၅-၁-၂၀၁၀ (အင်္ဂါနေ့)
(၁)
ဇာတ်ကားအမည် - ရောင်နီဦးဆီသို့
ဇာတ်လမ်း - မောင်မောင်မြင့်သိန်း
ဇာတ်ညွှန်း - ဦးလှသိန်း (ဘောဂဗေဒ)
တွဲဖက်ဒါရိုက်တာ - ပုညကုသိုလ်
ဒါရိုက်တာ - ကုသိုလ်
သရုပ်ဆောင်များ - ရန်အောင်၊ ပြေတီဦး၊ ခိုင်သင်းကြည်၊ ဒေါ်တင်တင်လှ၊ ဦးခိုင်တင်၊ ရဲမွန်
ဇာတ်လမ်းသဘော
အနောက်တိုင်းဆန်ပြီး လွတ်လပ်မှုကိုမြတ်နိုးတဲ့ စောဦးကို သူ့အဖေက မြန်မာဆန်ပြီး အင်မတန်မှ ကျေးဇူးတရားသိတတ်တဲ့ ၀တ်ရည်ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ချပေးလိုက်ရာက အသွင်မတူမှုတွေကြားမှာ ဘာတွေဖြစ်လာသလဲ၊ မေတ္တာတရားနဲ့ သည်းခံခြင်းတရားဟာ ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ရိုက်ကူးတင်ပြထားတာပါ။
ဝေဖန်သုံးသပ်ချက်
- ကောင်းလိုက်တဲ့ဇာတ်ကားဗျာလို့သာ ပထမဆုံး အော်လိုက်ချင်ပါတယ်။
- အလုံးစုံကောင်းတာ၊ ပြစ်ချက်မရှိတာမဟုတ်ပေမယ့် ဇာတ်ကားဖြစ်ပြီးရော ဟောတစ်ကား၊ ဟောတစ်ကား ထုတ်နေတဲ့ အခုလိုအချိန်မှာတော့ ဒီလိုဇာတ်ကားမျိုးလေးတွေကို ကြည့်ခွင့်ရတဲ့ အခွင့်အရေးဟာ နည်းတာမှ မဟုတ်ဘဲဗျာ။
- တစ်ခါလာလည်း ဒီမဲပြာပုဆိုးဇာတ်တွေကိုချည်းပဲ ကြည့်နေရတာထက်တော့ ဒီလိုဇာတ်ကားမျိုးလေးကို ကြည့်လိုက်ရတာ တန်ပါတယ်။ လူတိုင်းတော့ ကြိုက်မယ်မထင်ပါဘူး။ ကျွန်တော်ကတော့ အတော်လေးကို သဘောကျပါတယ်။ ပေးချင်တဲ့ message ကို မြင်မိလို့ပါ။
- စဉ်းစားကြည့်မိတယ်။ ဒီဇာတ်ကားကိုသာ ဒီထက်ပိုကောင်းအောင် နည်းနည်းမွမ်းမံပြီး ရုပ်ရှင်ရိုက်လိုက်ရရင် ဆိုပြီးတော့လေ။ သေချာတာကတော့ ရှုံးမှာပဲဗျ။ ဟုတ်တယ်။ ဒီလိုဇာတ်ကားမျိုးကျရင် ပရိသတ်ဝင်မှာ မဟုတ်ဘူးဗျ။ ရယ်မှမရယ်ရတာကိုး။
- မရယ်ရပေမယ့် ဒီဇာတ်ကားမှာ ပေးချင်တဲ့အကြောင်းအရာတွေ အများကြီး ပါ,ပါတယ်။ မြန်မာဗီဒီယိုလောကမှာ လိုနေတဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ပေးလိုက်တယ်လို့ ကျွန်တော်ကဆိုချင်ပါတယ်။ ကျေးဇူးပါ ကုသိုလ်နဲ့ မောင်မောင်မြင့်သိန်းရေ။
- ဒီဇာတ်ကားမှာ အသိအမှတ်မပြုဘဲ မနေနိုင်တာကတော့ စကားလုံးရွေးချယ်မှုပါပဲ။ ပြောတဲ့ ဒိုင်ယာလော့ခ်တွေဟာ သူ့နေရာနဲ့သူ ထိထိမိမိတွေချည်းပါပဲ။ စကားလုံးတစ်လုံးဆိုရင်တစ်လုံး ဆိုလောက်အောင် ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ရွေးချယ်ထားတာကိုတွေ့ရပါတယ်။ ဇာတ်ညွှန်းရေးဆရာကို ချီးကျူးရမယ်ထင်ပါရဲ့။
- "ကျေးဇူးတရားဆိုတာ လိုအပ်လို့ရှိရင် အသက်နဲ့ရင်းပြီးတောင် ပြန်ဆပ်ရတာမျိုးလေ"
- "မင်းတို့ကျေးဇူးတွေကို ချေလို့ မရကောင်းပေမယ့် ကျေဖို့တော့ ကောင်းပါပြီကွယ်" ဆိုတာမျိုးတွေပေါ့။
- နောက်တစ်ခုကတော့ နေနေရဲ့ (မိန်းကလေးအချစ်ပါ… ကိုယ့်ချစ်သူပျော်ရွှင်ဖို့ဆိုရင်…. အားလုံးကိုစွန့်လွှတ်…. ပေးဆပ်နေမှာ… ) ဆိုတဲ့ "မညီမျှခြင်း" သီချင်းပါ။ တကယ့်ကို အံဝင်ဂွင်ကျ သုံးသွားတာပါ။ ဇာတ်ရှိန်ကို မြှင့်ထားတဲ့အချိန်မှာ အဲဒီသီချင်းသံထွက်လာတော့ ရင်ထဲမှာ ဘယ်လိုမှကို မခံစားဘဲ မနေနိုင်ပါဘူး။ သီချင်းနဲ့ ဇာတ်ဝင်ခန်းနဲ့က ကွက်တိပါပဲ။
- ခိုင်သင်းကြည်ကိုလည်း ဒီဇာတ်ကားမှာ သူ့ပုံမှန် ခပ်သွက်သွက်စရိုက်မဟုတ်တဲ့ ပုံစံနဲ့ သရုပ်ဆောင်ခိုင်းထားပါတယ်။ ကြည့်ရတာတော့ တစ်မျိုးကြီးပါပဲ။ အကောင်းဆုံးတော့ သရုပ်ဆောင်သွားပါတယ်။ အူဝဲဆိုရင် ပိုပြီးများ ကောင်းမလားလို့ပါ။
ကျွန်တော် ဘာတွေရလိုက်လဲ၊ ဘာတွေတွေးနေမိလဲ
- မြန်မာဆန်မှု၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားမှု
- မိဘနဲ့ သားသမီးကြားမှာ ရှိသင့်တဲ့ နားလည်မှု
- ကျေးဇူးတရားဆိုတာ…
- ခေတ်မီတာနဲ့ အနောက်ယဉ်ကျေးမှုကို ပုံတူကူးချပြီး စည်းပျက်ကမ်းပျက်နေထိုင်တာ မတူညီပုံ
- မေတ္တာတရားရဲ့ အင်အားကြီးမားမှု
"အခုခေတ်မှာ မိဘစကားနားထောင်တဲ့ သားသမီးဆိုတာ ခပ်ရှားရှား မဟုတ်လား"
"မင်းအဖေဖြစ်ရတာကို ငါ ရှက်လည်းရှက်တယ်" ဆိုတဲ့ စကားလုံးတွေကတော့ ကျွန်တော့်ရင်ထဲမှာ အခုအချိန်အထိ ကျန်နေခဲ့သေးတယ်။ အဖေ့ကို မေးကြည့်ရဦးမယ်။ ကျွန်တော့်အဖေဖြစ်ရတာ ရှက်နေသလားလို့ပါ။
လက်လှမ်းမီရာနေရာကနေ ငှားကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဗျာ။
(၂)
ဇာတ်ကားအမည် - ပွားမယ်
ဝတ္ထု - ထူးဆွေအောင်
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ စိုးမြတ်နန္ဒာ၊ မိုးပြည့်ပြည့်မောင်၊ ဦးအောင်လွင်၊ အရိုင်း၊ ခင်လှိုင်၊ ကောင်းကျော်၊ အောင်ခိုင်၊ ၀ါဝါအောင်၊ တက္ကသိုလ်ဂွမ်းပုံ၊ အေးသီတာ၊ ယွန်းရွှေရည်
ဇာတ်လမ်းသဘော
ရပ်ကွက်ထဲမှာ အင်မတန်မှ ပွားတတ်တဲ့ ပွားကြီး(ကျော်ရဲအောင်)တစ်ယောက် သူများကိစ္စတွေမှာ အပွားကောင်းလို့ ဘာတွေဖြစ်သွားကြတယ်၊ သူ့ကိုရိုက်ရင် အဲဒီရိုက်တဲ့လူကို ပြန်ရိုက်တတ်တဲ့ သူ့ရဲ့ ယောင်တတ်တဲ့ အကျင့်ကြောင့် ဘယ်လိုတွေ ကို့ရို့ကားယား ဖြစ်ရသလဲဆိုတာတွေကို ရိုက်ပြထားတာပါ။
ဝေဖန်သုံးသပ်ချက်
- ရယ်တော့ ရယ်ရတယ်ဗျ။ ဘာတွေကို ရယ်နေရမှန်းမသိဘူး။
- ကိုယ်ကကြည့်နေရင်းနဲ့ ရယ်ရမယ်လို့ မထင်ဘူးလေ။ ဒါပေမယ့် သူ့အလိုလို ရယ်နေရပြန်ရော။ ရုပ်တည်ကြီးတွေနဲ့ ဟာသလုပ်သွားတာ သဘောကျမိတယ်။
- အတင်းကလိထိုးတာ နည်းနည်းတော့ ပါတာပေါ့လေ။ ဒါပေမယ့် အများစုက သူ့အလိုလို ရယ်ရတာပါ။ တွေးပြီး ရယ်ရတာတွေလည်း ပါတယ်။ ခါးအောက်ပိုင်းပြက်လုံးတော့ အတော်လေးနည်းပါတယ်။ မပါဘူးတော့မဟုတ်ဘူး။ ပါနေသေးတယ်။
- မိုးပြည့်ပြည့်မောင်က သူ့ကိုကြည့်ရတာနဲ့တင်ကို အလိုလိုရယ်စရာကြီး ဖြစ်နေတယ်။ သူကိုယ်တိုင်လည်း ဇာတ်ကားသာရိုက်နေရတာ၊ တကယ်ရယ်ချင်နေသလား မသိဘူး။ မျက်နှာကိုတည်ထားပေမယ့် သူ့မျက်လုံးတွေမှာ မြင်နေရတယ်။ ဟန်မဆောင်နိုင်ဘဲ မျက်လုံးတွေက လိုက်ရယ်နေကြတယ်လေ။
- ကျော်ရဲအောင်က သူ့ကိုရိုက်ရင် ယောင်ပြီးပြန်ရိုက်တတ်တဲ့ ဇာတ်ကောင်စရိုက်ကိုလုပ်ထားတာ အတော်လေး ပီပြင်တယ်။ သူရိုက်လိုက်သမျှကလည်း တ၀ါးဝါးဖြစ်စရာတွေချည်းပဲ။
- တစ်ခုပဲ ဇာတ်လမ်းက ဒီလူတွေနဲ့ပဲ သပွတ်အူလုပ်ထားတာကတော့ သဘာဝမကျချင်ဘူး။ ဇာတ်အိမ်ကို ကျယ်ကျယ်မချဲ့ဘဲ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ထားတာကို ပြောချင်တာပါ။
- ဇာတ်သိမ်းခန်းကိုတော့ သိပ်ပြီး ဘ၀င်မကျချင်ဘူး။ သူကတော့ ရယ်ရအောင်ဆိုပြီး ဇာတ်လမ်းကို လှည့်လိုက်တာဖြစ်မယ်။ ၀တ္ထုမှာဆိုရင်တော့ ဖတ်လို့ရလောက်ပါတယ်။ ဒါပေမယ့် ဗီဒီယိုဇာတ်လမ်း ပြန်ရိုက်လိုက်တဲ့အချိန်ကျတော့ အဲဒီလိုမျိုးကြီးက မဖြစ်သင့်ဘူးထင်တာပဲ။ ရှေ့မှာခေါ်လာခဲ့တဲ့ ဇာတ်ရှိန်ကို သတ်လိုက်သလို ဖြစ်သွားတယ်။ တကယ်ဆိုရင် ရှေ့မှာခေါ်လာတဲ့ အရှိန်နဲ့ ဆက်လိမ့်သွားသင့်တယ်။ အခုဟာက ကြည့်ရတာ ပရိသတ်ကို မထင်မှတ်တဲ့ပုံစံနဲ့ ဇာတ်သိမ်းပြချင်တဲ့အတွက် လုပ်ပြလိုက်တယ်လို့ ထင်ပါတယ်။ ၀တ္ထုရေးဆရာ လက်စွမ်းပြထားတာ ဖြစ်မှာပါ။
- ဘာပဲဖြစ်ဖြစ် အားလပ်ချိန်လေးမှာ ရယ်ရယ်မောမောလေး ပေါ့ပေါ့ပါးပါး ကြည့်ချင်တယ်ဆိုရင်တော့ "ပွားမယ်" ဇာတ်ကားကို ငှားကြည့်ဖို့ လက်တို့လိုက်ပါတယ်နော်။
၎-၁-၂၀၁၀ (တနင်္လာနေ့)
(၁)
ဇာတ်ကားအမည် - ဟတ်ပီးဘတ်ဒေး
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင်များ - ကောင်းခန့်၊ န၀ရတ်၊ နေလင်း၊ ကျော်စိုး၊ အင်ကြင်း၊ နှိုင်းယှဉ်မြင့်မိုရ်၊ ဦးအောင်မြင်ဗိုလ်၊ ဒေါ်ခင်သန်းနွယ်
ဇာတ်လမ်းသဘော
နံပါတ် ၁၃ ကို အသေအလဲကြိုက်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ဖွား လပ်ကီး ဆိုတဲ့ ကောင်လေးနဲ့ နံပါတ် ၁၃ ဂဏန်းကို သေလောက်အောင်မုန်းတဲ့ ကော်မာဆိုတဲ့ ကောင်မလေးတို့ ကိုယ့်ရဲ့အတ္တတွေအတွက် နှလုံးသားခံစားချက်ကို ဥပေက္ခာပြုပြီး အလျှော့မပေးစတမ်း မာနပြိုင်ကြပုံကို ရိုက်ကူးတင်ပြထားတာပါ။
ဝေဖန်သုံးသပ်ချက်
- အပေါ်မှာ ကျွန်တော်ရေးထားတာကို သတိထားမိတဲ့လူဆိုရင်တော့ ဇာတ်လမ်းကို ဘယ်သူရေးသလဲ၊ ဇာတ်ညွှန်းကို ဘယ်သူရေးသလဲဆိုတာလည်း မပါဘူးလို့ သိမှာပါပဲ။ ဟုတ်ကဲ့ တကယ်လည်း ဇာတ်ကားသာပြီးသွားတယ်။ ဘယ်နေရာမှာမှ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဘယ်သူဆိုတာ မဖော်ပြထားဘူးခင်ဗျ။ မေ့နေခဲ့တာလား၊ ဒါရိုက်တာက လက်တန်းစိတ်ကူးထဲပေါ်ရာကို ရိုက်ပြထားတာလားတော့ သူတို့ကိုယ်တိုင်ပဲ သိတော့မှာပဲ။ အဲဒီတစ်ချက်တည်းနဲ့တင် ဇာတ်ကားကို impression အောက်သွားတယ်။
- မေ့နေခဲ့တာဆိုရင်တော့ အတော်ကိုဆိုးဝါးတဲ့ ကိစ္စပါ။ ကိုယ်မွေးထားတဲ့ သားသမီးက ကိုယ့်ကို အဖေ၊ အမေ မခေါ်သလိုမျိုး ဖြစ်ပါလိမ့်မယ်။ ဒီဇာတ်ကားဖြစ်လာဖို့ အဲဒီဇာတ်လမ်းရေးတဲ့လူက အဓိကမကျဘူးလားဗျာ။
- ဇာတ်လမ်းက ဟုတ်ချင်သလိုလိုနဲ့ ဘာမှမဟုတ်တဲ့ ဇာတ်လမ်းကြီးပါ။ သူတို့နှစ်ယောက် အားပြိုင်ကြတာကို ရိုက်ပြတဲ့အထိကတော့ ဟုတ်သလိုလို ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဇာတ်က အဖျားရှူးပြီး ဘာကို ပြချင်မှန်းကို မသိတော့ပါဘူး။ အတော်လေးကို ဆိုးပါတယ်။
- အဲဒီဇာတ်ကားထဲကအတိုင်း အပြင်မှာ တကယ်တွေလိုက်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကတော့ ကျွန်တော့်အနေနဲ့ စဉ်းစားကြည့်လို့ ဉာဏ်မမီကြောင်းပါ။
- သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။
(၂)
ဇာတ်ကားအမည် - ကြောက်လိုက်ကြစို့ သူငယ်ချင်း
ဇာတ်ညွှန်း - အောင်ကြီး
ဇာတ်လမ်းနှင့် ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
သရုပ်ဆောင်များ - နေတိုး၊ နေဆန်း၊ နန္ဒာလှိုင်၊ ဖူးဖူး၊ ဇော်ရဲထက်၊ ဇင်မျိုး၊ ဆင်မ၊ အုန်းသီး၊ ဦးအောင်မြင်ဗိုလ်၊ ဦးဇော်မှိုင်း၊ ကြည်စိုး(IC)၊ သီဟဖြိုး
ဇာတ်လမ်းသဘော
သရဲ၊ တစ္ဆေကြောက်တတ်သော မင်းသားနှင့် ဇာတ်ကားရိုက်ရန် သဘောတူထားပြီးကာမှ ဂျာနယ်ထက်တွင် ပါရှိသွားသော အင်တာဗျူးတစ်ခုကြောင့် ပျက်သွားရသည့် ဒါရိုက်တာတစ်ယောက်က ထိုမင်းသားမသိအောင် သူ့ဘာသာသူ အကွက်ကျကျ အစီအစဉ်ချပြီး ထိုမင်းသား၏ သဘာဝအတိုင်း ဖြစ်ပျက်ခံစားမှုများကို ဇာတ်လမ်းဖြစ်အောင် ရိုက်ကူးတင်ပြသွားပုံကို ကြည့်မြင်ရမည့်ဇာတ်လမ်း ဖြစ်ပါသည်။
ဝေဖန်သုံးသပ်ချက်
- ဆရာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ကြီး ဘာတွေလုပ်ပြချင်နေတယ်ဆိုတာကို မြင်လာရသည်။ အခုနောက်ပိုင်း ဇာတ်ကားအားလုံးသည် သူစိတ်ကူးထားသည်များကို မဖြစ်ဖြစ်အောင် လုပ်ပြနေတာကို တွေ့ရသည်။ ဟိုးအရင်က မောင်မျိုးမင်း မဟုတ်တော့။ "နှင်းဆီဝိုင်" ကိုရိုက်တဲ့ မောင်မျိုးမင်းကိုတောင် လွမ်းမိသေးသည်။
- အခုဇာတ်ကားက မကောင်းလို့ မဟုတ်ပါ။ သာမန်မဟုတ်တဲ့ အတွေးအခေါ်နဲ့ ဖောက်ထွက်ရိုက်ကူးထားတာပါ။ ထူးထူးဆန်းဆန်းလေးတွေတော့ ကြည့်ရမှာ အသေအချာပါ။
- ဖြစ်နိုင်၏၊ မဖြစ်နိုင်၏တွေ မစဉ်းစားဘဲ ဇာတ်လမ်းတစ်ခုအနေနဲ့ပဲ ကြည့်မယ်ဆိုရင်တော့ ကြည့်ပျော်ပါတယ်။
- အတင်းကလိမထိုးဘဲ ရယ်ခိုင်းထားတာတွေက ဒီဇာတ်ကားရဲ့ အသက်ပါပဲ။
- တစ်ကားလုံးမှာ ရယ်လိုက်ရတာ မပြောပါနဲ့တော့ဗျာ။ နေတိုးခမြာ ဘုမသိဘမသိဖြစ်ပြီးကြောက်လေ ကျွန်တော်တို့ ကြည့်နေတဲ့ ပရိသတ်တွေ ရယ်ရလေပါပဲ။
- မင်းသားရူးလုပ်တဲ့လူကလည်း အင်မတန်မှကို ပီပြင်ပါသကော။
- အချုပ်ခန်းထဲမှာ ဒါရိုက်တာ နေဆန်းကို ၀ိုင်းပြီး အပြစ်တင်ကြတဲ့အခန်းကိုတော့ အတော်လေးကို သဘောကျမိတယ်။ တွေးစရာတွေ အများကြီးရလိုက်လို့ပါ။
- ခပ်ဆန်းဆန်းလေးတွေကြိုက်တယ်ဆိုရင်၊ အသစ်ဖန်တီးမှုတွေကိုပဲ ကြည့်ချင်တာဆိုရင်၊ ရင်တွင်းဖြစ်ကြီး ဘာတွေလုပ်ပြထားပြန်လဲဆိုပြီး သိချင်ရင်၊ နေတိုးကိုကရုဏာသက်ချင်တဲ့ နှုတ်ခမ်းနီမလေးတွေဆိုရင်တော့ မလွတ်တမ်း ငှားကြည့်သင့်တဲ့ဇာတ်ကားလို့ အခမဲ့ ကြော်ငြာမောင်း ခတ်လိုက်ကြောင်းပါနော်။
၁-၁-၂၀၁၀ (သောကြာနေ့)
(၁)
ဇာတ်ကားအမည် - ကျေးလက်အငြိမ့်
ဒါရိုက်တာ - မောင်သီ စီစဉ်တင်ဆက်သည်။
ရှေ့ထွက်မင်းသမီး - ရူပါဝေေ၀မြိုင်
ခေါင်းဆောင်မင်းသမီး - န၀ရတ်
လူရွှင်တော်များ - ခင်လှိုင်၊ မြို့တော်ချစ်ဖွယ်၊ ၀င်းနိုင် (အနုပညာ)၊ ဆင်မ၊ အုန်းသီး၊ ဗေဒါ
သရုပ်ဆောင်များ - ဂွမ်းပုံကြီး၊ မလုံးတင်၊ မမမြ၊ အေးအေးအောင်၊ ဆုဝေလွင်၊ ရွက်ဝါ
ဝေဖန်သုံးသပ်ချက်
- မောင်သီမှန်း မသိလို့ ငှားကြည့်မိတာပါဗျာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အသက်တိုဆေး ၀ယ်သောက်ရသလိုပါပဲ။
- တစ်စက်မှကို မရယ်ရဘူး။ ဘာတွေမှန်းလဲမသိဘူး။ အငြိမ့်နဲ့မတူဘူး။ ဘာနဲ့တူမှန်းလည်း မသိပါဘူး။
- ဘာမှကို မပြောချင်တော့ပါဘူးဗျာ။ ယောင်လို့များ ငှားမကြည့်လိုက်ပါနဲ့။ အလကား အချိန်ကုန်၊ လူပန်း၊ ပိုက်ဆံကုန် ဖြစ်နေရပါဦးမယ်။ စေတနာစကားနဲ့ သတိပေးလိုက်ကြောင်းပါနော်။
(၂)
ဇာတ်ကားအမည် - ကောင်းကင်နှင့် ကြယ်
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင်များ - မြင့်မြတ် (နှစ်ကိုယ်ခွဲ)၊ န၀ရတ်၊ ထွန်းထွန်းဝင်း၊ ထူးမွန်
ဇာတ်လမ်းသဘော
အမြွှာညီအစ်ကိုနှစ်ယောက် ရှိတယ်။ အစ်ကိုရဲ့ချစ်သူန၀ရတ်က ညီဖြစ်သူကို လူမှားပြီး နှုတ်ဆက်မိရာမှာ ညီက အဲဒီကောင်မလေးကို ချစ်သွားပြီး မရ,ရအောင် မသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေကို ရိုက်ပြထားတာပါ။
ဝေဖန်သုံးသပ်ချက်
- ဒီဇာတ်ကားကို ကြည့်တဲ့နေ့ကတည်းက စိတ်ထဲမှာ ဘ၀င်မကျဖြစ်နေခဲ့တာပါ။ နေပိုင်ပါပဲ။ လက်တန်းလုပ်ထားတာလား မသိပါဘူး။ ဇာတ်လမ်းဘယ်သူရေးတယ်၊ ဘယ်သူက ဇာတ်ညွှန်းခွဲတယ်ဆိုတာ မပါပါဘူး။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ညွှန်းတာဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပေါ့ဗျာ။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ နေပိုင်ပေါ့။ ဘာဖြစ်လဲ။ ပွင့်ပွင့်လင်းလင်းပေါ့။
- အခုဟာက ဇာတ်ကားကောင်းတယ်ဆိုရင် သူရေးတယ်လို့ပြောမယ်၊ မကောင်းဘူးဆိုရင် အခြားမရှိတဲ့တစ်ယောက်ကို လက်ညှိုးထိုးချင်တာလား မသိဘူး။
- မေးခွန်းလေးတွေ ပေါ်လာတယ်။
- အမြွှာတွေက နေရာအားလုံးမှာ ချွတ်စွတ်တူသလားဟင်။ မေးလို့မကောင်းလို့ အဲဒီလောက်ပဲ မေးတာနော်။ ဟင်းဟင်းဟင်း… မေးပစ်လိုက်ချင်တယ်။
- မွေးထားတဲ့ အဖေကိုယ်တိုင်ကတောင် ကိုယ့်သားနှစ်ယောက်ကို ဘယ်သူကဘာဆိုတာ မသိဘူးဆိုတာတော့ ဟုတ်မှဟုတ်ရဲ့လားလို့ တွေးနေမိတယ်။ ကိုယ့်သားတွေကိုတောင် ဘယ်သူက အကြီး၊ ဘယ်သူက အငယ်ဆိုတာ မသိတဲ့ အဖေကို ချီးကျူးရမှာလား။ အဲဒီလို တစ်ပုံစံတည်းဖြစ်အောင် ကြိုးစားထားမှုကိုပဲ အမှတ်ပေးရမှာလားတော့ မစဉ်းစားတတ်တော့ပါဘူးဗျာ။
- ကိုမြင့်မြတ်ကြီးကိုလည်း သတိပေးချင်ပါသေးရဲ့ဗျာ။ သူ့ကိုယ်သူ ကိုရီးယားက ရိန်း များမှတ်နေသလားလို့ပါ။ ကိုယ်နဲ့ လိုက်၏မလိုက်၏ မသုံးသပ်ဘဲ ၀တ်ချင်ရာတွေ လျှောက်ဝတ်မနေပါနဲ့။ လူကိုကြည့်တော့ဖြင့် ပေါင် ၉၀ တောင် ပြည့်ပုံမရဘူး။ ၀တ်ထားသမျှက သူ့ကိုယ်သူ ကိုရီးယားမင်းသားကျနေတာပဲ။ တစ်စက်မှကို ကြည့်လို့မကောင်းဘူး။ လူကနွဲ့ပါတယ်ဆိုမှ အ၀တ်အစားတွေကတလွဲဆိုတော့ ပိုဆိုးတယ်။ အခြောက်ကိုကြည့်နေရသလိုပဲ။
- ဒီဇာတ်ကားမှာ တစ်ခုတည်းသော အားသာချက်နဲ့ အမှတ်ပေးစရာကတော့ ရှုခင်းတွေအားလုံးဟာ အသစ်တွေဖြစ်နေတာပါပဲ။ ဒီလောက် မြန်မာဇာတ်ကားကြည့်တဲ့ကျွန်တော်တောင် ဘယ်ဇာတ်ကားမှာမှ မမြင်ဖူးသေးတဲ့ နေရာတွေပါ။ အတော်ကို လှတဲ့ရှုခင်းတွေပါ။ ဇာတ်လမ်းနဲ့တောင် မတန်အောင် လှပါတယ်။
- ငှားကြည့်သင့်၊ မသင့်ကိုတော့ ကျွန်တော်မပြောလိုတော့ပါဘူး။ အပေါ်မှာရေးထားတာတွေက များနေပြီမို့ မှတ်ချက်ပေးရမှာ အားနာနေလို့ပါ။ ကိုယ့်စိတ်နဲ့ကိုယ်ပါပဲနော်။
၃၁-၁၂-၂၀၀၉ (ကြာသပတေးနေ့)
ဇာတ်ကားအမည် - ချစ်နေရလို့ပေါ့
အောင်ဗပါဝါ ရေးညွှန်းရိုက်ကူးသည်။
သရုပ်ဆောင်များ - ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်၊ သက်ထားဦး၊ ငှက်ပျောကြော်၊ ခင်နန်းထိုက်၊ ဇော်ဇော်အောင်၊ Kညီ၊ ၀ိုင်းချစ်၊ ဖူးချစ်
ဇာတ်လမ်းသဘော
ရွာကိုအလှူလာလုပ်တဲ့ သူဌေးသမီးတစ်ယောက်က မချစ်နိုင်ဘူးလို့ မှိုချိုးမျှစ်ချိုးပြောပြီး ပါးရိုက်သွားတဲ့အတွက် မြို့ပေါ်တက်ပြီး ပညာသင်ရင်း ကြိုးစားလိုက်တာ တကယ့်ကို အကျော်ဒေးယျကြီး ဖြစ်သွားတဲ့ တောကဘုန်းကြီးကျောင်းသားလေး တစ်ယောက်အကြောင်းဆိုပါတော့။
ဝေဖန်သုံးသပ်ချက်
- ဟူးးးးးးး။ မဝေဖန်ချင်တော့ပါဘူး။
- ရှာမှရှားတဲ့ဇာတ်လမ်းလို့သာ ပြောချင်တော့တာပါပဲ။ အောင်ဗပါဝါကို ရုပ်ရှင်မရိုက်ဘဲ တက်ကျမ်းတွေသာ ရေးစားပါတော့လို့ အကြံပေးချင်တော့တာပါပဲ။ ပီမိုးနင်းပြီးရင် နာမည်အကြီးဆုံး အောင်ဗပါဝါဆိုပြီး ဖြစ်လာနိုင်ပါတယ်။
- ရွာကသူငယ်ချင်းတွေအားလုံးကို အိန္ဒြာကျော်ဇင်ရဲ့ အတွင်းရေးမှူးလုပ်နေတဲ့ တောသူမမက မမှတ်မိဘူ၊ မသိဘူးဆိုတာကတော့ ယုတ္တိမတန်ဘူးထင်တာပဲ။
- အေးလေ…. ယုတ္တိတန်ရအောင် သမိုင်းမှတ်တမ်းဇာတ်ကားမှ မဟုတ်တာပဲနော်။ ဖြိုးငွေစိုးကို အလုံးစုံပြည့်စုံတဲ့ လူတော်တစ်ယောက်ဖြစ်သွားအောင် လုပ်ပြလိုက်ပုံများ ဒေးဗစ်ကော်ပါဖီးလ်တို့ကို သနားတယ်။ ကျွန်တော်သာ သားသမီးရှိရင် ကိုအောင်ဗပါဝါဆီကို အပ်လိုက်ချင်ပါရဲ့ဗျာ။ ဥုံဖွဆိုပြီး မန်းပေးလိုက်ရင် တကယ့်လူတော်ကြီး နေ့ချင်းညချင်း ဖြစ်သွားမှာဗျ။
- တစ်နေ့တစ်နေ့ ရှိသမျှသင်တန်းလိုက်တက်ပြီး တွေ့သမျှဆရာဆီမှာ တပည့်လိုက်ခံပြီး ပညာရှာနေတဲ့ ခေတ်လူငယ်တွေကိုတောင် သနားသွားမိသေးတယ်။ မောင်ရင်တို့… အပင်ပန်းခံမနေပါနဲ့ ဆရာအောင်ဗပါဝါဆီသာ သွားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားကြပါလိမ့်မယ်လို့။
- နောက်တစ်ခုက ရန်ကုန်သားတွေကတော့ ဒီဇာတ်ကားကိုကြည့်ပြီးရင် ဆွေ့ဆွေ့ခုန်နေမှာ မြင်ယောင်သေးတယ်။ မြို့ကြီးကြောက် တောသားကြီးကိုအောင်ဗပါဝါက မြို့သားတွေကို စကားလုံးတွေနဲ့ ကစ်လိုက်သေးတယ်ခင်ဗျ။
- မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို မဖြစ်ဖြစ်အောင် ရိုက်ပြထားတဲ့ ဒီဇာတ်ကားကို ကြည့်မယ်ဆိုရင်တော့ အတော်ကြီးကို ခန္တီတရား လက်ကိုင်ထားနိုင်မှ ဖြစ်ပါလိမ့်မယ်လို့ ကြိုတင်သတိပေးလိုက်ပါရဲ့နော်။
ကြိုးစားလျက်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၃၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၃၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment