Tuesday, January 12, 2010

ဝေဖန်ခံရတိုင်း ကိုယ့်အလုပ်ကို အထိခိုက်မခံပါနှင့်၊ လုပ်စရာရှိတာ လုပ်ပါ


ဒီအပတ် သရဖူမဂ္ဂဇင်းကို ဖတ်တဲ့အချိန်မှာ စာရေးသူ ရူပါသိမ်းရဲ့ ပျော်ရွှင်အောင်မြင်သော အလုပ်အကိုင်ဖြင့် အသက်ရှင်နေထိုင်ခြင်း ဆိုတဲ့ ဆောင်းပါးကို ဖတ်မိတဲ့အခါ သဘောကျမိတာလေးတွေ တွေ့ပါတယ်။ ပျော်ရွှင်ငြိမ်းချမ်းနည်းလမ်း ၇ သွယ် ဆိုတဲ့ Seven Ways to Peace & Happiness ဆိုတာကို ဘာသာပြန်ထားတယ်လို့ ယူဆပါတယ်။ နောက်ဆုံးမှာတော့ Ref: How to enjoy your life & your job by Dale Carnegi လို့ ဆိုထားပါတယ်။ ဒီလအတွက် စာရေးဆရာရေးထားတာက "ဝေဖန်ခံရတိုင်း ကိုယ့်အလုပ်ကို အထိခိုက်မခံပါနှင့်၊ လုပ်စရာရှိတာ လုပ်ပါ" တဲ့။ Do this and Criticism can't Hurt you. လို့ ရေးထားပါတယ်။

ကျွန်တော်ကြိုက်တာလေးတွေကိုပဲ ထုတ်နုတ်ကူးယူပြလိုက်ပါတယ်။

ကျွန်တော်အခုတော့ လူတွေအကြောင်း ကောင်းကောင်းသိလိုက်ပြီ။ လူတွေဟာ သင်တို့ ကျွန်တော်တို့အကြောင်းကို ဂရုစိုက်ပြီး စဉ်းစားမနေဘူး။ ပြောဆိုမနေကြဘူး။ သူတို့အကြောင်းကိုပဲ သူတို့စဉ်းစားတယ်။ မနက်စာ မစားမီရော၊ စားပြီးချိန်ရော၊ ညဥ့်အိပ်ရာဝင်ခါနီး မိနစ်ပိုင်းအထိတောင် စဉ်းစားနေကြဦးမယ်။ သူတို့ဟာ သင်တို့ ကျွန်တော်တို့ရဲ့ နာရေးသတင်းထက် သူ ခေါင်းနည်းနည်း ကိုက်နေတဲ့အကြောင်းကို အဆတစ်ထောင် ပိုပြီးတော့ စိတ်ဝင်စားတယ်။ ပိုပြီး ဂရုစိုက်တယ်။

လူတွေ ကဲ့ရဲ့သမျှ ဂရုစိုက်နေရရင် နေစရာတောင် ရှိမှာမဟုတ်တော့ဘူး။ မင်းစိတ်ထဲမှာ မှန်တယ်လို့ထင်ရင် လုပ်မှာသာ လုပ်ပါ။ သည့်အတွက် ဝေဖန်ကြလည်း ခံလိုက်ပေါ့။ အကယ်၍ ဝေဖန်ခံရမှာစိုးလို့ ဘာမှ မလုပ်လည်းပဲ ဝေဖန်ကြမှာပဲ၊ လုပ်လုပ် မလုပ်လုပ် လူတွေရဲ့ ဝေဖန်ခြင်းနဲ့ ကင်းမှာတော့ မဟုတ်ဘူး။ ဒီတော့ ကိုယ်လုပ်စရာရှိတာကိုသာ လုပ်။

မင်းဟာ သူများတကာရဲ့အထက်မှာ ရောက်နေရင် ဝေဖန်ခံရပြီသာ မှတ်ပေတော့၊ ဒီတော့ အဲဒီ ဝေဖန်တာတွေကို အရေးမစိုက်နဲ့။

သမ္မတကြီးလင်ကွန်းက သူ့ကို မတရားသဖြင့် ဝေဖန်ပြစ်တင်နေတာတွေကို တုံ့ပြန်ဖြေရှင်းဖို့ ကြိုးစားခြင်းဟာ မိုက်မဲမှု ဖြစ်ကြောင်းကို သူသာ လေ့လာမထားခဲ့မိလျှင် စစ်ပွဲတွေမှာ အားစိုက်ဆောင်ရွက်နေရလို့ ပင်ပန်းနေရတဲ့အထဲ စိတ်ရောကိုယ်ပါ နုံးချည့်ပြီး ဗုန်းဗုန်းလဲကျသွားနိုင်တယ်။ သူ့ကို စာတစ်တန် ပေတစ်တန်နဲ့ အကြောင်းရှာကြံ ဝေဖန်တဲ့သူတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းလဲဆိုတော့ အမှုမထားဘဲ လျစ်လျူရှုထားလိုက်ခြင်းပါ။

အကယ်၍ ကျွန်တော်သာ ဝေဖန်ပြစ်တင်စာတွေကို ဖတ်ဖို့ ကြိုးစားနေရင် တခြားဘာအလုပ်မှ ပြီးမှာ မဟုတ်တော့ဘူး။ ကျွန်တော်အလုပ်လုပ်ရင် အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သလောက် ကြိုးစားလုပ်တယ်။ ကျွန်တော်ဆိုလိုတာက အလုပ်တစ်ခု စလုပ်ပြီဆိုရင် ပြီးဆုံးတဲ့အထိ အစွမ်းကုန်လုပ်တယ်။ အကယ်၍ အလုပ်ပြီးစီးသွားတဲ့အခါ အောင်မြင်တယ်ဆိုရင် ဝေဖန်ပြစ်တင်သံတွေ သူ့အလိုလို တိတ်သွားမှာပဲ။ မအောင်မြင်ဘူး၊ မကောင်းဘူးဆိုရင်တော့ မိုးပေါ်က နတ်သမီး ၁၀ ယောက်ဆင်းပြီး ဒါ အောင်မြင်တယ်၊ ကောင်းပါတယ် ဘယ်လောက်ပဲပြောပြော ဘာမှ ထူးလာမှာ မဟုတ်ဘူးလို့ လင်ကွန်းက ပြောပါတယ်။

သင် လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ပါ။ ပြီးတော့ တရစပ် ကြားနေရတဲ့ ဝေဖန်စကားတွေက လွတ်ကင်းအောင် သင့် ထီးဟောင်းကြီးအောက်ကိုသာ အပြေးဝင်ခိုနေလိုက်ပါ။


ဒီစာတွေကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရား ပြောကြားခဲ့တဲ့ စကားတစ်ခွန်းကို ချက်ချင်းသတိရသွားမိပါတယ်။ "လောကမှာ အကဲ့ရဲ့လွတ်သောသူ မရှိ" ဆိုတဲ့ စကားပါ။ ပါဠိစကားနဲ့တွဲပြီး အတော်များများ ယဉ်ပါးပြီးသားစကားဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တော်တိုင်ပင်လျှင် အကဲ့ရဲ့ မလွတ်ခဲ့ဘူးဆိုမှတော့ ကျွန်တော်တို့ ပုထုဇဉ်တွေ၊ သာမန်လူသားတွေအနေနဲ့ကတော့ ပြောမနေနဲ့တော့ပေါ့။ ဆောင်းပါးကြီးတစ်ခုလုံးကို ဖတ်ပြီးတဲ့အချိန်မှာ သတိရလိုက်တဲ့ "လောကမှာ အကဲ့ရဲ့လွတ်သောသူ မရှိ" ဆိုတဲ့ စကားလေးတစ်ခွန်းက အားလုံးကို ခြုံငုံမိသွားတာကလည်း ဗုဒ္ဓတရားတော်တွေရဲ့ အနှစ်သာရတွေကို ဖြတ်ခနဲ မြင်လိုက်ရသလိုပါပဲ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၂ ရက်၊ အင်္ဂါနေ့။
နံနက် ၂ နာရီ ၂၆ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics