Wednesday, January 06, 2010

ကြုံရဆုံရ ရှတတကြီးတွေ - ကိုဉာဏ် (ပန်းလောင်မြေ)


ရှတတ (၁)
ဆိုင်ဆိုင်မဆိုင်ဆိုင်ဆိုတဲ့ စကားလေးနဲ့ပဲ စလိုက်ဦးမယ်။ စာဖတ်သူလည်း ကြုံဖူးမလား မသိပါဘူး။ ဒီလိုပါ။ ကိုယ်က သူ့ကို စိတ်ဆိုးစေချင်၊ စိတ်ကောက်စေချင်လို့ စတာကို သူကစိတ်မဆိုးဘဲ ရှိနေတဲ့အခါမျိုးများ ကြုံဖူးသလားလို့ပါ။ ကျွန်တော်ကတော့ ကြုံးဖူးပါတယ်။ မကြာခဏဆိုပါတော့။ စတဲ့လူအနေနဲ့ရော… အစခံရတဲ့လူ အနေနဲ့ရောပေါ့။ အစခံရတာက ပိုများပါတယ်။ ပြောရရင်တော့ သည်းခံနိုင်လွန်းလို့ သည်းခံတာမဟုတ်ပါဘူး။ ကျွန်တော့်ကို လာစတဲ့လူကို အဲဒီလိုပြန်လုပ်လိုက်တဲ့အတွက် သူမအီမလည်ကြီး ခံစားရတာကိုကြည့်ပြီး ပျော်လို့ပါ။ ကောင်းတော့မကောင်းပါဘူး။ ဒါပေမယ့် သူတောင်မှ ကိုယ့်ကို စိတ်မဆိုး,ဆိုးအောင် လိုက်စသေးတာပဲလေ။ ကိုယ်က အဲဒီလောက်ပြန်လုပ်တာတော့ မလွန်ဘူးထင်ပါရဲ့နော်။ ထားလိုက်ပါတော့။ ပြောချင်တာက ဒီလိုပါ။

ကျွန်တော့်ဘာသာ နေတာပါဗျာ။ ဘယ်သူ့ကိုမှလည်း ဘာမှလိုက်မပြောမိပါဘူး။ သူများဘလော့ဂ်တွေကိုလည်း သွားမဖတ်ဖြစ်တာတောင် အတော်ကြာပါပြီ။ ကိုယ်ကြိုက်တဲ့ ဘလော့ဂ်လေး ၄-၅ ခုကိုသာ အသစ်ဘာတင်လဲ သွားဖတ်ဖြစ်ပါတယ်။ အရင်ကလိုမျိုး တမျှော်တခေါ်ကြီး တွေ့သမျှလင့်ခ် လိုက်မဖတ်နိုင်တာ အတော်လေးကို ကြာနေပါပြီ။ တစ်နေ့တစ်နေ့ ကိုယ့်အချိန်နဲ့ကိုယ်တောင် မနည်းလုသုံးနေရတယ်။ သူများကိစ္စကို စိတ်မ၀င်စားနိုင်တာ အတော်တောင်ကြာပေါ့လေ။ ဖြစ်ပုံက ဒီလိုခင်ဗျ။

မနေ့က ကျွန်တော့်အီးမေးလ်ဘောက်(စ)ထဲကို အီးမေးလ်တစ်စောင်ရောက်လာပါတယ်။ အီးမေးလ်ရောက်တာပဲ အထူးအဆန်းလုပ်နေပြန်ပြီလို့ တွေးမနေပါနဲ့ဦး။ မေးလ်ရောက်တာ မဆန်းပေမယ့် မေးလ်ထဲမှာ ရေးထားတာတွေကတော့ ဆန်းတယ်ခင်ဗျ။ ထုံးစံအတိုင်း ကျွန်တော့်ကို မေတ္တာပို့ထားတာပေါ့လေ။ သူပို့သတဲ့ မေတ္တာလေးက တစ်မျိုးခင်ဗျ။ ကျွန်တော့်ကို နာမည်တပ်ထားတာက အဆိုးမြင်သမားကြီးတဲ့။ ဟာဟ။ ကိုယ့်ဘာသာကိုယ်တောင် အတော်ဘ၀င်မြင့်ချင်သွားတယ်။ မဆိုးဘူးဗျ။ ကျွန်တော်သဘောကျတယ်။ ကိုယ့်ဘာသာကိုယ် အဆိုးမြင်သမားလား၊ အကောင်းမြင်သမားလား တစ်ခါမှ မစဉ်းစားကြည့်မိဖူးဘူး။ ကောင်းတာတွေ့ရင် ကောင်းလိုက်တယ်၊ ဆိုးတာတွေ့ရင် ဆိုးလိုက်တယ်။ အဲဒီလိုပဲ နေခဲ့တာဆိုတော့ သူပြောမှပဲ ကိုယ်ဘာကောင်လဲဆိုတာကို သေချာသိသွားတော့တယ်။ ခင်ဗျားလည်းသိမှာပါ။ စာတွေရေးထားပြီး ဘာအကြောင်းအရာမှန်း မသိတာထက်စာရင် ခေါင်းစဉ်လေးတစ်ခုရှိတော့ ဘာပါလားဆိုပြီး ပိုပြီးတိတိကျကျရှိ၊ ပိုပြီးကောင်းတာပေါ့။ အမယ်… ပါသေးသဗျ… စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတဲ့အကောင်ဆိုတာက။ ကျွန်တော်ကလည်း အဲဒီရေးတဲ့သူကို ကျေးဇူးတင်တဲ့အကြောင်း စာလုံးလေးတွေ ဖွယ်ဖွယ်ရာရာရေးပြီး reply လုပ်လိုက်ပါတယ်။ သူကလည်း ပြန်ကျေးဇူးတင်ပုံပါပဲ။ အီးမေးလ်ပြန်လာပါတယ်။ ဆဲထားတဲ့စကားလုံးတွေမှ အစုံပါပဲ။ ဒါပေမယ့် ကျွန်တော်က သိပ်ပြီး နားမလည်ဘူးဗျ။ သူက အင်္ဂလိပ်လိုကြီး ရေးထားတာကိုး။ သူငယ်ချင်းတစ်ယောက် ပြောပြဖူးတဲ့ ပုံပြင်လေးကို ချက်ချင်းပြန်သတိရပြီး ရယ်လိုက်ရတာဗျာ။ ဆရာတင်မိုးက သူ့ရဲ့ "ဧည့်သည်ကြီး" ကဗျာကို နံရံတစ်ခုမှာ ကိုယ်တိုင်ပြန်ပြီး ဖတ်လိုက်ရတဲ့အခါ ခံစားခဲ့ရတာမျိုးပေါ့။ သြော်… ပုံပြင်လေးကို သိချင်သေးတာလား။ ပုံပြင်ဆိုပေမယ့် ပုံပြင်ရှည်ကြီးမဟုတ်ပါဘူး။ ပုံပြင်ဆိုတာကလည်း ကျွန်တော်က နာမည်တပ်ထားတာပါ။ တကယ်ကတော့ ဟာသတစ်ပုဒ်ပါပဲ။ ဒီလိုပါ။ "ကျွန်တော်က လမင်းကြီးသာနေတာကို ကြည့်ပြီး ဆုတောင်းဖို့လုပ်နေတုန်း လမင်းကြီးက လှမ်းမေးတယ်။ What do you want? တဲ့။ ကျွန်တော်ကလည်း ပြန်ဖြေလိုက်တာပေါ့။ ကျွန်တော်အင်္ဂလိပ်လို နားမလည်ဘူးလို့"။ ကဲ… ခင်ဗျားအတွက် ရယ်ချင်ရယ်… မရယ်ချင်နေဗျာ… ကျွန်တော်ကတော့ အားရပါးရကို ရယ်လိုက်ရတယ်။ (သြော်… နောက် ကျွန်တော့်ဆီကို မေးလ်ရေးရင် မြန်မာလိုပဲ ရေးပါဗျာ။ ကျွန်တော်က သိုးဆောင်းစကားတွေ မတတ်ဘူးဗျ။ ခင်ဗျားတို့ရေးတဲ့ လှည်းဒေါက်ခွကြီးတွေ၊ အနှိပ်သည်ဘုကြီးတွေကို တစ်လုံးချင်းစီလိုက်ဖတ်ရတာ စိတ်ညစ်စရာကြီးဗျ။ နားမလည်တော့ ပိုဆိုးတာပေါ့ဗျာ။)

မှတ်ချက်။ အဲဒီအီးမေးလ်ပို့သူကို ကျွန်တော်လုံးဝမသိပါ။ ရင်းနှီးမှုလည်း မရှိပါ။ သူ့ဘာသာသူ ကျွန်တော့်မေးလ်အကောင့်ကို ဘယ်ကနေရထားတယ်မဆိုနိုင်ပါဘူး။ ဂူဂဲလ်ဂရု(ပ)ကနေပဲ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို စိတ်ဝင်စားနေတဲ့သူ ရှိတယ်ဆိုတဲ့အတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ ဟာဟ… ဒါကိုဖတ်မိရင် အဲဒီငနဲက တင်းဦးမယ်။ ဒီလောက်ပြောနေတာကို ကျွန်တော်ကိုကလည်း ဂုဏ်ယူတယ်လုပ်နေသေးတယ်။ ပြောရင်းနဲ့ကို ရယ်ချင်လာတယ်။ ဒီစာကိုဖတ်နေတဲ့ သူ့မျက်နှာကို မြင်ယောင်ကြည့်မိလို့ပါ။ ဟားဟားဟားဟားဟား။ သူဒီစာကို သေချာပေါက်ဖတ်နေမှာ သိနေတယ်ဗျ။

ရှတတ (၂)
အွန်လိုင်းက လူတစ်ယောက်က ဂျီတော့ခ်မှာတွေ့တော့ သိချင်လို့မေးတာလား၊ စပ်စုတာလား၊ ထေ့တာလား၊ မလုပ်အောင်ကြိုပြောတာလားတော့ မသိဘူး။ ဘယ်လိုလဲ ကိုဘောလုံးကြီး ဘောလုံးအကြောင်း မရေးတော့ဘူးလားတဲ့။ ပေါက်ကရလေးတွေ ရေးစမ်းပါဦးတဲ့။ ကျွန်တော်ကလည်းဗျာ သူများအကြောင်းကို မပြောချင်ဘူး။ မပြောတတ်ပါဘူးဆိုမှပဲ ထိပ်တိုက်ပဲ လာလာတွေ့နေကြတယ်။ အွန်လိုင်းက လူတစ်ယောက်လို့ ပြောခဲ့တယ်နော်။ သူ့ကို ကျွန်တော်မသိပါဘူး။ သူ့ဘာသာသူ လာအပ်(ဒ)တဲ့အတွက် ပြန်ပြီး လက်ခံလိုက်တယ်။ ဒါပါပဲ။ သူ့ဘာသာသူ မိတ်ဆက်တယ်။ သူကဘယ်သူပါပေါ့။ ခင်ချင်တယ်တဲ့။ ကျွန်တော်ကလည်း ဟုတ်ကဲ့ပေါ့။ လူတစ်ယောက်ကို ခင်တာပဲ။ စစ်ဖြစ်တာမှ မဟုတ်တာ။ ကြီးကျယ်စရာ အကြောင်းမရှိပါဘူးနော်။ အမယ်… ကိုယ်တော်ချောက တစ်နေ့ကတော့ ဘယ်လိုစိတ်ကူးပေါက်တယ်မသိဘူး၊ စကားတွေဘာတွေ လာပြောလို့ဗျ။ ကျွန်တော်လည်း အားနာတာနဲ့ ပြန်ပြောလိုက်ပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကျွန်တော်ဒီဇိုင်းတစ်ခုအတွက် ခေါင်းစားနေရတဲ့ အချိန်ပါ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက်ပါ။ နေ့လည်ပိုင်းကျရင် အိုင်စီရှိုးကိုလည်း သွားရဦးမှာဆိုတော့ အချိန်က မမီနိုင်ဘူးလေ။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ညပိုင်းကျမှ တင်တာထက်စာရင် မနက်ကတည်းက တင်ခဲ့ရင် ပိုကောင်းမှာဆိုတဲ့စိတ်နဲ့ လုပ်နေခဲ့တာပါ။ စောစောကလူက စကားပြောတော့လည်း ကျွန်တော်က ပြန်ပြောရတာပေါ့လေ။ တကယ်ဆိုရင် ဂျီတော့ခ်ကို လက်ဆော့ပြီး သွားဝင်လိုက်မိတာကိုက ကျွန်တော့်အမှားပါ။ အဲဒီလိုဝင်မိလို့လည်း စကားပြန်မပြောမိလို့ ကျွန်တော့်ကို စိတ်ဆိုးကြပေါင်းများပါပြီ။ ကြီးကျယ်လိုက်တာတို့၊ မပြောချင်လည်းနေပေါ့တို့ ဘာတို့ပေါ့ဗျာ။ အဲဒါကြောင့်လည်း အလကားနေရင် တစ်ဖက်လူ စိတ်မညစ်အောင် ကျွန်တော်က အလိုက်အထိုက် ပြန်ပြောနေမိတာပါ။ ကျွန်တော်မအားဘူးလို့ ပြောရမှာကို အားနာတတ်တာလည်း ကျွန်တော့်ရဲ့ အားနည်းချက်ပါပဲ။ တကယ်ဆိုရင် ပြောရဲသင့်တယ်ထင်တာပဲနော်။ နောက်ဆိုရင်တော့ ပြောတော့မယ်ဗျာ။ သူများလိုမျိုး အလုပ်ရှုပ်နေပါသည်။ မခေါ်ပါနဲ့ဆိုပြီး အနီရောင်ကြီးနဲ့လည်း မတားမြစ်ချင်ပါဘူးဗျာ။ အဲဒီလိုတားထားတဲ့ကြားက ခေါ်လာတဲ့လူတွေကို အားနာလို့ပါ။ ကျွန်တော်ကလည်း နဂိုကမှ သိပ်ရေးချင်တဲ့လူ၊ ပြောချင်တဲ့လူမဟုတ်တော့ သိတဲ့အတိုင်းပဲ အဲဒီအကြောင်း ပို့စ်ရေးလိုက်ရင် သက်ဆိုင်သူတွေက ကျွန်တော့်ကို အမုန်းပွားကြဦးမယ်။ သူတို့ကို စောင်းရေးပါတယ်တို့၊ ဘာတို့ လုပ်ကြရင် ပြန်ဖြေရှင်းနေရတာနဲ့ အချိန်ပိုကုန်တယ်ဗျ။

ဟီးဟီး… တကယ်လည်း အနီရောင်ကြီးပြထားပါလျက်နဲ့ လာခေါ်တဲ့လူတွေကို တွေ့ဖူးတယ်ဗျ။ ဒါနဲ့များ ဂူဂဲလ်က ဘာကိစ္စ အဲဒီအမှတ်အသားကြီးကို ထားပေးနေသေးလဲမသိဘူး။ အစိမ်းရောင်တစ်ခုထဲဆို ပြီးတာပဲနော်။ ဟားဟားဟား။ တချို့က လာသေးတယ် အနီရောင်သင်္ကေတကြီးပြပြီး စာကျက်နေသည် မနှောင့်ယှက်ပါနှင့်တဲ့။ ဟီးဟီး။ စာကျက်နေတာကို ဘာကိစ္စ ဂျီတော့ခ်ကြီး ၀င်ထားသေးသလဲဗျ။ နောက်တစ်မျိုးက နည်းနည်းဆန်းတယ်။ သူကိုယ်တိုင် အနီရောင်သင်္ကေတပြထားပြီး အခြားလူတွေနဲ့ စကားပြောကြတဲ့လူတွေ။ တစ်ဖက်ကလည်း သူ့လိုပဲ အနီရောင်ပြထားတယ်ဗျ။ "မင်းဟာက မဟုတ်သေးပါဘူးကွာ။ အနီရောင်နဲ့ တားမြစ်ပြီး အခြားလူတွေလာမပြောအောင် ပိတ်ပင်ထားပြီးခါမှ မင်းတို့က ဘာကိစ္စ စကားပြောနေကြတာလဲ"ဆိုတော့ အဲဒါမှ အခြားလူတွေ လာမပြောမှာတဲ့။ နို့မို့ဆိုရင် စကားကို အေးအေးဆေးဆေး မပြောရဘူးတဲ့။ ဟားဟားဟား… ကျွန်တော်ကလည်းနော်… မပြောပါဘူးဆိုမှ ပြောမိပြန်ပါပြီ။ ပို့သမျှမေတ္တာအားလုံး ခံယူပါတယ်နော်။ အမျှပါ ဝေလိုက်ကြပါဦး…။ သာဓု… သာဓု… သာဓု….။

သွားချင်တဲ့လမ်းပေါ် ပြန်တက်ရအောင်ပါ။ အဲဒီလူက ဘောလုံးအကြောင်း လေမကန်တော့ဘူးလား၊ ဘာလားပေါ့ဗျာ။ အဲဒီလောက်ပြောရုံနဲ့တော့ ကျွန်တော်က ဘယ်ပို့စ်တစ်ခုဖြစ်အောင် ရေးလိမ့်မလဲနော်။ အခြားသော အကြောင်းအရာတွေ အများကြီးပါတာပေါ့။ အဆိုးဝါးဆုံးကတော့ ကျွန်တော်က ဘောလုံးပွဲလေး နှစ်ပွဲသုံးပွဲကို စလောင်းကကြည့်ဖူးရုံနဲ့ တောင်ရေးမြောက်ရေးရေးနေတယ်၊ အော်ကြက်လုပ်နေတယ်လို့ ပြောလာတာပါပဲ။ ကျွန်တော်ကပြန်မေးတော့လည်း သူသေသေချာချာ မဖြေပါဘူး။ ကျွန်တော်မေးတာရှင်းတယ်။ ကျွန်တော်ရေးသမျှ ဘောလုံးအကြောင်းတွေကို ခင်ဗျားဖတ်ဖူးလို့လားလို့။ သူက ဝေေ၀၀ါးဝါးနဲ့ စကားကိုရှောချသွားတယ်။ မလိုပါဘူးတို့၊ ဘာတို့ပေါ့ဗျာ။ အကုန်ဖတ်စရာမလိုဘူး၊ တစ်ပုဒ်လောက်ဖတ်လိုက်တာနဲ့ မင်းဘာကောင်လဲဆိုတာ သိတယ်ဆိုတာအထိ ဖြစ်လာတယ်။ ကျွန်တော်ထင်တာ မလွဲရင်တော့ ကျွန်တော်တစ်ခါက ဝေဖန်ပြီးရေးခဲ့ဖူးတဲ့ ဘောလုံးစာမျက်နှာတစ်ခုက တစ်ယောက်ယောက် ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း အဲဒီဝက်ဘ်ဆိုဒ်ရဲ့ ခရေဇီတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကျွန်တော့်ကို ကြည့်မရတဲ့တစ်ယောက်ဆိုတဲ့ အဖြေဖြစ်မယ်ထင်တယ်။ သူပြောလာတာတွေက တအားကို foul ဖြစ်လာတဲ့အတွက် သူ့ကို ယဉ်ယဉ်ကျေးကျေးပဲ ပြောပါတယ်။ ကျွန်တော့်ကို အပ်(ဒ်)လုပ်တာ ခင်ဗျားဖြစ်တဲ့အတွက် ခင်ဗျားဘက်ကပဲ ပြန်ပြီး ဘလော့(ခ)လုပ်ပေးပါ၊ ဖျက်ပေးပါလို့ ပြောလိုက်ပါတယ်။ စိတ်ဆိုးလို့ မဟုတ်ပါဘူး။ လုံးဝကို အဆင့်မရှိလို့ပါ။ သူနဲ့ပြောတဲ့ဟာတွေကို သေသေချာချာကို ကော်ပီလုပ်ပြီး သိမ်းထားပါသေးတယ်။ ဂျီမေးလ်မှာဆိုရင်တောင် ပြန်ရှာနေရမှာစိုးလို့ပါ။ သူ့သိက္ခာကို ငဲ့တဲ့အတွက် ပြန်မတင်ပေးတော့ပါဘူး။ ဒီအကြောင်းကို ရေးရတာကလည်း အဲဒီကိစ္စတွေကို ပြောချင်လို့ မဟုတ်ပါဘူး။ အဲဒါတွေမပြောရင်လည်း ရေးမယ်အကြောင်းအရာက ဆက်စပ်မှုမရှိလို့ ရှင်းပြနေရတာပါ။

ဒီလိုပါ။ ကျွန်တော်အခုတလော ဘောလုံးအကြောင်းတွေ မရေးဖြစ်တာ အမှန်ပါပဲ။ မယုံချင်လည်း ယုံပေးကြပါဦး။ တကယ်ကို အချိန်မပေးနိုင်လို့ပါ။ စာသင်ခန်းတွေနဲ့ ခဏတာ ဝေးခွင့်ရနေတဲ့ အချိန်လေးတွေမှာ တစ်နေ့တစ်နေ့ စာအုပ်တွေ၊ ဂျာနယ်တွေဖတ်ရ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ရ၊ စကားပြောရ၊ ဘလော့ဂ်အတွက် ပို့စ်ရိုက်ရ၊ အင်တာနက်သုံးရနဲ့ အားကိုမအားနိုင်ပါဘူး။ ညပိုင်းအိပ်ချိန်လေးထဲက ဖဲ့ပြီး စာရိုက်ရတာများတော့ တစ်ခါတလေ ကွန်ပျူတာရှေ့မှာ ခဏနောက်ကျောဆန့်ရင်း အိပ်ပျော်သွားတာတွေလည်း မနည်းတော့ဘူး။ ဒီလောက်အေးတဲ့ ရာသီဥတုနဲ့ ဘယ်တော့လေဖြတ်မယ်မသိဘူး။ ကျွန်တော့်မှာလေ ရေးချင်တဲ့အကြောင်းအရာတွေကို မှတ်စုထဲမှာ တို့ထားရတာ အများကြီးပါပဲ။ မန်ယူက ၅ ဂိုးပြတ်နဲ့ ၀ီဂန်ကို အုပ်ထည့်လိုက်တုန်းကလည်း ရေးချင်လိုက်တာ၊ ရတနာပုံအသင်း တောင်ပိုင်းမြန်မာအသင်းနဲ့ သရေကျသွားတုန်းကလည်း ရေးချင်လိုက်တာမှ တစ်ကိုယ်လုံးကိုသေလို့၊ အခုတလော ဖတ်နေရတဲ့ အဆီအငေါ်မတည့်၊ ရယ်ချင်စရာ မြန်မာဘောလုံးသတင်းတွေကလည်း ခေါင်းထဲမှာအပြည့်၊ လိဒ်ကို ရှုံးသွားတဲ့ မန်ယူအတွက် ရေးစရာကလည်း ရှိပါရဲ့။ ဒါပေမယ့် စာအုပ်ထဲမှာပဲ ရေးဖို့မှတ်ထားရင်းနဲ့ အခုထက်ထိ ချမရေးနိုင်သေးပါဘူး။ ဗီဒီယိုဇာတ်ကားသုံးသပ်ချက်တွေဆိုရင် တစ်ပတ်စာလောက် ရှိနေပြီ။ အခုထိ မရေးနိုင်သေးဘူး။ အချိန်မပေးနိုင်သေးလို့။ ရေးတဲ့အချိန်ကျမှ အကုန်လုံးပြုံပြီး ရေးရတော့မှာပဲ။

ကဲ… ရှင်းကြပြီထင်ပါတယ်နော်။ ကျွန်တော်မရေးဖြစ်သေးတာ… မရေးတော့တာမဟုတ်ကြောင်း၊ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့်မှ ကျွန်တော်ရေးချင်တာတွေကို မရေးဘဲနေမှာ မဟုတ်တဲ့အကြောင်း၊ ကျွန်တော့်စိတ်ကို ကျွန်တော်သာပိုင်တဲ့အကြောင်းပေါ့ဗျာ။ မကြာမီ... လာမည်… မျှော် လို့သာ ဆိုလိုက်ပါတယ်နော်။ အချိန်ပေးပြီးကို အားပါးတရ ရေးပါဦးမည်။ သူတို့က ဘာကြောင့်ပြောသလဲ ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ရေးဖြစ်အောင် တိုက်တွန်းနေသည်ဟု ခံယူပါသည်။

အပေါ်ဆုံးမှာ ကျွန်တော်ပြောခဲ့တယ်နော်။ စိတ်ဆိုးစေချင်လို့ ပြောပါတယ်ဆိုမှ စိတ်မဆိုးရင် စတဲ့လူ၊ ပြောတဲ့လူက အခံရခက်တယ်ဆိုတာလေ။ ဟုတ်ကဲ့… ကျွန်တော့်ကြောင့် အခြားလူများ စိတ်ထဲမှာ ခိုးလုခုလု မဖြစ်ကြစေချင်ပါ။ အခံရလည်း မခက်စေချင်ပါ။ အားလုံးကို ပျော်စေချင်သည့်အတွက် ကျွန်တော်ကြေညာလိုပါသည်။

ကျွန်တော် စိတ်ဆိုးနေပါသည်ခင်ဗျား။ ဟုတ်ကဲ့ အကြီးအကျယ်ကို စိတ်ဆိုးနေပါသည် ခင်ဗျား။ အားလုံး ကျေနပ်ကြစေသတည်း။ ဟီးဟီးဟီး။ (ရယ်တာမဟုတ်ပါ။ ငိုခြင်းဖြစ်ပါသည်။ အသံတိုဖြင့် ဟီးဟီးဟီး ဟု မဖတ်စေလိုပါ။ ရယ်သံပေါက်သွားပါလိမ့်မည်။ အသံရှည်ဆွဲ၍ ဟီး……. ဟီး…… ဟီး……… ဟု "အ" အသံထည့်၍ ဖတ်ကြစေချင်ပါသည်။)

မြို့မေတ္တာခံယူမယ့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၃ နာရီ ၄၁ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics