အခုရေးမယ့်အကြောင်းအရာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အထူးအဆန်းလည်း ဖြစ်နေပြန်တယ်။ ဘာနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ ဒီအတိုင်းခုတ်ပြီး လွှင့်ပစ်နေကျ အုန်းရွက်ကလေးတွေကို အရုပ်ကလေးတွေ၊ ဖာသေတ္တာလေးတွေ စသည်ဖြင့် လှလှပပလေးလုပ်ပြီး ပြန်ရောင်းတာကို မြင်ရတဲ့အခါ အထူးအဆန်းဖြစ်နေသလိုမျိုး ဖြစ်မယ်ထင်ပါတယ်။ အခုလည်း အဲဒီလိုပါပဲ။ နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ အဖြစ်အပျက်လေးတွေကို သာမန်ကာလျှံကာ သတိမထားမိပေမယ့် အေးအေးဆေးဆေး ပြန်တွေးမိတဲ့အခါ၊ တစ်ခါတလေ အကြောင်းတိုက်ဆိုင်လာတဲ့အခါ "သြော်… အဲဒီလိုကြောင့်ပါလား" ဆိုပြီး ပြန်စဉ်းစားမိတဲ့ အကြောင်းလေးတွေဆိုပါတော့။ ကျွန်တော်ရယ်မှ မဟုတ်ပါဘူး။ စာဖတ်သူကိုယ်တိုင်လည်း ကြုံဖူးပြီးသား သိဖူးပြီးသား အကြောင်းအရာလေးတွေ ဖြစ်မှာပါ။ စိတ်ထဲပေါ်ရာ ရေးထားတာလေးတွေကို ဖတ်ကြည့်ပါဦးနော်။
(၁)
ဘောလုံးကန်တာကို ၀ါသနာပါတဲ့ ကျွန်တော့်အတွက် မရှိမဖြစ် ပစ္စည်းတစ်ခုကတော့ ဘောလုံးကန်ဖိနပ် ဖြစ်ပါတယ်။ သူ့အိုးနဲ့သူဆန် တန်ရုံပဲတတ်နိုင်တာဆိုတော့ သိတဲ့အတိုင်းပဲ တရုတ်ကြီးကိုပဲ အားကိုးရတာပေါ့။ ဈေးခပ်သင့်သင့် ဖိနပ်တစ်ရံလောက်ကိုပဲ ၀ယ်ကန်ရတာပေါ့။ ဒါပေမယ့် ဘယ်တော့မှ အကြာကြီးမခံပါဘူး။ နှစ်ပတ်လောက်ကန်ပြီးရင် ချုပ်ရိုးတွေပြုတ်၊ အောက်ကသံတွေကထွက်နဲ့ ဘယ်လိုမှကို အဆင်မပြေပါဘူး။ ဖိနပ်ချုပ်ဆိုင်မှာ အပြေးသွားပြင်ရတာပေါ့။ ဖိနပ်ချုပ်ခဈေးကလည်း မသေးတော့ ဆင်ဖိုးထက် ချွန်းဖိုးကြီးရတဲ့ အဖြစ်တွေကလည်း ခဏခဏဖြစ်တတ်သေးတယ်။ နောက်ဆုံးတော့ အဲဒီဖိနပ်နဲ့ပတ်သက်ပြီး ခဏခဏ စိတ်ဒုက္ခရောက်ရတာကို မခံနိုင်တော့ဘူး။ အဲဒီအတွက် ဖိနပ်အကောင်းတစ်ရံတော့ ၀ယ်မှကို ဖြစ်တော့မယ်လို့ ဆုံးဖြတ်ရတော့တာပေါ့။ ရှိသမျှပိုက်ဆံလေး ခြစ်ခြုတ်စုပြီး ဖိနပ်အကောင်းတစ်ရံကို ၀ယ်ရပါတယ်။ အရင်ဝယ်နေကျ ဖိနပ်တွေထက်တော့ ဈေးက (၆)ဆ၊ (၇)ဆလောက် ပေးရတာတော့ရှိတာပေါ့။ ဒါပေမယ့် အရင်ကလိုမျိုး အဲဒီဖိနပ်အတွက် စိတ်ညစ်ရတာတွေ၊ ဖိနပ်ဆိုင်ကို အိမ်ဦးနဲ့ကြမ်းပြင်ပြေးရတာတွေ မဖြစ်တော့ဘူး။ အရင်ဖိနပ်တွေထက်လည်း စီးလို့ကောင်း၊ ကန်လို့ကောင်းဖြစ်သွားတယ်။
ဒီအဖြစ်အပျက်ကနေ ဘာရလိုက်သလဲဆိုတော့ ပစ္စည်းတစ်ခုခု ၀ယ်တော့မယ်ဆိုတာနဲ့ အဖြစ်ပဲ ဘယ်တော့မှ မ၀ယ်ဖြစ်တော့ဘူး။ ခဏခဏ စိတ်ဆင်းရဲနေရမှာထက်စာရင် တစ်ခါတည်း အကောင်းဆုံးကို ရွေးဝယ်လိုက်တယ်။ မ၀ယ်နိုင်သေးရင် မ၀ယ်ဖြစ်အောင် ကြိုးစားနေလိုက်တယ်။ တချို့ကိစ္စတွေမှာ ဈေးကြီးတယ်ဆိုတာ သူနဲ့ထိုက်တန်တဲ့ တစ်ခုခုကြောင့်သာဖြစ်ကြောင်း နားလည်မိတယ်။ အဲဒီလိုတွေးမိတော့လည်း ဈေးဆစ်ခြင်းဆိုတာကို စဉ်းစားနေမိပြန်ပါရော။
(၂)
ရုံးတွေမှာ ဘယ်အလုပ်ကိုပဲလုပ်လုပ် အကြားရဆုံးက စကားတစ်ခွန်းက "အမြန်ဆုံး"ဆိုတဲ့ စကားပဲ။ ခိုင်းတဲ့လူအများစုကလည်း "မြန်မြန်လေး လုပ်ပေးနော်၊ အရေးကြီးတယ်" ဆိုတာချည်းပဲ။ ဘယ်သူကမှ "အေးအေးဆေးဆေးလုပ်ပါ၊ ဘယ်နေ့ပြီးရင် ရပါတယ်" လို့ မပြောကြဘူး။ နောက်ထပ် နာရီဝက်နေလို့မှ မရရင် ချက်ချင်းလက်ငင်းပဲ ကမ္ဘာပျက်တော့မယ့် ပုံစံမျိုးနဲ့ ခိုင်းကြတဲ့လူတွေချည်းပဲ။ ထားပါတော့။ ကျွန်တော်မကြာခဏ ကြုံဖူးတာကတော့ အဲဒီလို မြန်မြန်ပြီးအောင် လုပ်ပေးလိုက်ရတဲ့ အလုပ်အတော်များများဟာ အမှားများတယ် ဆိုတာပါပဲ။ ရုံးစာတစ်ခုဆိုပါစို့။ စာလုံးပေါင်းမှားရတာနဲ့၊ ရက်စွဲမှားရတာနဲ့၊ နာမည်တပ်တာ မမှန်ရတာနဲ့၊ စာအထားအသိုတွေ လွဲနေရတာနဲ့ တစ်ခုမဟုတ်တစ်ခု ဖြစ်တတ်လေ့ရှိတာကို သတိထားမိပါတယ်။ လုပ်ပေးရတဲ့လူအနေနဲ့ ကိုယ့်လူကြီးရဲ့ အဆူအငေါက်ကိုမခံချင်၊ အပြောမခံချင်၊ ဒါမှမဟုတ် ကိုယ့်လူကြီးရဲ့ အထင်ကြီးမှုကို ခံချင်တဲ့အတွက် မြန်နိုင်သမျှမြန်မြန်ပြီးအောင် လုပ်မယ်ဆိုတဲ့ attention ကြောင့် ပြီးဖို့ကိုသာ အာရုံရောက်သွားတဲ့အခါ အမှားတွေဖြစ်ကုန်ရတာပါပဲ။ "ပြီးပါပြီခင်ဗျ" ဆိုတဲ့ စကားတစ်ခွန်းအတွက် အလောတကြီးနဲ့ သူကြိုးစားလုပ်ခဲ့တာတွေဟာ အရာမထင်တဲ့အကြောင်း မကြာခင်မှာပဲ ဟိုဟာပြင်ခိုင်းရ၊ ဒီဟာပြင်ခိုင်းရနဲ့ အထက်လူကြီးရဲ့ ဒေါသတွေကိုပါ အဆစ်ရတဲ့အခါမှာ သိလာကြရတော့တာပါပဲ။ အဲဒီတော့လည်း မထူးပါဘူး။ ပြန်ပြင်ရ၊ ပြန်လုပ်ရ၊ ပြန်စစ်ဆေးရ၊ ပြန်တင်ပြရနဲ့ အချိန်တွေဖင့်ရတာပါပဲ။ အစကတည်းကသာ အေးအေးဆေးဆေးလုပ်ခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာစရာအကြောင်း မရှိပါဘူး။
ဘာတွေးမိသလဲဆိုတော့ ဘယ်အလုပ်ကိုလုပ်တာပဲဖြစ်ဖြစ် အမြဲတမ်းအလျင်စလို မလုပ်ဖို့နဲ့ ကန့်သတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ မဖြစ်နိုင်တဲ့အလုပ်တစ်ခုကို အထက်လူကြီးကို ရဲရဲဝံ့ဝံ့မှန်မှန်ကန်ကန် ပြန်တင်ပြဖို့ လိုတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ အသုံးအနှုန်းတစ်ခုကို သွားသတိရမိတယ်။ "လျင်မြန်မှုကိုဦးစားပေးရင် လုံခြုံမှုမရှိဘူး၊ လုံခြုံမှုကိုဦးစားပေးရင် လျင်မြန်မှုမရနိုင်ဘူး" ဆိုတဲ့စကား ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မြန်မြန်ပြီးတာထက် မှန်မှန်ကန်ကန်နဲ့ ထိုက်သင့်တဲ့အချိန်တစ်ခုအတွင်းမှာ ပြီးတာကိုပဲ သဘောကျပါတယ်။ အနည်းဆုံးတော့ ကိုယ်လုပ်တဲ့အလုပ်အတွက် စဉ်းစားဖို့အချိန်၊ စစ်ဆေးဖို့အချိန် အနည်းငယ်ပဲဖြစ်ဖြစ် လိုအပ်တယ်လို့ သုံးသပ်မိတယ်။
(၃)
ဒိုင်ယာရီစာအုပ်အဟောင်းတွေကို ပြန်ဖတ်မိတိုင်း တွေ့ရတတ်တာတစ်ခုက စိတ်ကူးထားပြီးကာမှ၊ ဆုံးဖြတ်ထားပြီးကာမှ မလုပ်ဖြစ်လိုက်တဲ့ အလုပ်တွေဖြစ်ပါတယ်။ ငါတော့ ဘာလုပ်မယ်ဆိုပြီး စဉ်းစားဆုံးဖြတ်ထားပြီးကာမှ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်လိုက်တဲ့ အလုပ်တွေအတွက် ပြန်ဖတ်တဲ့အခါ နောင်တရမဆုံး ဖြစ်ရတာတွေ အတော်ကြီးများနေတာကို တွေ့ရတယ်။ တချို့အလုပ်တွေကတော့ လုပ်ပြီးကာမှ မှားသွားတာတွေလည်း အများကြီးပါပဲ။ ဘာဖြစ်လို့များ အဲဒီအလုပ်တွေကို ငါလုပ်ခဲ့မိပါလိမ့်၊ အဲဒီစကားတွေကို ငါပြောခဲ့မိပါလိမ့်ဆိုပြီး ဖြစ်ရတဲ့အကြောင်းအရာတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဘာကြောင့်မှားခဲ့တယ်ဆိုတဲ့ သင်ခန်းစာတော့ ရလိုက်တာ အမြတ်ပါပဲ။ နောင်အလားတူ အလုပ်မျိုးတွေ လုပ်ဖို့ကြုံတဲ့အခါ အရင်လိုအမှားမဖြစ်အောင် စဉ်းစားနိုင်သွားတယ်။
ဒီအချက်တွေကနေ ဘာရလိုက်သလဲဆိုတော့ မလုပ်ဖြစ်ခဲ့တာတွေနဲ့ လုပ်ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားမိတဲ့အခါ မလုပ်ဖြစ်ခဲ့တာတွေအတွက် နောင်တရခံစားရတဲ့ ဒုက္ခဟာ ပိုဆိုးတယ်ဆိုတာပါပဲ။ တစ်ခုခုလုပ်ခဲ့လို့ မှားခဲ့တာကမှ အနည်းဆုံး သင်ခန်းစာရနိုင်သေးတယ်လေ။ အဲဒီအတွက် ကိုယ့်ကိုကိုယ် ဆုံးမမိတာက "လုပ်လိုက်လို့ မှားသွားမှာတွေကို မကြောက်ပါနဲ့၊ မလုပ်လိုက်မိလို့ နောင်တစ်ချိန်ကျမှ နောင်တတွေရင်ဝယ်ပိုက်နေရမှာကို ကြောက်ပါ"လို့ပေါ့။ အဲဒါကြောင့်လည်း ကျွန်တော့်စိတ်ထဲမှာ ပေါ်သမျှတွေကို ချရေးဖြစ်နေတာပါ။ အခုလိုရေးလိုက်လို့ မှားသွားရင်လည်း ၀ိုင်းဝန်းတည့်မတ်ပေးကြမှာ၊ ပြုပြင်ပေးကြမှာပဲ မဟုတ်လား။ နောင်တစ်ချိန်ကျမှ ငါအဲဒီတုန်းက မရေးခဲ့မိတာ နာတာပဲဆိုပြီး နောင်တတွေမရချင်လို့ပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၀၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment