Thursday, December 17, 2009

ဗဟုသုတ ခေါင်းပါးခြင်း၏ အရသာ - မြသန်းတင့်


ဧပြီလ သို့မဟုတ် မေလတွင် သာမန်မြို့သားတစ်ယောက်နှင့် ကျေးလက်တွင် လမ်းလျှောက်ထွက်ခဲ့သည်ဆိုလျှင် ပထ၀ီ တိုက်ကြီးတစ်တိုက်စာလောက်မျှကြီးမားသည့် သူ့ဗဟုသုတ ခေါင်းပါးမှုကို တအံ့တသြမဖြစ်ဘဲ မနေနိုင်ပါ။ ပထ၀ီတိုက်ကြီး တစ်တိုက် စာလောက်ကြီးမားသည့် မိမိ၏ ဗဟုသုတ ခေါင်းပါးမှုကိုလည်းတအံ့တသြ မဖြစ်ဘဲမနေနိုင်ပါ။ ထောင်ပေါင်းများစွာသော လူများသည်သစ်ချပင်နှင့် လယ်ပွဲပင်တို့ကို ခွဲခြား၍မသိဘဲ သေသွားခဲ့ကြသည်။ ၀ါးရောင်ငှက်၏အသံနှင့် မြေလူးငှက်၏ အသံတို့ကို မခွဲခြားတတ်ဘဲသေသွားခဲ့ကြသည်။  မြို့ကြီးများတွင် ၀ါးရောင်ငှက် အသံနှင့် မြေလူးငှက်၏ အသံတို့ကို ခွဲခြားသိနိုင်သူသည် တစ်ယောက်တလေ ခြွင်းချက်မျှသာ ရှိပါတော့မည်။ ယင်းသိုဖြစ်ခြင်းမှာ ငှက်များကို မမြင်ဘူး၍ မဟုတ်ပါ၊ ငှက်များကို သတိမထားမိ၍သာ ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့၏ အာရုံစူးစိုက်မှုသည် လွန်စွာအားနည်းရကား ငှက်ဝါ တေးဆိုသည် မဆိုသည်ကိုလည်း မပြောနိုင်ကြပါ။ ဥသြငှက်၏ အရောင်အသွေးကိုလည်း မပြောနိုင်ကြပါ။ ဥသြငှက်သည် ပျံသန်းသွားစဉ် တေးဆိုသလား။ သစ်ကိုင်းတွေ ကြားမှာ နားနေစဉ် တေးဆိုသလား ဆိုသည်ကို ကျွန်တော်တို့တစ်တွေ ကလေးတွေလိုငြင်းနေကြပါသည်။ "၀က်သစ်ချပင်ထက်၊ မြရွက်ညိုကြား၊ ဥသြငှက်ပျို၊ တေးသီဆိုက၊ သူငါအားလုံး၊ ရွှင်ဉပံးကြည်မြ၊ နွေအစဟု" ဟု (ကဗျာဆရာ) ချက်ပမင်းက ကဗျာဖွဲ့သည့် အခါတွင် ကဗျာဆရာသည် ထိုသဘာဝကို သိ၍ဖွဲ့သလော၊ စိတ်ကူးဖြင့်မှန်းဆဖွဲ့သလောဟု ကျွန်တော်တို့ ယခုတိုင် ကလေးငယ်များလိုပင် ငြင်းခုံနေကြပါသည်။

သို့ရာတွင် ထိုသို့ သဘာဝနှင့် ပတ်သတ်၍ ဗဟုသုတခေါင်းပါးခြင်းမှာ စိတ်ပျက်စရာတော မဟုတ်ပါ။ ဗဟုသုတ ခေါင်းပါးမှုကြောင့် ကျွန်တော်တို့သည် တွေ့ရှိချက်အသစ်၏ အရသာကို အမြဲခံစားနေရပါသည်။ အကယ်၍ ကျွန်တော်တို့တွင် လုံလောက်စွာ ဗဟုသုတခေါင်းပါးခဲ့ပါမ သဘာဝအခြင်းအရာတိုင်းသည် နှင်းစက်နှင်းပေါက် ကလေးများနှင့်အတူ နွေဦးတိုင်းတွင် ရောက်လာတတ်ပါသည်။ အကယ်၍ ကျွန်တော်တို့သည် သက်တမ်းတစ်ဝက် ကျိုးသည့်တိုင်ဥသြကို မမြင်ဖူးခဲ့ဘဲ ၀င်္ကပါ လှည့်နေသော အသံဟူ၍လောက်သာ နားလည်ထားခဲ့လျှင် မိမိ၏ ပြစ်မှုကို မလုံမလဲဖြစ်ကာ တစ်တောမှ တစ်တောသို့ ထွက်ပြေး ရှောင်ပုန်းနေသော ဥသြငှက်၏ ၀ရမ်းပြေး ပျံသန်းမှုကို ကြည့်၍လည်းကောင်း၊ ပျံသန်းနေစဉ် လေထဲတွင် အမြီးကလေးတုန်ကာ သိန်းငှက်ကဲ့သို့ တုံခနဲ ရပ်လိုက်ပုံကိုကြည့်၍လည်းကောင်း၊ သူ့အား လက်စားချေလိုသော သူများရှိတတ်ရာ ထင်ရှုးတောင်စောင်းတွင် အရဲစွန့်၍ ဆင်းသွားသည်ကို ကြည့်၍လည်းကောင်း ပို၍ပင် ကြည်နူးရပါသေးသည်။ ငှက်တို့၏ဘ၀ကို ကောင်းစွာနားလည်သည့် သဘာဝဗေဒ ပညာရှင်သည်လည်း ပျော်ရွှင်မှုမျိုး ဖြစ်ပါသည်။ ဥသြငှက်ကို ပထမဆုံးအကြိမ် မြင်ဖူးပြီး ကမ္ဘာလောက ကြီးကို အသစ်ပြုလုပ်ထားသည့်အရာဟုထင်သည့် လူတစ်ယောက်၏ မနက်ခင်းစိတ်အားထက်သန်မှုမျိုးဖြင့်စာလျှင် တည်ငြိမ်၍ တစိမ့်စိမ့်ခံစားရသည့် ပျော်ရွှင်မှုမျိုးဖြစ်ပါသည်။

ထိုကိစ္စနှင့် ပတ်သတ်လာလျှင် သဘာဝဗေဒပညာရှင်တစ်ဦး၏ ပျော်ရွှင်မှုသည်ပင်လျှင် သူ၏ ဗဟုသုတခေါင်းပါးမှု အပေါ်တွင် အထိုက်အလျောက် တည်နေပါသေးသည်။ ထိုဗဟုသုတခေါင်းပါးမှုကြောင့် သူတွင်လည်း ငှက်တို့၏ ကမ္ဘာသစ် များကို အောင်မြင်ရန်လိုအပ်နေပါသေးသည်။ သဘာဝဗေဒပညာရှင်သည် စာအုပ်ထဲတွင်ပါသည့် အကြောင်းအရာတိုကို က မှသည် အ အထိ သိကောင်းသိပါလိမ့်မည်။ သို့ရာတွင် တောက်ပသော ငှက်ကလေးများကို မျက်စိဖြင့် ကိုယ်တိုင် တပ်အပ်သေချာစွာ မမြင်ရသေးမချင်း သူသည်လည်း တစ်ဝက်တစ်ပျက် မသိနားမလည်သူသာ ဖြစ်နေပါသေးသည်။ သူသည် မြေကြီးပေါ်တွင် ဥအုပြီး ထိုဥကို နှုတ်သီးဖြင့်ကိုက်၍ သားငယ်သတ်ဖြတ်ခံရမည့် အသိုက်သို့ ပျံသန်းသွားသော ဥသြငှက်မကို မျက်စိဖြင့် တပ်အပ်သေချာစွာမြင်ချင်ပါသည်။ (ဥသြငှက်မ ဥအုသည့် မြင်ကွင်းမှာ မြင်ရခဲသည့်မြင်ကွင်းဖြစ်ပါသည်။) ဥသြငှက်မသည် အသိုက်ထဲတွင် ဥမအုဘဲ မြေကြီးပေါ်တွင်အုသည် ဆိုသည့်အဆိုကို ထောက်ခံရန် သို့မဟုတ် ချေပရန်အတွက် သူသည်အဝေးကြည့်မှန်ပြောင်း တစ်လက်ဖြင့် တစ်နေ့ပြီး တစ်နေ့ ထိုင်စောင့်ကြည့်နေတတ်ပါသည်။အကယ်၍ ထိုမျှ လျှို့ဝှက်သော ဥသြငှက်မ ဥအုသည်ကို ကံကောင်း၍ မြင်ခဲ့ရသည်ဆိုလျှင်လည်း သူ့အဖို့ အခြားသိစရာတွေ အများကြီးကျန်ပါသေးသည်။ ယင်းတိုမှာ ဥသြငှက်ဥသည် မိခင်ငှက်မ ထားပစ်ခဲ့ရာ အသိုက်ထဲမှာ အခြားသော ငှက်ဥများနှင့် အရောင်တူ မတူဆိုသည့် အငြင်းပွားနေကြသော ပြဿနာများ ဖြစ်ပါသည်။ ယခုအထိတော့ သိပံ္ပပညာရှင်သည် ထိုအချက်ကို မသိသေးသည့်အတွက် ငိုကြွေးစရာအကြောင်းမရှိသေးချေ။ သူတို့သည် အရာရာကို သိသည်ဟု ကျွန်တော်တိုထင်လျှင် ကျွန်တော်တို့သည် ဘာကိုမျှ မသိသေးသောကြောင့် ထိုသို့ ထင်နေခြင်း ဖြစ်ပါသည်။ သူတို့ လှန်လှောရှာဖွေကြည့်သည့် အရာတိုင်း၏ အောက်တွင် မသိ နားမလည်ခြင်း ရတနာသိုက်ကြီးသည် သူတို့ကိုစောင့်ဆိုင်းလျက်ရှိပါသည်။ သူတို့သည် ယူလီဆီးအားပင်လယ် နတ်သမီးများက မည့်သည့် တေးသီချင်းမျိုးကို ဆိုပေးသည်ကို ဆာတောမတ်စ်ဘရောင်းထက်ပို၍ မသိနိုင်ပါ။

သာမန်လူတယောက်၏ ဗဟုသုတခေါင်းပါးမှုကို ပြောရာတွင် ဥသြငှက်အကြောင်းကို ဥပမာဆောင်၍ ကျွန်တော် ပြောနေခြင်းမှာ ဥသြငှက်၏အကြောင်းကို ကျွန်တော် ကျွမ်းကျင်လှသောကြောင့်မဟုတ်ပါ။ ယခုနှစ် နွေဦးပေါက်တုန်းက အာဖရိကတိုက်မှာ ဥသြငှက်များလာရောက် ကျက်စားကြသည့် ဘုရားကျောင်း တစ်ကျောင်းတွင် သွားနေခဲ့စဉ် ကျွန်တော်တို့တစ်တွေ ထိုငှက်များအကြောင်းကို ဘာမျှမသိကြောင်း သဘောပေါက်လာသောကြောင့် ထိုအကြောင်းကို ဥပမာထား၍ ပြောရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့၏ဗဟုသုတ ခေါင်းပါးမှုသည် ဥသြငှက်၏ ကိစ္စတွင်သာ မကပါ။ ဘုရားသခင်ဖန်တီးပေး လိုက်သည့် အရာအားလုံးတွင်လည်း ထိုအတူဖြစ်ပါသည်။ နေမင်း၊ လမင်းနှင့် ပန်းပွင့်၏ အမည်များအထိ အကျုံးဝင်ပါသည်။ ဆန်းစ လသည် လတိုင်းထိုရက်တွင် စတင်ပေါ်ထွက်လာသလားဟု တစ်ခါတုန်းက ပညာတတ်အမျိုးသမီးကြီး တစ်ယောက်၏ မေးသံကို ကျွန်တော်ကြားခဲ့ဖူးပါသည်။ သူက မည့်သည့်ရက်တွင် လထွက်သည်ကို မသိလျှင် ပိုကောင်းမည်ဟုလည်း ပြောလိုက်ပါသေးသည်။ မည်သည့် ရက်၊ မည်သည့်အချိန်၊ မည်သည့်နေရာမှ လထွက်လာသည်ကို မသိဘဲနေလျှင် ဆန်းစလ ထွက်လာတိုင်း ကြည်နူးဖွယ်ကောင်းသော အံသြမှုကိုရရှိနိုင်မည်ဟု ပြောပါသည်။ သို့ရာတွင် ကျွန်တော့်အထင်၌မှု လ၀င်လထွက်ကို ကောင်းစွာသိသူတို့အဖို့ပင်လျှင် ဆန်းစလသည် အံ့သြစရာအသစ်တစ်ခုအနေဖြင့် ရောက်လာတတ်ပါသည်။ နွေဦးအ၀င်နှင့် ပန်းရာသီတို့သည်လည်း ထိုအတိုင်းပင်ဖြစ်ပါသည်။ ဂျာမနီပန်းများ အောက်တိုဘာတွင် မပွင့်ဘဲ မတ်လနှင့် ဧပြီတို့တွင် ပွင့်တတ်သည်ကို ကျွန်တော်တို့သိပြီးသားဖြစ်သည့်တိုင် အစောဆုံးပွင့်သည့် ဂျာမနီပန်းများကို တွေ့လျှင် မကြည်နူးဘဲ မနေနိုင်ပါ။ သစ်တော်ပင်တွင် အပွင့်များသည် အသီးထက်စော၍ ပွင့်သည်ကို ကျွန်တော်တို့ သိပါသည်။ သို့ရာတွင် မေလ သစ်သီးခြံတစ်ခု၏ လှပသော အားလပ်ရက်တစ်ခုကို တွေ့ရသည့်အခါတွင် ကျွန်တော်တို့၏ အံ့သြမှုသည် လျော့နည်း၍မသွားပါ။

တစ်ချိန်တည်းတွင် နွေဦးပေါက်လာတိုင်း ပန်းပွင့်များ အမည်များကို အသစ်ပြန်၍ မှတ်ရသည်မှာလည်း အထူးပျော်စရာ ကောင်းသည် ဟုထင်ပါသည်။ ယင်းသို့လုပ်ခြင်းသည် ကိုယ်မေ့လုမေ့ခင်ဖြစ်နေသော စာအုပ်တစ်အုပ်ကို ပြန်ဖတ်ရသည်နှင့် တူပါသည်။ သူသည် အလွန်မှတ်ဉာဏ်မကောင်းသူဖြစ်ကြောင်း၊ ဖတ်ပြီးသား စာအုပ်တစ်အုပ်ကို ကောက်ဖတ်လိုက်လျှင် အသစ်ဖြစ်နေသည်ဟု ထင်တတ်ကြောင်းဖြင့် မွန်တိန်းက ပြောဖူးပါသည်။ ကျွန်တော့်မှတ်ဉာဏ်သည်လည်း မေ့လွယ်ပျောက်လွယ်သည့် မှတ်ဥာဏ်ဖြစ်ပါသည်။ ကျွန်တော်သည် "ဟင်းမလက်" ပြဇာတ်နှင့် "ပစ်က၀တ်ပေးပါးစ်" တို့ကိုပြန်ဖတ်လျှင် စာရေးဆရာ တစ်ယောက်ကရေးပြီး ပုံနှိပ်မှင်မခြောက်သေးသည့် စာအုပ်သစ်တစ်အုပ်ဟု ထင်မိပါသည်။ ပထမ တစ်ကြိမ်နှင့် နောက်တစ်ကြိမ် ဖတ်သည့် ကာလကြားတွင် စာအုပ်ထဲပါသည့်အကြောင်းအရာတို့သည် မှေးမှိန်သွားကြပါသည်။ ထိုသို့ မှတ်ဥာဏ်မကောင်းသည့် အတွက် 'ဒုက္ခရောက်သည့် အခါတွေလည်း ရှိပါသည်။ အထူးသဖြင့် ကိုယ်က တိတိကျကျလိုချင်သည့် အခါမျိုးတွင် ဖြစ်ပါသည်။ သို့ရာတွင် ဘ၀ကိုပျော်စရာအဖြစ် သဘောမထားဘဲ ရည်မှန်းချက် တစ်ခုအဖြစ် ထားမှသာ ထိုသို့ ဖြစ်တတ်ပါသည်။ အပျော် သက်သက်အတွက် ဆိုလျှင်ကား မှတ်ဥာဏ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အကြောင်းမဟုတ်လှပါ။ မှတ်ဥာဏ် မကောင်းခဲ့ပါလျှင် လူတစ်ယောက်အဖို့ ပလူးတပ်ခ်ျ၏ ရာဇ၀င်ကျမ်းများနှင့် တစ်ထောင့်တစ်ညပုံပြင်တို့ကို တစ်သက်လုံး ဖတ်နေနှိင်ပါသည်။ သိုးတစ်အုပ်သည် ခြံစည်းရိုးကြားမှ တိုးဝင်ကျော်လွှားသည့်အခါ ဆူးဖျားတွင် သိုးမွေးအစအနကလေးများ ငြိတွယ်ကျန်ရစ်ခဲ့သကဲ့သို့ အညံ့ဆုံးသော မှတ်ဥာဏ်ထဲတွင်လည်း ဖတ်ဖူးသမျှစာများထဲမှ အစအနကလေးတွေတော့ ကျန်ရစ် ကောင်းပါသည်။ သို့ရာတွင် သိုးများသည် အဝေးသို့ ရောက်သွားကြသည့်နည်းတူ စာရေးဆရာကြီးများ၏ စာများသည်လည်း ပျင်းရိညံ့ဖျင်းသည့်မှတ်ဥာဏ်မှ ခုန်ထွက်သွားကြကာ ဘာမျှမကျန်ရစ်မည်ကိုတော့ စိုးရိမ်ပါသည်။

ဖတ်ပြီးသည်နှင့် စာအုပ်များကိုပင် မေ့ပျောက်သွားတတ်သည်ဆိုလျှင် ကုန်လွန်သွားသည့် ရက်လများနှင့် ထိုလများတွင် ရှိခဲ့သည့် အရာတို့ကိုလည်း မေ့ပျောက်သွားနိုင်ပါသည်။ ဥပမာကို ကျွန်တော်ပြောပါမည်။ ကျွန်တော်သည် အလီဇယားကို သိသကဲ့သို့ မေလနှင့် မေလတွင်ပွင့်သည့်  ပန်းများ၊ ယင်းတို့၏ ပုံပန်းသဏ္ဏာန်များ ယင်းတို့၏ အချိန်များနှင့် ပတ်သက်၍ စာမေးပွဲ ကောင်းကောင်းအောင်နိုင်ပါသည်။ ထောပတ်ခွက်ပန်းတွင် အလွှာငါးခု ရှိကြောင်းကို ကျွန်တော်သေသေချာချာ ပြောနိုင်ပါသည်။ (အရင်အပတ်တုန်းကတော့ ခြောက်ခုရှိသည်ဟု အသေအချာထင်ခဲ့သည်။) သို့ရာတွင် နောင်နှစ်တွင်မူ ကျွန်တော်သည် ထိုပန်း၏ ဂဏန်းသင်္ချာကို မေ့သွားကာ ထောပတ်ခွက်ပန်းနှင့် ကောက်ရိုးနွယ်ပန်းကို မှားနေပြန်ပါသည်။ ထိုအခါတွင် ကျွန်တော်သည် အမြင်ဖြင့် လောကကြီးကို ဥယျာဉ်ကြီးအဖြစ် မြင်လာပြန်ပါသည်။ ရောင်စုံခြယ်ထားသော ကွင်းပြင်များကိုကြည့်ကာ တအံတသြဖြစ်ရင်း အသက်မရှုနိုင်အောင် ဖြစ်နေပြန်ပါသည်။ ပျံလွှားငှက်သည် သိုက်မြုံတွင်ပင် နားနေခြင်းမပြုဘဲ ညအမှောင် ကောင်းကင်လဟာပြင်ကြီးထဲသို့ ပျံတက်သွားသည်ဆိုသည့်အချက်ကို ပြောနိုင်ခြင်းသည် သိခြင်းကြောင့်လား မသိခြင်းကြောင့်လား ဆိုသည်ကိုပင် ဝေခွဲမရဖြစ်နေတတ်ပါသည်။ တေးဆိုသူသည် ဥသြငှက်မ မဟုတ်ဘဲ ဥသြငှက်ဖို ဖြစ်သည်ဆိုသည့် အချက်ကို အံသြမှုအသစ်ဖြင့် ကျွန်တော်နောက်တစ်ကြိမ် သိလာရပြန်ပါသည်။ တောနှင်းဆီသည် ရေမွှေးပန်းမဟုတ်ကြောင်း၊ သစ်ဆွဲလဲပင်သည် အပင်များ၏ ရာသီတွင် နှောင်းမှ ပွင့်သလော၊ စောစွာပွင့်သလော ဆိုသည်ကို လည်း ကျွန်တော် လေ့လာရပြန်ပါသည်။ နိုင်ငံခြားသားတစ်ဦးက ခေတ်ပေါ်အင်္ဂလိပ်ဝတ္တုရေးဆရာ တစ်ဦးအား အင်္ဂလန်ပြည်၏ အရေးအကြီးဆုံး ကောက်ပဲသီးနှံဘာလဲဟု မေးပါသည်။ စာရေးဆရာက " ဂျုံ " ဟုမဆိုင်းမတွဖြေလိုက်ပါသည်။ ထိုမျှပြည့်စုံသော မသိသားခေါင်းပါးမှုသည် ခမ်းနားကြီးကျယ်သည်ဟု ကျွန်တော်ထင်ပါသည်။ သို့ရာတွင် စာပေမတတ်သူ၏ ဗဟုသုတ ခေါင်းပါးမှုမှာ ပို၍ပင်ကြီးပါသေးသည်။ တယ်လီဖုန်းကို အသုံးပြုနေသည့် သာမန်လူတစ်ယောက်သည် တယ်လီဖုန်းမည်သို့ အလုပ်လုပ်သည်ကို ရှင်းမပြတတ်ပါ။ ကျွန်တော်တို့၏ ဘိုးဘွားများသည် သာဝကများ၏ တန်ခိုး ပြာဋ္ဋိဟာများကို အလိုအလျောက် လက်ခံအသိအမှတ်ပြုထားသလို သာမန်လူတစ်ယောက်သည်လည်း တယ်လီဖုန်း၊ မီးရထား၊ လင်နိုတိုက် ပုံနှိပ်စာလုံး၊ လေယာဉ်ပျံတို့ကို အလိုအလျောက် လက်ခံအတည်ပြုထားလိုက်ပါသည်။ ထိုအရာများအကြောင်းကို နားလည်း မလည်ပါ။ စဉ်းလည်း မစဉ်းစားပါ။ လူသည် အချက်အလက် အနည်းငယ်ကလေးကိုမျှသာ စုံစမ်းလေ့လာပြီး သိသမျှကလေးကိုသာ လက်ခံထားလိုက်ဟန်တူပါသည်။ နေ့စဉ် အလုပ်အပြင်ဘက်တွင်ရှိသော ဗဟုသုတဆိုသည်မှာ ကိုယ်နှင့် မဆိုင်ဟု လူတော်တော်များများက သဘောထားတတ်ကြပါသည်။ သို့တိုင်အောင် ကျွန်တော်တို့သည် ကျွန်တော်တို့၏ မသိနားမလည်မှုကို အမြဲတစေ တွန်းလှန်နေကြပါသည်။ တစ်ခါတစ်ရံတွင် ကိုယ့်ကိုယ်ကိုယ် စိတ်နှိုးပြီးကြည့်ပါသည်။ ဆင်ခြင်တွေးတော ကြည့်ကြပါသည်။ လောက၏ အကြောင်းခြင်းရာများကို ဆင်ခြင်တွေးတော ကြည့်တတ်ပါသည်။  တစ်မလွန်ဘ၀အကြောင်း၊ အရစ္စတိုတယ်အား ဦးနှောက်ရှုပ်စေခဲ့သည်ဟု ဆိုသောအရာများအကြောင်း၊ "မွန်းတည့်မှ သန်းခေါင်အထိ နှာချေခြင်းသည် အဘယ်ကြောင့် ကံကောင်းပြီး သန်းခေါင်မှ မွန်တည့်ပိုင်း နှာချေခြင်းသည် အဘယ်ကြောင့် ကံဆိုကြောင်း" စသည့် အကြောင်းများ ဖြစ်ပါသည်။ လူ၏ အကြီးဆုံးသောပျော်ရွှင်မှုမှာ သိမှုကို ရှာဖွေရန်အတွက် မသိမှုထဲသို့ ပျံသန်းခြင်းဖြစ်သည်။ မသိမှု (ဗဟုသုတခေါင်းပါးမှု) ၏ ပျော်စရာ အကောင်းဆုံးအချက်မှာ မေးခွန်းများမေး၍ ပျော်ရခြင်းဖြစ်ပါသည်။ ထိုပျော်ရွှင်မှုကို ပျောက်ဆုံးသူ၊ သို့မဟုတ် ထိုပျော်ရွှင်မှုကို သိမှုကြောင့်ရသော ပျော်ရွှင်မှုဖြင့် လဲလှယ်လိုက်သူသည် အေးစက်မာကျောစ ပြုသွားပါသည်။ ကျွန်တော်သည် အသက်ခြောက်ဆယ်ရောက်မှ ဇီဝကမ္မဗေဒကို လေ့လာစူးစမ်းလိုစိတ်ရှိသည့် ဂျိုးဝက်ကို အားကျသင့်ပါသည်။ ကျွန်တော်တို့ အများစုမှာကား ထိုအရွယ်သို့ ရောက်လျှင် မသိခေါင်းပါးမှု ရှိသည်ဆိုသည့် အသိတရား ပျောက်ကွယ်သွားပါပြီ။ ကျွန်တော်တို့သည် ရှဉ့်တစ်ကိုက်စာမျှသော အသိကလေးဖြင့် ကိုယ့်ကိုကိုယ် ဟုတ်လှပြီဟုပင် ထင်လာ တတ်ကြပါသည်။ အသက်ကြီးလာခြင်းကိုပင် အရာအားလုံးကို သိမြင်နှံ့စပ်သော ဌာနကြီးတစ်ခုအဖြစ် မြင်လာတတ်ကြပါသည်။ ဆိုကရေးတီးသည် ပညာဥာဏ်ကြီးသည်ဟု ထင်ရှားပါသည်။ ယင်းသို့ထင်ရှားခြင်းမှာ အရာရာကိုသိခြင်းကြောင့် မဟုတ်ဘဲ အသက် ၇၀ အရွယ်တွင် သူသည် ဘာကိုမျှမသိဟု သဘောပေါက်သောကြောင့်သာ ဖြစ်ပါသည်။ ဤအချက်ကို ကျွန်တော်တို့ မေ့နေကြပါသည်။

No comments:

Post a Comment

 
Web Statistics