Thursday, December 31, 2009

လုပ်နိုင်မှ အဓိဋ္ဌာန်ပြုပါ - လူထုစိန်ဝင်း


မကြာသေးမီတစ်ညက ကျောင်းသား၊ ကျောင်းသူဟောင်း ဇနီးမောင်နှံ လာရောက်နှုတ်ဆက်ပါတယ်။ ဗိုလ်တထောင်ဘုရားကအပြန် ၀င်လာကြတာလို့ ပြောပါတယ်။ ထူးထူးဆန်းဆန်း ဘုရားတွေ၊ ဘာတွေ သွားလို့ပါလားလို့ ပြောလိုက်တော့  တပည့်ကျောင်းသားဟောင်းက ဘုရားသွားပြီး သစ္စာဓိဋ္ဌာန်ပြုတာပါလို့ ဖြေပါတယ်။ ပြီးတော့ တစ်ဆက်တည်း ဘီယာမသောက်တော့ပါဘူးလို့ အဓိဋ္ဌာန်ပြုတာပါလို့ မလုံမလဲမျက်နှာလေးနဲ့ ပြောလိုက်ပါတယ်။

"ဘုရားကိုလိမ်တာ ဒါပါနဲ့ဆို အကြိမ် ၂၀ လောက်ရှိပြီဆရာ၊ အလကားပါ၊ သူ့အဓိဋ္ဌာန်က ဘယ်တော့မှ တစ်ပတ်ပြည့်အောင် မခံပါဘူး"

တပည့်မ ကျောင်းသူဟောင်းက တပည့်ရဲ့ "အိုးစရည်း"လောက် ရှိနေပြီဖြစ်တဲ့ ၀မ်းဗိုက်ကြီးကို လက်ညှိုးထိုးရင်း ၀င်ပြောလိုက်ပါတယ်။

"အမယ်၊ ဒီတစ်ခါ တကယ်ပါ၊ စောင့်ကြည့်နေ"

"စောင့်ကြည့်ရင် မျက်စိညောင်းရုံ ရှိတော့မှာပေါ့။ မကြည့်ပါဘူး"

တပည့်နှစ်ယောက် အချီအချပြောနေကြတာကိုကြည့်ပြီး ပြုံးနေမိတယ်။ ဘာမှတော့ ၀င်မပြောဖြစ်ပါဘူး။ သူတို့အလုပ်အကိုင်အကြောင်းကိုသာ မေးလိုက်ဖြစ်တယ်။ နှစ်ယောက်လုံးက ဆရာဝန်တွေပါ။ အသက်တွေလည်း ငယ်ကြတော့တာ မဟုတ်လေတော့ ဆုံးမစကားတွေ ဘာတွေပြောနေဖို့ မလိုတော့ပါဘူးလေ။ ပညာတတ်တွေပဲ ဟော့ဟော့ရမ်းရမ်းတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ စိတ်ချယုံကြည်ထားပါတယ်။

သူတို့မောင်နှံပြန်သွားကြတော့ စောစောကပြောခဲ့တဲ့ "သစ္စာဓိဋ္ဌာန်" ဆိုတဲ့ အကြောင်းကို ဆက်ပြီးတွေးနေမိတယ်။ လူတော်တော်များများမှာ ဒီအလေ့အထ ရှိတတ်ကြပါတယ်။ နှစ်တစ်နှစ်ကုန်ဆုံးလို့ နှစ်သစ်တစ်ခု ရောက်တဲ့အခါမျိုးဖြစ်စေ၊ ကိုယ့်မွေးနေ့အချိန်အခါ ရောက်တဲ့အခါမျိုးမှာဖြစ်စေ သစ္စာဓိဋ္ဌာန်တစ်မျိုးမျိုး လုပ်လေ့ရှိကြတယ်။ အထူးသဖြင့် မြို့သားပညာတတ် အလွှာတွေမှာ ခေတ်စားတယ်။ နှစ်သစ်ကူးပွဲတို့၊ မွေးနေ့ပွဲတို့ ဆိုတာမျိုးကို အစဉ်အလာအားဖြင့် မြန်မာလူမျိုးများက လုပ်လေ့လုပ်ထ မရှိကြပါဘူး။

အဲဒီလိုမြို့သားတွေ လုပ်တတ်ကြတဲ့ သစ္စာဓိဋ္ဌာန်ဆိုတာမျိုးဟာ ဘယ်လောက်ကြာကြာခံတတ်ကြသလဲ။ တစ်ပတ်လား၊ ဆယ်ရက်လား၊ တစ်လလား။ သေချာတာကတော့ အဓိဋ္ဌာန်ပြုခဲ့တဲ့အတိုင်း တစ်နှစ်ပတ်လုံး မပျက်မကွက် လိုက်နာလုပ်ဆောင်နိုင်သူ တစ်ယောက်တလေရှိဖို့တောင် မလွယ်ဘူးဆိုတာဖြစ်တယ်။ ဘာ့ကြောင့် တစ်ယောက်တလေတောင် ရှိဖို့ခက်တာလဲ။ ရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ လူတိုင်းဟာ ဘယ်အခါမဆို အကောင်းဆုံးကိုသာ စဉ်းစားလေ့ရှိတယ်။ ဖြစ်နိုင်တာနဲ့ လုပ်နိုင်တာကို စဉ်းစားလေ့မရှိပါဘူး။ ကျောင်းသားက တစ်နေ့ကို ၅ နာရီ မပျက်မကွက် နေ့တိုင်းစာကျက်မယ်လို့ အဓိဋ္ဌာန်ပြုတယ်။ ဒါပေမယ့် လက်တွေ့ကျတော့ ကျောင်းချိန်၊ ကျူရှင်ချိန်နဲ့ အချိန်အများကြီး ကုန်နေရတာကြောင့် ၂ နာရီ၊ ၃ နာရီတောင် အနိုင်နိုင် ကျက်ရပါတယ်။

လခစားဝန်ထမ်းကလည်း ရရစားစား မဖြစ်ရလေအောင် တစ်လကို ဘယ်လောက်သုံးပြီး ဘယ်လောက်စုမယ်လို့ အဓိဋ္ဌာန်ပြုခဲ့တယ်။ လက်တွေ့ကျတော့ မစုနိုင်ခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စကတည်းက လုပ်နိုင်တာ၊ ဖြစ်နိုင်တာကို မစဉ်းစားဘဲ ကိုယ့်စိတ်ထဲ လုပ်ချင်တာ၊ ဖြစ်ချင်တာကိုသာ စဉ်းစားခဲ့တာကိုး။ ဘယ်အရာမဆို ကာလ၊ ဒေသ၊ ပယောဂအပေါ်မှီပြီး ဖြစ်ကြ၊ ပျက်ကြရပါတယ်။ ဘာလုပ်လုပ် ဒီအချက်သုံးချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

အဓိဋ္ဌာန် ခဏခဏ ကျိုးပေါက်တာဟာ ပတ်ဝန်းကျင်ရဲ့ အထင်သေးပြက်ရယ်မှုကို ခံရစေရုံမက ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုလျော့ရဲစေပါတယ်။ နောက်ပြီးတော့ ဘာမဆို ပြီးပြီးရော ပြောတတ်၊ လုပ်တတ်တဲ့ အကျင့်ဆိုးကို ရစေတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်စိတ်ချမှု မခိုင်မာတဲ့လူမျိုးကို တခြားဘယ်သူကလာပြီး ယုံကြည်စိတ်ချတော့မှာလဲ။ ယုံကြည်စိတ်ချမှုဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးဖြစ်တယ်။ အောင်မြင်မှုရဲ့ သော့ချက်လည်းဖြစ်တယ်။

တစ်ခုခု လုပ်တော့မယ်ကြံရင် တစ်ခုခု ဆုံးဖြတ်တော့မယ်စိတ်ကူးရင် ကိုယ်လုပ်နိုင်စွမ်းရှိတာရဲ့ အနိမ့်ဆုံးက စတင်ပါ။ ဒါမှ မပျက်မကွက် သေချာပေါက်လုပ်နိုင်မှာ ဖြစ်တယ်။ ဥပမာ - ည ၁၂ ထက်ကျော်လွန်ပြီး နေနိုင်စွမ်းမရှိသူဟာ ညစဉ် ၁၂ နာရီထိ စာကျက်မယ်လို့ အဓိဋ္ဌာန်ပြုမယ့်အစား ည ၁၁ နာရီထိ စာကျက်မယ်လို့ပဲ အဓိဋ္ဌာန်ပြုသင့်တယ်။ ဒါဆိုရင် အဓိဋ္ဌာန်ပြုတဲ့အတိုင်း လုပ်ဖြစ်မှာ သေချာတယ်။ ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု အားကောင်းစေလိမ့်မယ်။ ဘေးပတ်ဝန်းရှိ လူများကလည်း ကိုယ့်ကို စိတ်ချယုံကြည်မှု တိုးလာစေနိုင်ပါတယ်။

မလုပ်နိုင်တဲ့အဓိဋ္ဌာန်မျိုး ဘယ်တော့မှ မချပါနဲ့။ လုပ်ရဲတဲ့သတ္တိမရှိဘဲ ဘယ်တော့မှ မခြိမ်းခြောက်ပါနဲ့။ အပြောသာရှိပြီး အလုပ်မဖြစ်တဲ့လူမျိုးကို ဘယ်သူကမှ အလေးမထားပါဘူး။ အထင်မကြီးပါဘူး။ "ဆိုခဲစေ မြဲစေ" ဆိုတဲ့စကားကို သတိချပ်သင့်ပါတယ်။ ပြောရင်ပြောတဲ့အတိုင်း လုပ်တဲ့လူမျိုးကိုမှ လူလေးစားပါတယ်။ မလုပ်နိုင်ဘူးထင်ရင် အစကတည်းက ဘာအဓိဋ္ဌာန်မှ မချပါနဲ့။ နှစ်သစ်တစ်ခါကူးတိုင်း၊ မွေးနေ့တစ်ကြိမ်ရောက်တိုင်း အဓိဋ္ဌာန်တွေ ချရမယ်လို့ ဥပဒေသတ်မှတ်ထားတာ မရှိပါဘူး။ အဓိဋ္ဌာန်ပြုတဲ့အတိုင်း မလုပ်နိုင်လို့ လူအထင်သေးခံ၊ ပြက်ရယ်ပြုခံရတာထက်တော့ စကတည်းကိုက ဘာအဓိဋ္ဌာန်မှမချဘဲ ပေါ့ပေါ့ပါးပါးနေလိုက်တာက ပိုကောင်းပါတယ်။ လူတိုင်းလုပ်လို့။ ထုံးစံရှိလို့ဆိုတိုင်း လိုက်လုပ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ၊ ကိုယ်တိုင်ဆန္ဒရှိမှ၊ အမှန်တကယ်လည်း စွမ်းဆောင်နိုင်မှလုပ်တာ အကောင်းဆုံးပါပဲ။ ခက်တာက လူတွေဟာ သူများလုပ်သလို လိုက်လုပ်မှ ခေတ်မီတယ်လို့ ထင်နေကြတာဖြစ်တယ်။

(မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး စာအုပ်မှ)

No comments:

Post a Comment

 
Web Statistics