ပို၍ကိုင်တွယ်ရ ခက်ခဲလေ၊ ကာယကံရှင်အနေနှင့် သူ့ကိုကိုင်တွယ်ရမှာ ပိုကြောက်လေ ဖြစ်တတ်ပေသည်။
စင်စစ် မည်သူ၏လုပ်ငန်းဘ၀မှာမဆို လွယ်ကူချောမွေ့တာ တွေရှိသလို ခက်ခဲပင်ပန်းတာတွေရှိမည်၊ ပျော်ရွှင်ချမ်းမြေ့စရာတွေ ရှိသလို စိတ်ပင်ပန်းဆင်းရဲရတာတွေလည်း ရှိမည်ပင်။
ဆရာဝန်၏အလုပ်၌ ဂုဏ်သရေရှိတာ၊ ၀င်ငွေကောင်းတာ၊ ကျေးဇူးတင်ခံရတာတွေရှိသလို ဆီး၊ ၀မ်း၊ သွေး၊ သလိပ် စသည့် အညစ်အကြေးများ၊ ညည်းညူသံ၊ အော်ဟစ်သံ၊ ငိုကြွေးသံများကြားမှာ နိစ္စဓူဝ ကျင်လည်နေရသည့် ဘ၀လည်းရှိမည်။ အသက်တစ်ချောင်းကို ကယ်နိုင်လိုက်ခြင်းအတွက် မိမိကိုယ်ကို ကျောသပ်ဂုဏ်ပြုလိုက်ချင်တာမျိုး ရှိသလို မိမိဉာဏ်မမှီခဲ့၊ လစ်ဟင်းချွတ်ယွင်းခဲ့၍ လွတ်ထွက်ခဲ့ရသည့် အသက်များအတွက် စိတ်ဓာတ်ကျဆင်းရသည့် အခါများလည်းရှိမည်။
ဆရာဝန်သည် လွယ်ကူရာ နှာစေးချောင်းဆိုး ရောဂါသည်များကိုချည်း ကုသရလိမ့်မည်မဟုတ်။ နှလုံး၊ သွေးတိုး နှင့် ဆီးချိုတို့ စုပြုံကျရောက်နေ၍ အချိန်မရွေး ကတိမ်းကပါး ဖြစ်သွားနိုင်သော လူနာမျိုးကိုလည်း တာဝန်ယူရလိမ့်မည်။ မိမိ ပျောက်ကင်းအောင် ကုသပေးနိုင်မည်မဟုတ်ပါဟု ဖွင့်ဟပြောကြားပြီးသည့် ကင်ဆာရောဂါသည်ကိုလည်း ဘ၀ကူးပြောင်းချိန်ထိ ကြည့်ရှုစောင့်ရှောက် ပေးရမည်သာဖြစ်သည်။
ရှေ့နေဘ၀မှာလည်း ထိုနည်းလည်းကောင်း၊
အားကစားသမား၏ဘ၀မှာလည်းထိုနည်းလည်းကောင်း၊
အခြားအခြားသော ဘ၀အသီးသီးတို့မှာလည်း ထိုနည်း လည်းကောင်းပင်။
လက်ဝှေ့သမားသည် သူတစ်ပါးကိုချည်း အမြဲထိုးခွင့် ရနေမည်မဟုတ်။ ခပ်ချောင်ချောင်နိုင်မည့်သူများနှင့်ချည်း ထိုးနေရမည်လည်း မဟုတ်။ ဘယ်အချိန် ဘယ်ကလက်သီး ၀င်လာမှန်း သတိမထားလိုက်မိဘဲ နောက်တော့မှ ငါကြမ်းပေါ် ရောက်နေပါကလားဆိုတာ သိရသည့် အခြေအနေမျိုးလည်း ကြုံရလိမ့်ဦးမည်။ အလဲအကွဲ အသည်းအသန်ထိုးကာ မျက်ခုံးတွေဖူးရောင်၊ နှုတ်ခမ်းတွေစုတ်ပြတ်ကာ လက်ပင် မမြှောက်နိုင်တော့လောက်အောင် အားကုန်နေ၊ အမောဆို့နေသည့် အခြေအနေကျမှ ပွဲစေ့ကာ အမှတ်ဖြင့်ကပ်၍ မိမိအနိုင်ရလိုက်တာမျိုးလည်း ရှိပေသည်။
ရှေ့နေ၏ တရားခွင်ရုံးခန်းသည်လည်း လက်ဝှေ့ကြိုးဝိုင်းနှင့် မခြားပေ။ အသားအရေတွေ စုတ်ပြတ်ဖူးရောင်ခြင်း မရှိသော်လည်း စိတ်ဓာတ်ချင်းတော့ အသေအကြေ ထိုးစစ်ဆင်ကြရသော သဘောရှိသည်။ နိုင်မှာသေချာသော အမှုတွေလိုက်ရတာရှိသလို မျှော်လင့်ချက် မရှိမှန်းသိလျက် ကိုယ့်အမှုသည်အတွက် နောက်ဆုံးအဆင့်ထိ ကြိုးပမ်းမည်ဟူသော စိတ်ဖြင့် အားခဲရင်ဆိုင်ရတာမျိုးလည်း ရှိမည်။ ကိုယ်အသာစီးရသော ပွဲတွေရှိသလို ကိုယ့်ထက် ပညာရော သမ္ဘာပါ သာသူများထံမှာ မရှုမလှခံရသည့် အခါမျိုးလည်း ရှိပေသည်။
သို့သော် ဆရာဝန်ရော၊ ရှေ့နေရော၊ လက်ဝှေ့သမားပါ ပွဲကြမ်းပွဲကျပ်များကို ရင်ဆိုင်ယှဉ်ပြိုင်ရင်းသာ အတွေ့အကြုံ ရင့်ကျက်၍ ပညာစွမ်းရည်ပြည့်ဝသော ဆရာဝန်၊ ရှေ့နေ၊ လက်ဝှေ့ သမားဟူ၍ ဖြစ်လာရပေသည်။
အခြားအခြားသော လုပ်ငန်းဘ၀များမှာလည်း ထိုနည်း၎င်းပင်။ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းရသော အလုပ်တွေသည် မိမိအား အရည်အချင်းမြှင့်တင်ပေးနေသည့် လေ့ကျင့်ခန်းများ၊ သင်တန်းများသာဖြစ်သည်။ သည်ဟာတွေကို ရှောင်လွှဲချင်၍ မရပေ။
စစ်သည်လောက၌ ချွေးထွက်များမှ သွေးထွက်နည်းမည် ဟူသော စကားတစ်ခွန်းရှိသည်။ လေ့ကျင့်မှု၏တန်ဖိုးကို ညွှန်းဆိုသည့် စကားဖြစ်သည်။ တိုက်ခိုက်ရေးနည်းပညာများကို အံသေနေအောင်၊ ကျွမ်းကျင်ထက်မြက်နေအောင် ပင်ပန်းကြီးစွာခံ၍ မပြတ်လေ့ကျင့်ထားပါမှ မရဏစေတမန် လက်နက်ကျည်ဆန်များဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ရသည့်ပွဲတွင် မိမိအသက်ကို ကာကွယ်နိုင်မည်၊ မိမိဘက်က အနိုင်ရအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။
စနစ်တကျလေ့ကျင့်ထားသည့်တပ်ဖွဲ့နှင့် ကစဥ့်ကလျားပရမ်းပတာ တပ်ပျက်သည် စစ်မြေပြင်၌ ဆန်နှင့်ဖွဲလို ကွဲပြားသွားပေသည်။
စစ်တိုက်ရာ၌ လေ့ကျင့်မှုအရေးကြီးသလို ဘ၀တိုက်ပွဲ ဆင်နွဲသည့်နေရာ၌လည်း လေ့ကျင့်ပြင်တင်ထားသူနှင့် ပြင်ဆင်မှုမရှိသူတို့မှာ အလားတူပင် အောင်ပွဲခံသူ၊ ရှူံးနိမ့်သူများအဖြစ် ပြတ်ပြတ်သားသား ကွဲပြားသွားမြဲ ဖြစ်သည်။
"ကျွန်တော်ဘာဖြစ်ရမယ်ဗျာ" ဟု ကြွေးကြော်ခဲ့ပါလျက် "ကျွန်တော့်ရည်မှန်းချက်က ဘာ..ခင်ဗျ" ဟု ဂုဏ်ယူပြောဆိုခဲ့ပါလျက် ဘာမှ ဖြစ်မြောက်မလာကြသူများကိုကြည့်လျှင် အောင်ပွဲခံရမည့်အချိန်ကိုသာ မြင်ယောင်မှန်းဆ ကြည်နူးနေတတ်ပြီး တကယ်အောင်မြင်အောင် လုပ်ဆောင်လေ့ကျင့်ရန်ကိုကား ပျင်းရိသူ၊ ပေါ့လျော့သူ၊ ရှောင်လွှဲတတ်သူများသာဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။
သူတို့ကား ဆေးသောက်လျှင် ကျန်းမာမည်၊ အားရှိမည် သိသော်လည်း သောက်ရမည်ကို ကြောက်သဖြင့် ဆေးပုလင်းကို ချောင်ထိုးကာ အားနည်းကြုံလှီသောဘ၀တွင် ဆက်လက်ရပ်တည်နေသူများ ဖြစ်သည်။
တကယ်ကျန်းမာကြံ့ခိုင်လိုသူသည် ဆေးကြောက်နေ၍ မဖြစ်ပေ။ တကယ်စင်စစ်လည်း ဆေးဆိုသည်မှာ ထင်သလောက် ကြောက်စရာကောင်းသောအရာ မဟုတ်ပေ။ အားဆေးသောက်ရမှာ ကြောက်သောကလေးကို အတင်းချော့ကာ ချောက်ကာဖြင့် နေ့စဉ်တိုက်ပေးသည့်အခါ၌ တဖြည်းဖြည်း ဆေးကြိုက်လာပြီး နောင်တွင် ဆေးပုလင်း ၀ှက်ထားရသည့် အဆင့်ထိ ရောက်သွားတတ်သည်။
ထိုနည်းတူ လုပ်ငန်းတစ်ခုအတွက် ပြင်ဆင်လေ့ကျင့်ခြင်း ဟူသည်လည်း ထိုသဘောပင်ရှိ၏။
ကျင့်သားရလာသော မာရသွန်အပြေးသမားသည် နေ့စဉ်နံနက်တိုင်း ထမပြေးရလျှင် မနေနိုင် ဖြစ်လာ၏။ သင်္ချာ ကြောက်သောသူသည်လည်း သင်္ချာကို ကြိုးစားတွက်ကြည့်ရာက တဖြည်းဖြည်း ပြဿနာအဖြေရှာရခြင်းတွင် ပျော်မွေ့လာကာ ညဥ့်နက်သန်းခေါင်တိုင် တစ်ယောက်တည်း ပုစ္ဆာရှာပြီး တွက်လာမိတတ်၏။
အစပထမပိုင်း ကိုယ့်ကိုကိုယ် စည်းကမ်းချကာ ကိုယ့်စည်းကမ်း၊ ကိုယ့်လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ရသည့် အဆင့်တွင် ခက်ခဲပင်ပန်းသလို ရှိတတ်သော်လည်း ဒုတိယပိုင်း အကျင့်ပါသွားသောအဆင့်သို့ ရောက်သည့် အခါ၌မူ တာဝန်မဟုတ်၊ ၀န်ထုပ်ဝန်ပိုး မဟုတ်တော့ဘဲ မိမိဘာသာ လုပ်ချင်၍လုပ်သော အလုပ် သို့မဟုတ် မလုပ်ရမနေနိုင်၍ လုပ်သောအလုပ် ဖြစ်လာပေသည်။
သည်အခါ၌ အလုပ်သည် ပျော်စရာအဖြစ်သို့၊ လေ့ကျင့်ခန်းဆင်းခြင်းသည်လည်း ကစားမြူးထူးခြင်းအဖြစ်သို့ ကူးပြောင်းလာကာ အောင်ပွဲပန်းတိုင်မရောက်မီ ခရီးတစ်လျှောက် ချီတက်နေရခြင်းသည်ပင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ဖြစ်လာပေသည်။
မိမိဘ၀ကို သာမန်မျှနှင့် မကျေနပ်နိုင်ဟု ခံယူထားသော လူငယ်လူရွယ်များအနေနှင့် မိမိရွေးချယ်သော လမ်းကြောင်း၌ ထိပ်တန်းသို့ ရောက်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည့် အရာမှန်သမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လုပ်ကိုင်ကြဖို့ လိုပေသည်။
Tuesday, December 22, 2009
မည်သည့်ဘ၀မှာမဆို အလွယ်နှင့်အခက် ဒွန်တွဲလျက် - ဖေမြင့်
Posted by Ko Nyan Posted Time 10:09 PM
Labels စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment