Thursday, December 17, 2009

မတ်တတ်ပြေးစ ဒီမိုကရေစီများ - ကိုကိုလှိုင်


နိုင်ငံများ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုသည် ကလေးများ ရှင်သန်ဖွံ့ထွားကြီးပြင်းလာမှုနှင့် များစွာဆင်တူသည်။ ကလေးငယ်များတွင် မွေးကင်းစမှသည် မိမိခြေချောင်းပေါ်တွင် မတ်တတ်ရပ်၍ "ဒေါင်းဒေါင်းပြေး"နိုင်သည်အထိ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ကြရသည်။ မျက်စိကိုဖွင့်၍ အသံလာရာ အရုပ်ထင်ရာကို ကြည့်နိုင်သည့်အဆင့်၊ ဇက်ခိုင်၍ ချီနိုင်ပိုးနိုင်သည့်အဆင့်၊ ၀မ်းလျားမှောက်နိုင်သည့်အဆင့်၊ ငုတ်တုတ်ထိုင်နိုင်သည့်အဆင့်၊ စမ်း၍မတ်တတ်ရပ်နိုင်သည့်အဆင့်။ အကူအညီအဖေးအမဖြင့် လမ်းစလျှောက်သည့်အဆင့်၊ မိမိဘာသာ ကောင်းစွာလျှောက်နိုင်၊ ပြေးနိုင်သည့်အဆင့် စသည်တို့ကို နှစ်နှစ်၊ သုံးနှစ်အတွင်း ကြိုးပမ်းကြရသည်။ အရွယ်ရောက်သည့် လူကြီးများအတွက် ဤကိစ္စရပ်များမှာ မဖြစ်စလောက်ဟု ဆိုသော်ငြား ထိုအရွယ်ကလေးငယ်များအတွက်မူ အတော်ပင်ကြီးမားသည့် စိန်ခေါ်မှုများဖြစ်သည်။

ကလေးငယ်များအတွက် အန္တရာယ်အများဆုံးအဆင့်မှာ မတ်တတ်ပြေးစ လမ်းလျှောက်သင်ရသည့် အချိန်ဖြစ်သည်။ မကြာခဏ အလဲလဲအပြိုပြို ဖြစ်ကြရသည်။ သို့သော် လူကြီးမိဘက ထိန်းကျောင်းပေးသည်ကို မခံချင်တတ်။ မိမိဘာသာ လျှောက်လိုသည်။ ထိုအခါမျိုးတွင် လမ်းလျှောက်သင့်သည့်မြေပြင်က ညီညာချောမွေ့၍ ထိနိုင်ခိုက်နိုင်သော ခလုတ်တံသင်းများမရှိလျှင် တော်သေးသည်။ အနည်းငယ်ယိုင်လဲသည်နှင့် အချိန်မီ ဖေးမထိန်းသိမ်းပေးမည့် လူကြီးများ အနားတွင် အသင့်ရှိနေဖို့လည်း လိုသည်။ ထိုသို့မဟုတ်ဘဲ မြေပြင်မညီမညာ၊ ဆူးငြောင့်ခလုတ်တံသင်းများ ပြွတ်သည့်နေရာ၌ ထိန်းပြုပေးမည့် အဖော်မပါ တစ်ဦးတည်း လမ်းလျှောက်ရသော အခါမျိုး၌မူ ထိုကလေးငယ်သည် အလဲလဲအကွဲကွဲဖြစ်ရန် များစွာသေချာနေတော့သည်။

နိုင်ငံတို့တွင်လည်း ဒီမိုကရေစီဖြစ်စဉ် ဖွံ့ဖြိုးတိုးတက်မှု၊ ရင့်ကျက်ပြည့်ဝမှု အဆင့်ချင်းမတူညီကြသဖြင့် ဒီမိုကရေစီ၏ အခြေခံလှေကားထစ်ဟုခေါ်သော ရွေးကောက်ပွဲများ ကျင်းပရာ၌လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ လွယ်ကူချောမွေ့မှု၊ ခက်ခဲကြမ်းတမ်းမှုချင်း ကွာခြားကြသည်ကို တွေ့ရသည်။ ဒီမိုကရေစီဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရွေးကောက်ပွဲသည် ထမင်းစားရေသောက် လုပ်ငန်းသဖွယ်ဖြစ်သော်လည်း မဖွံ့ဖြိုးသည့်နိုင်ငံများ၌မူ ရွေးကောက်ပွဲသည် တုတ်တစ်ချောင်း၊ ဓားတစ်ပြက်၊ သွေးထွက်သံယိုမှုပေါင်းများစွာကို ကျော်ဖြတ်ရသော ခက်ခဲကြမ်းတမ်းသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ဥပမာအားဖြင့် မကြာမီက ဂျာမနီနိုင်ငံတွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ လက်ရှိဝန်ကြီးချုပ် အင်ဂျလာမာကဲလ် သက်သောင့်သက်သာဖြင့် အနိုင်ရရှိသွားသည်။ ကမ္ဘာက များစွာ သတိမထားမိခဲ့ကြပေ။ သို့သော် ပြီးခဲ့သည့် သြဂုတ်လက ကျင်းပခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲမှာမူ လပေါင်းများစွာ ကြာမြင့်သည့်တိုင် ကမ္ဘာ့မီဒီယာများတွင် "ပြူးတူးပြဲတဲ" ဖော်ပြနေရသည့် သတင်းဖြစ်နေဆဲ။ ခြိမ်းခြောက်မှုများ၊ သွေးထွက်သံယိုမှုများ၊ ရွေးကောက်ပွဲမသမာမှုများ၊ ရွေးကောက်ပွဲဥပဒေဆိုင်ရာ ပြဿနာများ၊ ပြည်ပဖိအားများ၊ အလျော့အတင်းဈေးဆစ်မှုများ စသည်တို့ဖြင့် "အမယ်ဘုတ်ကဲ့ သူ့ချည်ခင်" ဖြစ်နေဆဲ။ ၂၀၁၀ ခုနှစ်မှစ၍ ရှစ်နှစ်ခန့်ကြာအောင် နိုင်ငံခြားတပ်အင်အား တစ်သိန်းခန့် နိုင်ငံခြားအကူအညီအထောက်အပံ့ ဒေါ်လာဘီလီယံ ၈၀၀ ကျော်ဖြင့် တည်ဆောက်ထူထောင်နေသည့်အကြားမှ အာဖဂန်နစ္စတန်နိုင်ငံ၏ မတ်တတ်ပြေးစ ဒီမိုကရေစီသည် ခယောင်းလမ်းပေါ်၌ အလဲလဲအကွဲကွဲဖြင့် သွေးခြင်းခြင်း နီနေဆဲဖြစ်သည်။

အချို့သော ဖွံ့ဖြိုးဆဲဒီမိုကရေစီများ၌ ယင်း"မတ်တတ်ပြေး" ကာလမှသည် "ဒေါင်းဒေါင်းပြေး" ကာလသို့ မရောက်မီ မည်မျှအချိန်ကြာမြင့်မည်ကို ပြောရန်ခက်ခဲသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၁၉၃၁ ခုနှစ်ကပင်စတင်၍ ပဒေသရာဇ်စနစ်မှ စည်းမျဉ်းခံဘုရင်နှင့် ပါလီမန်ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့ရာ ယခုအခါ နှစ်ပေါင်းရှစ်ဆယ်နီးပါးပင် တိုင်ခဲ့ပြီ။ သို့သော် မကြာသေးမီ နှစ်နှစ်ခန့်အထိ စစ်ဘက်အာဏာသိမ်းမှုများ ရှိနေဆဲ။ ဆင်းရဲချမ်းသာကွာဟမှု၊ မြို့ပြကျေးလက်ကွာဟမှုတို့မှ ပေါ်ပေါက်လာသည့် နိုင်ငံရေးအင်အားစုကြီးနှစ်စု အပြင်းအထန် အားပြိုင်ထိုးနှက်ကာ မတည်မငြိမ်ဖြစ်နေဆဲ။ နိုင်ငံရေးအုပ်စုတစ်စုက ထိုင်းနိုင်ငံ၏ လူများစုသည် ဒီမိုကရေစီနှင့် မထိုက်တန်သေးသောကြောင့် လမ်းညွှန်ဒီမိုကရေစီပုံစံဖြင့် တတ်သိအထက်လွှာများက တိုက်ရိုက်ခန့် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲမ၀င်ဘဲ နိုင်ငံအရေးအရာများကို ၀င်ရောက်ထိန်းသိမ်းသင့်သည်ဟု အခိုင်အမာ ပြောဆိုလျက်ရှိသည်။ ဤကား အနိမ့်အမြင့်မညီမျှသော မြေပြင်တွင် လမ်းလျှောက်သင်စ ကလေးငယ်၏ အဖြစ်မျိုးကို ဖော်ညွှန်းလျက်ရှိသည်။

အလားတူပင် ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော ဖိလစ်ပိုင်နိုင်ငံသည် ၁၉၄၆ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ချိန်မှစ၍ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သော်လည်း စိန်ခေါ်မှုအခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရကာ ယနေ့ထက်တိုင် "ဒေါင်းဒေါင်းမပြေး" နိုင်သေးဘဲ ရှိသည်။ နိုဝင်ဘာ ၂၃ ရက်နေ့က ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းစုပေါ်ရှိ မာဂွင်ဒါနာအိုပြည်နယ်တွင် နိုင်ငံရေးစစ်ဘုရင် မိသားစုနှစ်စုအကြား အားပြိုင်မှုအား ခါးပိုက်ဆောင် လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြု၍ အကြမ်းဖက်ဖြေရှင်းမှုကြောင့် လူ ၆၀ ခန့် အစုလိုက်အသတ်ခံခဲ့ရမှုသည် ယနေ့ထက်တိုင် ဒီမိုကရေစီကျင့်သုံးမှု အသားမကျ၊ မရင့်ကျက်သေးသည်ကို ပြနေသည်။
စင်စစ်၌ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်ရေးဟူသည်မှာ နောက်ခံအခြေအနေများက ပြည့်စုံစွာ ထောက်ကူပေးထားနိုင်ရန် လိုသည်။ တစ်နိုင်ငံလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံအေးချမ်းမှုတို့သည် မရှိမဖြစ်သော လိုအပ်ချက်များပင် ဖြစ်သည်။ ထိုသို့သော လိုအပ်ချက်များ ထိုက်သင့်သလောက် အတိုင်းအတာအထိ ဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ဆန္ဒာဂတိ၊ ဘေဘာဂတိ၊ ဘယာဂတိစသည့် အဂတိတရား အမျိုးမျိုးတို့ကို ဖိစီးနှိပ်စက်မှုကြောင့် ဒီမိုကရေစီနည်းကျသော ရွေးကောက်ပွဲဖြစ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

တစ်ချိန်တည်း၌ပင် နိုင်ငံရေးအစုအဖွဲ့အတွင်း ပါဝင်လျက်ရှိကြသည့် နိုင်ငံရေးအင်အားစုများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် အုပ်ချုပ်မှုယန္တရားတို့၏ စိတ်နေသဘောထားနှင့် အသိအမြင်ဖွံ့ဖြိုးရင့်ကျက် ပြည့်ဝမှုကိုပါ တည်ဆောက်ပျိုးထောင် လေ့ကျင့်ပေးနိုင်မှသာ "ဒေါင်းဒေါင်းပြေး" ဒီမိုကရေစီဘ၀သို့ အချိန်တိုအတွင်း လှမ်းတက်နိုင်ပေလိမ့်မည်။

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၄၈ နိုင်ငံရေးအထူးအချပ်ပို မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics