Wednesday, December 23, 2009

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ (၂၂/၂၃ ဒီဇင်ဘာ ၂၀၀၉)


(၁)
ဇာတ်ကားအမည် - ချစ်သူအယ်ဒီတာ
ဝတ္ထု - မျိုးကိုမျိုး
ဇာတ်ညွှန်း - မြမြင့်မိုရ်
တွဲဖက်ဒါရိုက်တာ - အောင်ဇော်လင်း
ဒါရိုက်တာ - လွင်မင်း
သရုပ်ဆောင်များ - နေတိုး၊ စိုးမြတ်သူဇာ၊ နေဆန်း၊ အရိုင်း၊ ငှက်ပျောကြော်၊ ဗေလုဝ၊ ဦးအောင်လွင်၊ ညီဂျော်၊ အောင်ဇော်မင်း၊ အုန်းသီး၊ အောင်သော်၊ စိုင်းစိုင်း

ဇာတ်လမ်းသဘော
ဂျာနယ်တိုက်ပိုင်ရှင် မမကြီးကို ချစ်မိတဲ့အတွက် သူ့အနားကို အခြားယောက်ျားသားတွေ မကပ်နိုင်အောင် အမျိုးမျိုးကြံစည် ဟန့်တားခဲ့တဲ့ သတင်းထောက်/အယ်ဒီတာ တစ်ယောက်ရဲ့အကြောင်းကို ရိုက်ပြထားတာပါ။

ဝေဖန်သုံးသပ်ချက်
ပြောစရာတွေ အများကြီးရှိတဲ့ကားပါ။

စာတန်းထိုးတဲ့အချိန်မှာ ၀တ္ထု-မျိုးကိုမျိုး ဆိုကတည်းက စိတ်ထဲမှာတစ်မျိုးဖြစ်သွားတယ်။ ဆရာနွမ်ဂျာသိုင်းနဲ့ ဖြစ်ထားတဲ့ "တစ်ခါတုန်းက တက္ကသိုလ်" ပြဿနာအတွက် ကျွန်တော်လုံးဝသဘောမကျတဲ့ စာရေးဆရာဆိုပါတော့။ ဒါပေမယ့် သူ့ရဲ့ ဆရာနွမ်ဂျာသိုင်းထံ ဖြေရှင်းစာထဲမှာ သူ့ကိုယ်သူ အမွှမ်းတင်ထားတဲ့ လိပ်ခြေရာကြီးတွေ ဖတ်ဖူးတဲ့အတွက် ဘယ်လိုဇာတ်လမ်းတွေများ ရေးတတ်ပါလိမ့်လို့ စိတ်ဝင်တစားနဲ့ ကြည့်မိပါတယ်။

ပထမဆုံးအနေနဲ့ ဒီဇာတ်ကားကို ကြည့်တဲ့နေရာမှာ ကျွန်တော်ဟာ အစွန်းလွတ်လွတ်နဲ့ ကြည့်ခဲ့တာ မဟုတ်တာကို ၀န်ခံပါတယ်။ မျိုးကိုမျိုးရဲ့ ဇာတ်လမ်းဆိုတဲ့အတွက် ဘာဟာကွက်တွေရှိမလဲဆိုတဲ့ အမြင်နဲ့ ကြည့်ပါတယ်။ မင်းသမီးဟာ စိုးမြတ်သူဇာဖြစ်နေတဲ့အတွက် သူ့ရဲ့ သရုပ်ဆောင်မှုတွေကို မြင်ချင်လို့ ကြည့်ပါတယ်။

စစချင်းအခန်းမှာပဲ သတင်းထောက် ဇေယျတု (နေတိုး) နဲ့ ဗေလုဝတို့ အင်တာဗျူးလုပ်တဲ့အခန်းမှာ ဗေလုဝကို ပြောခိုင်းတဲ့ စကားတွေကို ဖတ်ကြည့်ပါဦး။
"ခိုးကူးတယ်ဆိုတာ ပေါက်မှခိုးတာ၊ မပေါက်ရင် မခိုးဘူး။ အနုပညာသမားဆိုတာ နှစ်မျိုးပဲရှိတယ်။ ပိုက်ဆံရရင်ရ၊ မရရင် နာမည်ရ ရမယ်"တဲ့။ ကဲ ကောင်းရော။ အဆိုတော်တွေအနေနဲ့ ခိုးကူးခွေလုပ်နေတဲ့လူတွေကိုတောင် ကျေးဇူးတင်စကား လိုက်ပြောသင့်နေပြီ။ ပုံနှိပ်မှတ်တမ်းမှာ အုပ်ရေ-၅၀၀ လို့ပြပြီး တကယ်တမ်းလက်တွေ့မှာ ထုတ်ဝေသူက တစ်ပတ်ရိုက်ပြီး အုပ်ရေ ၂၀၀၀ လောက် ထုတ်ဝေတာမျိုးဖြစ်ခဲ့ရင် မျိုးကိုမျိုးတစ်ယောက် ပေါက်လို့ဒီလောက်ရိုက်ရတာကွဆိုပြီး ထပြီးတော့များ ကနေမလား မသိဘူးနော်။ အံ့သြစရာပဲ။

ဦးအောင်လွင်ကြီးက သူ့သမီး လင်းမြသာ(စိုးမြတ်သူဇာ)ကို နေရာပေးလိုက်တာကြီးကလည်း လွယ်လိုက်တာဗျာ။ အဖေလုပ်သူ နားသွားတဲ့အတွက် သူ့နေရာကို သမီးလုပ်သူက ဂျာနယ်တိုက်ပိုင်ရှင်၊ အယ်ဒီတာချုပ်အဖြစ် အေးအေးဆေးဆေး တာဝန်ယူသွားတာကို မြင်ရတော့ ပါရမီပြည့်ဝလှချည်လား၊ ၀မ်းစာပြည့်လှချည်လားလို့သာ အော်လိုက်ချင်မိတော့တာပါပဲ။ နာမည်ကြီး အယ်ဒီတာချုပ်ကြီးတွေကိုယ်တိုင် အရှုံးပြနေတဲ့ ဂျာနယ်တွေအနေနဲ့ လင်းမြသာလိုလူကို လိုက်ရှာကြပါလို့ အကြံပေးချင်တော့တာပါပဲ။

စောင်ရေ နှစ်သောင်းကျော်လောက် ရိုက်နေရတဲ့ ရွှေမျက်ဝန်း ဂျာနယ်ကြီးကို လူ (၈)ယောက်လောက်နဲ့ လုပ်နေတာကလည်း ချီးကျူးစရာပါ။

လင်းမြသာကို ပိုးပန်းနေတဲ့ နာမည်ကြီး စာရေးဆရာကြီး၊ စီးပွားရေးလုပ်ငန်းရှင်ကြီးနဲ့ နိုင်ငံခြားပြန် စီးပွားရေးပညာရှင်တွေကို ပေါတောတောဖြစ်အောင် ရိုက်ပြထားတာကလည်း ဒီမဲပြာပုဆိုးကိုများ ဘာဖြစ်လို့ နောက်ဆုံးပေါ်အကွက်ဆန်းပါ ပြောနေရသလဲလို့ နားမလည်နိုင်ဖြစ်မိပါတယ်။

ကြော်ငြာရှင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ ဂျာနယ်တိုက်ပိုင်ရှင် စကားပြောနေတဲ့အချိန်မှာ သတင်းထောက်/အယ်ဒီတာ တစ်ယောက်က စကားဖြတ်ပြီး ပြောချင်သလို ၀င်ပြောလို့ရနေတာကလည်း "ဒါမှ မြန်မာပြည်ကွ"လို့ အော်ချင်စရာပါပဲ။

နေတိုးက ဖုန်းဆက်ပြီးသတင်းပေးတိုင်း လိုက်လုပ်တတ်တဲ့ ဦးအောင်လွင်လို အဖေမျိုးကိုလည်း အမှတ်တွေပေးနေမိတယ်။ နေတိုးကများ အခု ကိုဘယ်သူတစ်ယောက် ထိုင်းက ဇိမ်ခန်းတစ်ခုမှာ ပျော်ပါးနေပါတယ်လို့ ဖုန်းဆက်ပြီးပြောရင် ထိုင်းအထိ လိုက်သွားမလားလို့ တွေးနေမိတယ်။ အံ့သြလောက်တဲ့ အဖေတစ်ယောက်ပါပဲ။

ဒီဇာတ်လမ်းရဲ့ အဆိုးဝါးဆုံးကတော့ စီးပွားရေးလုပ်ငန်းရှင် ငှက်ပျောကြော်က စားသောက်ဆိုင်မှာ အရက်တိုက်တာကို ကိုရွှေဂျာနယ်လစ်နှစ်ယောက်က သွားသောက်စားတာပါပဲ။ ကေတီဗီအထိတောင် ရောက်သွားကြသေးခင်ဗျ။ စာနယ်ဇင်း ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို ရေးနေရှာတဲ့ ဆရာလူထုစိန်ဝင်းအတွက် "သေပြီဆရာ" လို့သာ အော်လိုက်ချင်တော့တာပါပဲ။

ဂျာနယ်တိုက်ပိုင်ရှင် အယ်ဒီတာချုပ်ကြီးကလည်း သူများမသိဘဲ သူများစားပွဲအံဆွဲကို ဖွင့်တယ်။ သူများဒိုင်ယာရီကို ဖွင့်ဖတ်တယ်။ ကဲ အဲဒီလိုလူမျိုးဦးစီးပြီးထုတ်ဝေတဲ့ ရွှေမျက်ဝန်းဂျာနယ် လှုပ်တာ၊ ပေါက်တာ၊ စောင်ရေ နှစ်သောင်းကျော် ရိုက်ရတာဟာ မထူးဆန်းဘူးမလား။

ကောင်းတာလည်းတစ်စက်မှကို မရှိပါလားလို့ မတွေးကြပါနဲ့ဦး။ ဒီဇာတ်ကားမှာ ကျွန်တော်သဘောအကျဆုံးက စိုးမြတ်သူဇာပါ။ သြော်… တစ်မျိုးမထင်လိုက်ပါနဲ့။ ဇာတ်ကားမှာ စိုးမြတ်သူဇာကြီးတစ်ယောက် ၀မ်းဆက် (၁၀)စုံထက်မနည်း လှလှပပ လဲလှယ်သွားတာကို တွေ့ရပါတယ်။ ၀တ်သမျှတွေကလည်း လှမှလှ။ စိုးမြတ်သူဇာကြီးနဲ့ လိုက်မှလိုက်ပါပဲ။ အားလံုးနီးပါးဟာ ရင္ဖံုးအက်ႌေတြပါ။ ကျောပြောင်မှ၊ လည်ဟိုက်မှ၊ အမို့အမောက်တွေပေါ်နေမှ၊ အောက်ခံအင်္ကျီကိုမြင်နေရမှ၊ ကျပ်ထုပ်နေအောင်ဝတ်ထားမှ လှတယ်လို့ ထင်မှတ်နေတဲ့ မင်းသမီးတွေအနေနဲ့ ဒီဇာတ်ကားမှာ စိုးမြတ်သူဇာ ၀တ်စားထားတာကို ကြည့်စေချင်ပါတယ်။ လုံခြုံတဲ့အလှဟာ ပိုပြီးကျက်သရေရှိတယ်၊ ယဉ်ကျေးတယ်၊ အကြည့်ခံတယ်၊ စွဲမက်စေတယ်ဆိုတာကို မြန်မာအမျိုးသမီးအားလုံး နားလည်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ် မကြီးစိုး။

ဟာ… ဗီဒီယိုကြည့်တာပဲ အပြစ်ရှာဖို့ကြည့်တာမှမဟုတ်ပဲ။ အပျင်းပြေကြည့်တာပါဆိုတဲ့ လူတွေအတွက်တော့ တကယ့်ကို အပျင်းပြေသက်သက် ကြည့်မယ်ဆိုရင်တော့ ကြည့်ရှုနိုင်ကြောင်းပါ။ စိုးမြတ်သူဇာ ခရေဇီတွေကတော့ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလို့ ညွှန်းပါရစေ။

(၂)
ဇာတ်ကားအမည် - မိုးထဲက ကဗျာ
ဇာတ်လမ်း - အင်ကြင်းမေ
ဇာတ်ညွှန်း - ဆုသြချယ်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ န၀ရတ်၊ ရဲမွန်၊ ထွန်းထွန်းဝင်း၊ ကလေးသရုပ်ဆောင် ပိစိကွေး

ဇာတ်လမ်းသဘော
မာယာအမျိုးမျိုးနဲ့ ပိုက်ဆံရှိအမျိုးသားတွေကို ချူစားနေတဲ့ မိန်းမချောလေးတစ်ယောက်ကို ကုမ္ပဏီပိုင်ရှင်ရဲ့ ခိုင်းဖတ်(လူယုံ)တစ်ဦးက လမ်းမှန်ရောက်အောင် ကူညီကယ်တင်တဲ့ဇာတ်ဆိုပါတော့။

ဝေဖန်သုံးသပ်ချက်
မရှိတဲ့ဇာတ်လမ်းကို မဖြစ်ဖြစ်အောင်ရေးပြီး မဖြစ်ဖြစ်အောင် ဇာတ်ညွှန်းခွဲထားတာကို မဖြစ်ဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းတစ်ခုဆိုပါတော့။ ကုမ္ပဏီသူဌေးရဲ့ ၀န်ထမ်းတစ်ဦးက သပွတ်အူတွေနဲ့ ရှုပ်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ကူညီကယ်တင်လိုက်ပုံများတော့ သြချရလောက်တယ်။ သွားလေသူ ဆရာမင်းသိင်္ခရဲ့ ဇာတ်ကောင်တွေတောင် အဲဒီလောက် စွမ်းမယ်မထင်ဘူး။

လမ်းထဲမှာ ပြောင်ပြောင်တင်းတင်းကြီး ပြေးတမ်းလိုက်တမ်းကစားနေတာ၊ စားသောက်ဆိုင်မှာ ပြောင်ပြောင်တင်းတင်းကြီး ဓားထောက်ခေါ်တာတွေမြင်ရတော့ အာဖဂန်နစ္စတန်တွင်ရိုက်သည်လို့ စာတန်းများထိုးထားသလားလို့ လိုက်ရှာရသေးတယ်။

ဒေလီယာ(န၀ရတ်)ကို ဖုန်းဝယ်ပေးထားတယ်လို့ ပြောသေးရဲ့။ ပီစီအိုမှာဆက်လိုက်၊ စတိုးဆိုင်မှာဆက်လိုက် ဖုန်းဆက်တာကိုပဲ ရိုက်ပြနေတာကလည်း ပညာရှိသတိဖြစ်ခဲ ဖြစ်သွားတယ်လို့ ယူဆလိုက်ပါတယ်။

မိုးထဲက ကဗျာဆိုတဲ့ ဇာတ်ကားနာမည်ကို မရမက ပုံဖော်ချင်တာနဲ့ပဲ နောက်ဆုံးအခန်းမှာ မဆီမဆိုင် မိုးရွာတဲ့အခန်းတစ်ခန်း ရိုက်ထည့်ပြလိုက်တာကလည်း တော်လိုက်တာ ဒါရိုက်တာရယ်လို့ အော်ရမလား၊ ဇာတ်ညွှန်းဆရာ တော်တယ်ဗျာလို့ ရေရွတ်ရမလား မပြောတတ်တော့ပါဘူး။

အပျင်းပြေကြည့်ချင်ပါတယ်ဆိုမှ သပွတ်အူဇာတ်ရှုပ်ကို မကြည့်ချင်ရင်တော့ မငှားဖို့ သတိပေးလိုက်ပါရစေ။ ကျော်ရဲအောင်ဆိုရင် မလွတ်တမ်းကြည့်တာဗျ/ရှင့် ကြည့်ကိုကြည့်မှာပဲဆိုရင်တော့ မတားလိုပါခင်ဗျား။

ပြဿနာတစ်ရပ်ကို ဖြေရှင်းတဲ့နေရာမှာ လွဲမှားစွာမဖြေရှင်းဖို့ ဆုံးမချင်တဲ့ စိတ်ကူးလေးကိုတော့ အသိအမှတ်ပြုပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၂ နာရီ ၄၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics