အစိမ်းရောင်အစားအစာများ ရွေးချယ်ပါ
သင်ဟာ သတ်သတ်လွတ်စားသူပဲဖြစ်ဖြစ်၊ အသားငါးစားသူပဲဖြစ်ဖြစ် သင်စားသောက်တဲ့ အစားအစာစာရင်းမှာ ဟင်းသီးဟင်းရွက်ကို ဗဟိုပြုထားပါ။ "Protective Foods" လို့ ညွှန်းဆိုကြတဲ့အတိုင်း အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များမှာ ပြင်းထန်တဲ့ရောဂါတွေကို မဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်တဲ့ မရှိမဖြစ် ဗီတာမင်နဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ သိပ်ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ အစားအသောက်တစ်ခါစားတိုင်း ပန်းဂေါ်ဖီစိမ်း အနည်းငယ်၊ အစိမ်းရောင်ပဲသီး ဟင်းစားဇွန်း ၃ ဇွန်းစာနဲ့ တရုတ်နံနံအညွန့် ၂ ညွန့်လောက် အနည်းဆုံးပါအောင် ထည့်စားပေးပါ။
အရိုးများသန်မာစေမယ့် လေ့ကျင့်ခန်းများလုပ်ပါ
သင်ဟာ စက်ဘီးစီးအားကစားသမား၊ ဒါမှမဟုတ် ရေကူးသမားတစ်ယောက် ဖြစ်တယ်ဆိုရင် သင့်ရဲ့ပုံမှန်လေ့ကျင့်နေတဲ့လုပ်ငန်းမှာ တခြားလေ့ကျင့်ခန်းတစ်ခု ထပ်ပြီး ထည့်သွင်းဖို့ လိုပါတယ်။ အလေးအပင် မ,သလိုမျိုး ခြေထောက်ပိုင်းကို ဖိစီးတဲ့ လေ့ကျင့်ခန်းမျိုးဟာ အရိုးတွေရဲ့ ထုထည်ကို ပိုပြီးထူလာအောင် လှုံ့ဆော်ပေးပါတယ်။ ဒီလို ဖိစီးမှုမျိုးမရှိရင် အရိုးဟာ သန်မာမှု လျော့နည်းလာပြီး ဒဏ်ရာရတဲ့အခါ ကျိုးဖို့အခွင့်အလမ်း ပိုများပါတယ်။ အရိုးကြံ့ခိုင်သန်စွမ်းရေးနဲ့ ပတ်သက်ပြီး လေ့လာစရာတွေ အများကြီး ကျန်သေးပေမယ့် သေချာတာကတော့ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ခြေထောက်ပေါ် အားစိုက်ပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးဖို့ အရေးကြီးပါတယ်။ သက်ဟာ စက်ဘီးစီးသမားတစ်ဦး သို့မဟုတ် ရေကူးသမားတစ်ဦးဖြစ်ခဲ့ရင် တစ်ပတ်မှာ နှစ်ခါလောက် အားစိုက်ပြီး လမ်းလျှောက်ပါ သို့မဟုတ် ပြေးပါ။
သွားတိုက်ပါ
လူတွေဟာ အလှအပအတွက် သွားလေးတွေကို ဖြူဖွေးညီညာအောင်၊ ပုလဲရောင်တောက်ပနေအောင် ဂရုတစိုက် ပြုမူနေကြတယ်။ တကယ်တော့ သွားပွတ်တံ ဘရပ်ရှ်လေးတွေဟာ သွားလေးတွေရဲ့ အလှအပကိုသာမက သွားနဲ့ သွားဖုံးတွေရဲ့ ကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။ သွားဖုံးရောဂါ (gum disease) ဟာ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းလို ရောဂါတွေနဲ့ပါ ဆက်နွှယ်နေကြောင်း သိရလျှင် သင်အံ့သြသွားမှာပါ။ ကျန်းမာတဲ့ သွားဖုံးများဟာ နှလုံးကိုလည်း ကျန်းမာစေပါတယ်။
မျက်စိကိုဖွင့်၊ နားကိုစွင့်ပါ
သတင်းစာတွေ၊ ဂျာနယ်တွေကို ခဏလောက် ကောက်ဖတ်ကြည့်ပါ။ သင်ထင်တာထက်ပိုပြီး သတင်းအချက်အလက်တွေ ပေးနိုင်တာကို တွေ့ရပါမယ်။ သင့်ကို ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးပေးနိုင်မယ့် လူက သင်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးချင်းတွေပြောတဲ့ စကားတွေနောက်ကို ယောင်ဝါးဝါး လိုက်နားထောင်နေမယ့်အစား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို ဒီထက်ပိုပြီး လေ့လာလိုက်စားပါ။ ဖတ်ရှုလေ့လာပါ။
အကြော်အလှော်နည်းနည်းတော့ စားပါ
ကယ်လိုရီများသည့် အစားအစာများကို လုံးဝမစားဘဲ မငြင်းဆန်ပါနှင့်။ လူတိုင်းမှာ စားချင်တဲ့ မတင်းတိမ်နိုင်တဲ့ စားစရာတွေရှိကြပါတယ်။ ရေခဲမုန့်တွေ၊ ဒိန်ခဲတွေ၊ ညစာစားဖွယ်တွေကို လုံးဝမစားဘဲ အငတ်ခံစရာ မလိုပါဘူး။ လျှော့စား၊ မျှမျှတတစား၊ အနည်းငယ်စားဖို့ပဲ ဖြစ်ပါတယ်။ McDonald's ဟမ်ဘာဂါ မှာစားမယ်ဆိုရင် အကြီးတစ်ခုစားမယ့်အစား အသေးတစ်ခုကို မှာစားရင် ၂၇၀ ကယ်လိုရီ လျှော့စားလိုက်တာဖြစ်ပြီး အရသာရှိတဲ့ စားစရာတွေရဲ့ ချိုမြတဲ့ ၀တ်ရည်ကို စားသုံးလိုက်ရတဲ့အတွက် ပျော်ရွှင်မှုတွေ သင့်ထံမှာ ကျန်ရစ်ခဲ့ပါတယ်။
အနားယူပါ
အားလပ်ရက်အပန်းဖြေခြင်းဟာ စိတ်ကို တင်းကျပ်ဖိစီးစေပြီး ငြီးငွေ့စေတဲ့ အလုပ်တွေဆီက တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်လောက် ခွာလိုက်ရတဲ့အတွက် အပြုသဘောဆောင်တဲ့ ကိစ္စတွေ အများကြီး ဖြစ်ထွန်းလာစေပါတယ်။ လေ့လာမှုတွေအရ အားလပ်ရက်အပန်းဖြေခရီးက ပြန်လာတဲ့ ၀န်ထမ်းတွေဟာ ဖန်တီးနိုင်စွမ်းနဲ့ လုပ်ရည်ကိုင်ရည်တွေ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ၀န်ထမ်းတွေကို တစ်နှစ်တစ်ခါ အားလပ်ရက်များ ခံစားဖို့ တိုက်တွန်းထားပါတယ်။ နေ့စဉ် ရိုးအီနေတဲ့ သမားရိုးကျ ပုံမှန်လုပ်ငန်းခွင်ကနေ ထွက်ခွာပြီး အားလပ်ရက်မှာ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အပန်းဖြေခြင်းဟာ ကုန်ဆုံးနေတဲ့ ဘက်ထရီတွေကို အားပြန်သွင်းလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အနားယူ အပန်းဖြေပါ။ စိတ်သစ်၊ လူသစ်၊ အားအင်သစ်နဲ့ နှစ်သစ်မှာ တက်ကြွပျော်ရွှင်စွာ အလုပ်လုပ်ပါ။
လက်ဆေးပါ
အအေးမိရောဂါပိုးနဲ့ H1N1 ဗိုင်းရပ်စ်ပိုးလို ကူးစက်ရောဂါပိုျးွှေကို ကာကွယ်ဖို့အတွက် အလွယ်ဆုံးနည်းလမ်းကတော့ လက်ဆေးခြင်းပဲ ဖြစ်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ခန့် ပွတ်တိုက်ဆေးကြောပေးဖို့ လိုပါတယ်။ ဒါပေမယ့် ဗက်တီးရီးယားပိုးမွှားတွေကို သတ်တဲ့ဆေးတွေပါတဲ့ ပိုးသတ်ဆေးဆပ်ပြာ (Antibacterial soap)ကို မသုံးစွဲပါနှင့်။ ရိုးရိုးဆပ်ပြာနဲ့တင် လုံလောက်နေပါပြီ။ ဆပ်ပြာရယ်၊ ရေရယ် သုံးပြီး ဆေးလိုက်ရင်ပဲ လက်မှာကပ်ညိနေတဲ့ ပိုးမွှားတွေအားလုံးလိုလို သန့်စင်သွားပါတယ်။ Antibacterial Soap တွေဟာ ပိုးမွှားတွေကို သန့်စင်တဲ့နေရာမှာ ရိုးရိုးဆပ်ပြာထက်ပိုပြီး ထူးပြီး အစွမ်းမထက်ပါဘူး။ ပိုဆိုးတာက အဲဒီ ပိုးသတ်ဆေးတွေကို ခုခံနိုင်တဲ့၊ ဆေးမတိုးတော့တဲ့ ရောဂါပိုးမွှားတွေ ဖြစ်ပေါ်လာစေပြီး နောင်တစ်ချိန်မှာ သန့်စင်ရတာ ခက်ခဲတဲ့၊ ဆေးယဉ်ပါးတဲ့ ပိုးမွှားမျိုးစိတ်အသစ်တွေ ပေါက်ဖွားလာနိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။
ကူညီကာလက်ကမ်းတတ်တဲ့ ပရဟိတစိတ်ထားမွေးမြူပါ
Vanderbilt University မှ လေ့လာချက်တစ်ခုအရ အများကောင်းကျိုးအတွက် လုပ်အားပေးအလုပ်တွေ၊ ကိုယ်အားကိုယ်ကိုး လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ခြင်း (Volunteer Work) တွေ ပြုလုပ်ခြင်းဟာ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး နှစ်မျိုးစလုံးအတွက် ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်သူတွေဟာ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ ပိုပြီး ကြံ့ခိုင်လာသလို၊ စိတ်ကျရောဂါဖြစ်ပွားခြင်းလည်း ပိုပြီး လျော့နည်းကြောင်း တွေ့ရတယ်။ အခြားလေ့လာမှုများအရ လုပ်အားပေးလုပ်ငန်းတွေ ပြုလုပ်ခြင်းဟာ နာတာရှည်နာကျင်မှု (chronic pain) ကို သက်သာစေကြောင်းလည်း တွေ့ရတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ လုပ်အားပေး ပရဟိတလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်မှု များပြားပါတယ်။ စုပေါင်းပြီး လမ်းပြင်ကြတယ်၊ တံတားပြင်ကြတယ်၊ ရပ်ကွက်ဆွမ်းလောင်းအသင်းတွေမှာ ဆွမ်းချက်ကြတယ်၊ တခြားလိုအပ်တဲ့ နေရာတွေမှာလည်း လုပ်အားဒါန ပေးလှူကြတယ်။ နာဂစ်မုန်တိုင်းလိုမျိုး အရေးပေါ်အခြေအနေတွေမှာလည်း လုပ်အားပေးသူတွေဟာ အနည်းဆုံး အလုပ်ပိတ်ရက် စနေ၊ တနင်္ဂနွေမှာပဲဖြစ်ဖြစ် သွားရောက်လုပ်ကိုင်ပေးကြတယ်။ အဲဒီလိုမျိုး လူ့အဖွဲ့အစည်းအတွက် လုပ်အားပေးဆောင်ရွက်ခြင်းတွေကို လုပ်ဆောင်ခြင်းအပြင် မိမိရဲ့ အားလပ်ချိန်တွေမှာ ပြေးခြင်း၊ ချက်ပြုတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ ပန်းအလှပြုပြင်ခြင်း အစရှိတဲ့ လုပ်ချင်တာလေးတွေ လုပ်နေခြင်းဟာလည်း သင့်ရဲ့ နေ့စဉ်ဘ၀မှာ သင့်ကိုယ်သင် Volunter Work လေးတွေ လုပ်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်လိုလျှင် အားလပ်ချိန်တွေမှာ လူ့အဖွဲ့အစည်းအတွက် ပရဟိတအလုပ်ကလေးတွေ လုပ်ပါ။ သင့်ကိုယ်သင်အတွက် ၀ါသနာပါတာလေးတွေ လုပ်ကိုင်ပါ။
သင့်ကိုယ်သင် ဆုချီးမြှင့်ပါ
သင့်လုပ်ချင်ခဲ့တဲ့ အရာတွေ၊ လိုချင်ခဲ့တဲ့ အရာတွေကို နှစ်စမှာ ခိုင်ခိုင်မြဲမြဲ အစီအစဉ်ဆွဲထားပါ။ ပြီးရင် နှစ်စကစပြီး အဲဒီအစီအစဉ်အတိုင်း စတင်လုပ်ဆောင်ပါ။ သင်လုပ်ချင်တဲ့ အရာတစ်ခုကို အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ပြီဆိုလျှင် ၀ိုင်တစ်ပုလင်း၊ အ၀တ်အစားအသစ်တစ်စုံ၊ ဒါမှမဟုတ် ဆံပင်အလှပြုပြင်ခြင်း တစ်ခုခုနဲ့ သင့်ကိုယ်သင် ဆုချပါ။ ဆုချခြင်းဆိုတာဟာ ကလေးတွေအတွက်ပဲ မဖြစ်သင့်ပါဘူး။
သစ်လွင်တဲ့စိတ်ထားနဲ့ နှစ်သစ်ကို စတင်ပါ
ဆယ်စုနှစ်သစ်ရဲ့ အစမှာ ရှေ့ကို တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်သွားတဲ့ အနေအထားနဲ့ ခရီးစပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ ကံမကောင်းတဲ့ ဖြစ်ရပ်တွေကို ပြန်တွေးနေမယ့်အစား နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ ကိုယ်ဘာတွေ လုပ်ရမယ်၊ ဘာတွေဖြစ်ရမယ်၊ ဘယ်လိုအလုပ်တွေ လုပ်ရမယ် ဆိုတာတွေအပေါ်မှာသာ အာရုံစိုက်သင့်ပါတယ်။ အရင်တုန်းက တွေ့ကြုံခဲ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားမှုတွေကို ပြန်စဉ်းစားပြီး အဲဒီအကြောင်းအရာတွေက နောက်ပိုင်းမှာ သင့်ရဲ့ နှစ်ကာလတွေကို ဘယ်လိုဖြစ်တည်လာစေခဲ့လဲဆိုတာကို သုံးသပ်ပါ။ သုံးသပ်ပြီးတဲ့နောက်မှာ အလားတူ ဖြစ်ရပ်တွေကို ရှေ့ဆက်မယ့်နှစ်မှာ ထည့်သွင်းပေးလိုက်တယ်ဆိုရင် အဆုံးမှာ သင်ဟာ ဘယ်လိုနေရာမှာ ရောက်နေမလဲဆိုတဲ့ သင့်ရဲ့ အောင်မြင်မှုတွေကို ဘယ်သူသိနိုင်မှာလဲ။
Wednesday, January 06, 2010
၂၀၁၀ အတွက် ကျန်းမာရေး တစ်ကြိုလက်ဆောင် - ခိုင်မွန်ကျော်
Ref: www.medicalnews.today
(Health Digest ဂျာနယ် အတွဲ ၇၊ အမှတ် ၁၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 3:04 PM
Labels ကျန်းမာရေး-Health, စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment