Tuesday, January 12, 2010

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


နည်းနည်းတော့ နိဒါန်းပျိုးဦးမှ ဖြစ်မည်။ ပထမဆုံးပြောချင်သည်က ဗီဒီယိုဇာတ်ကားတွေအကြောင်းကို တစ်ပတ်တစ်ခါလောက်သာ ရေးဖြစ်တော့မည်ထင်သည်။ ကြည့်တိုင်းရေးဖို့ အချိန်ကမပေးနိုင်တော့။ လုနေရတဲ့အထဲ သူ့အတွက် သီးသန့်အချိန်မပေးချင်တော့။ နဂိုကတည်းက ကျွန်တော်ကြည့်ပြီးခဲ့သည့် ဇာတ်ကားတွေကို မှတ်တမ်းသဘောမျိုးသက်သက်သာ ရေးသားခဲ့ခြင်း ဖြစ်သည့်အတွက် ဘယ်ဇာတ်ကားတွေ ကြည့်တယ်ဆိုတာလောက်ကိုသာ အဓိကထား ရေးဖြစ်တော့မည်ထင်သည်။ အရင်လိုမျိုး ဇာတ်လမ်းသဘောက ဘယ်လိုကြီးတွေ၊ အဲဒီဇာတ်ကားကို ဘယ်လိုဝေဖန်သုံးသပ်မိတယ် ဆိုတာတွေကို ရေးဖြစ်တော့မည် မထင်ပါ။ သို့သော် ဇာတ်ကားတိုင်းတော့ မဟုတ်ပါ။ စာဖတ်သူတွေကိုလည်း ကြည့်စေချင်သည့် ဇာတ်ကားမျိုးဆိုလျှင်တော့ လက်တို့လိုက်ပါမည်။ မကောင်းသည့်ဇာတ်ကားတွေကိုတော့ မကောင်းတာတွေကို ရေးပြမနေတော့ပါဘူးလေ။ စာဖတ်သူလည်း မကောင်းတာကို ဘာကိစ္စ ဖတ်နေတော့မလဲ။ ဟုတ်တယ်မလား။ ဟုတ်လိုက်ပါဗျာ။ ကျွန်တော် မရေးနိုင်တော့ဘူးဗျ။ အချိန်ပေးရတာ မလွယ်ဘူး။ မှတ်ချက်လောက်ပဲ အကြမ်းဖျင်းရေးတော့မယ်။ တချို့မှတ်ချက်တွေကိုသာ အဲဒီဇာတ်ကားတွေကို ဖန်တီးခဲ့သူတွေ ဖတ်မိရင် ကျွန်တော့်ကို ထုံးစံအတိုင်း မေတ္တာတော်တွေ တထောကြီး ပို့သဦးမှာကို သိနေပါသေးရဲ့။ ဘာတွေညံ့တယ်၊ ဘာတွေလျှော်တယ်၊ ဘာတွေပေါတယ်ဆိုတာကို မဖတ်ရဘဲ မှတ်ချက်သက်သက်ပဲ ဖတ်ရပြီး စိတ်တိုစရာ၊ စိတ်ဆိုးစရာ ဖြစ်ရတယ်ဆိုရင် ကျွန်တော်ဆိုတဲ့ ငနဲလေးကို ဗွေမယူကြပါနဲ့၊ ဘာမှမယူကြပါနဲ့လို့ တောင်းပန်လိုက်ပါရဲ့ဗျာ။

၆-၁-၂၀၁၀ (ဗုဒ္ဓဟူးနေ့)
(၁)
ဇာတ်ကားအမည် - သွေးစွန်းသွားသော အိပ်မက်များ
ဇာတ်လမ်း - တင်မောင်ဝင်း (ရုပ်ပြ)
ဇာတ်ညွှန်း - မြတ်ဟိဏ်း
ဒါရိုက်တာ - ကိုမျိုးထူး စိတ်ကူးရင်ခုန်သည်။
သရုပ်ဆောင်များ - နိုင်နိုင်း၊ စိုးမြတ်နန္ဒာ၊ ကျော်ကျော်ပိုင်မှူး၊ အောင်ဇော်မင်း၊ အံ့မင်းညို၊ ကောင်းမြတ်သူ၊ ဦးဇော်မှိုင်း၊ ဦးဝင်းမြိုင်၊ အောင်တိုး

မှတ်ချက်
ထူးထူးဆန်းဆန်း နိုင်နိုင်းကို အခြားဗီဒီယိုထုတ်လုပ်ရေးနဲ့ အခြားဒါရိုက်တာက ရိုက်တဲ့ဇာတ်ကားပါ။ ဇာတ်လမ်းက သိပ်ပြီးတော့ မယ်မယ်ရရ ရှိလှတယ်တော့ မဟုတ်ပါဘူး။ မဖြစ်နိုင်တာတွေအများကြီးနဲ့ မဖြစ်ဖြစ်အောင် ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားလို့သာ မှတ်ချက်ပေးလိုပါတယ်။

(၂)
ဇာတ်ကားအမည် - ကိုကြီး နော် ကိုကြီး
ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - စိုးကျော်ဆန်း
သရုပ်ဆောင်များ - လူမင်း၊ အိန္ဒြာကျော်ဇင်၊ နေဆန်း၊ ပွင့်၊ ၀ါဝါအောင်၊ ဟိန်းမင်း၊ သက်ထားဦး၊ သက်ကိုဦး၊ ဟိန်းဇေ၊ ရဲမာန်၊ ဦးဝင်းမြိုင်၊ ဒေါ်အိအိစိုး

မှတ်ချက်
ပွင့် ကို အတင်းကာရောကြီး ပေါခိုင်း၊ ကြောင်ခိုင်းတဲ့ ဇာတ်ကွက်တွေသာမပါရင် ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ဇာတ်ကားလို့ ညွှန်းမိမှာပါ။ ဒါပေမယ့်လည်း အိန္ဒြာကျော်ဇင် ပရိသတ်တွေရော၊ လူမင်းကို စွဲလန်းတဲ့ နှုတ်ခမ်းနီမလေးတွေအတွက်ပါ ကြည့်သင့်တဲ့ကားဆိုတာတော့ လက်တို့ချင်ပါတယ်။ အူဝဲပရိသတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ပြီးရင် အချစ်တွေတိုးပြီး ကျလိကျလိ ဖြစ်ကြမှာ မြင်ယောင်ပါသေးတယ်။ ဇာတ်လမ်းတစ်ခုလုံးကို ပုံဖော်ပြီးခေါ်သွားတာက အိန္ဒြာကျော်ဇင် ဆိုပါတော့။ အပျင်းပြေ ပေါ့ပေါ့ပါးပါးလေးဆိုရင်တော့ ငှားကြည့်သင့်တဲ့ကားပါ။

၇-၁-၂၀၁၀ (ကြာသပတေးနေ့)
ဇာတ်ကားအမည် - ဒိန်းဂျား
ဇာတ်ညွှန်း - အောင်ကြီး
ဇာတ်လမ်းနှင့်ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
သရုပ်ဆောင်များ - သူထူးစံ၊ မိုးဟေကို၊ တင့်တင့်ထွန်း၊ မင်းဟိဏ်း၊ အေးဝတ်ရည်သောင်း၊ မင်းရဲဆက်၊ မိုးဇက်၊ အက်စတာအဖွဲ့

မှတ်ချက်
မဖြစ်နိုင်တဲ့ ဇာတ်ကွက်တွေ များလွန်းတယ်။ မြန်မာပြည်မှာဖြစ်တဲ့ ဇာတ်လမ်းဆိုတာကို စဉ်းစားမိသင့်တယ်။
မိတ်ကပ်တွေကလည်း ဖွေးနေတာပဲ။ ညံ့လိုက်တဲ့ မိတ်ကပ်။
ဆင်ဆာဖြတ်တဲ့ အကွက်ကြီးတွေ တစ်ချိန်လုံးပါနေတာက အဆိုးဆုံးပဲ။ ဘယ်လိုမှကို မု(ဒ) မ၀င်တော့ဘူး။
ပေးချင်တာက များလွန်းတဲ့အတွက် ဟုန်သွားတဲ့အပြင် သူထူးစံက မလုပ်နိုင်တော့ ပိုဆိုးသွားတယ်။
ဒီလိုဇာတ်လမ်းကို တခြားနာမည်ကြီး မင်းသားတစ်လက်နဲ့ ပြန်ရိုက်ကြည့်ပါလား ရင်တွင်းဖြစ်ကြီးရယ်လို့ တိုက်တွန်းလိုက်ချင်တယ်။

၈-၁-၂၀၁၀ (သောကြာနေ့)
ဇာတ်ကားအမည် - အပျော့ဆွဲ
ဇာတ်လမ်း - ဧကကျော်ခေါင်
ဇာတ်ညွှန်း နဲ့ ဒါရိုက်တာ - အောင်ဗပါဝါ ရေးညွှန်းရိုက်ကူးသည်။
သရုပ်ဆောင်များ - နေတိုး၊ သက်မွန်မြင့်၊ ညီဂျော်၊ ထူးသာ၊ ဂွမ်းပုံကြီး၊ တက္ကသိုလ်ဂွမ်းပုံ၊ ပွင့်၊ ကျော်စိုး၊ သီဟဖြိုး၊ ဦးဂျော်လီဆွေ၊ ဒေါ်ခင်လေးဆွေ

မှတ်ချက်
စစချင်းအခန်းမှာ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပျော်ပွဲရွှင်ပွဲဆိုကတည်းက ကြည့်ချင်စိတ်ကို ကုန်သွားတာ။
အင်မတန်မိုက်ရိုင်းတဲ့ဇာတ်ကား။ လူကြီးတွေကိုတောင် အလွတ်မပေးတော့ဘူး။ ရင်လေးလိုက်တာ မြန်မာဗီဒီယို။
ဘာဇာတ်လမ်းမှန်းကို မသိဘူး။
အောင်ဗပါဝါထုံးစံအတိုင်း ကြောင်တောင်တောင် ဇာတ်စာလိုလို၊ ကာရန်လိုလို ဒိုင်ယာလော့ခ်တွေနဲ့ တကယ့်ကို စိတ်ပျက်စရာကောင်းတယ်။
သောက်ပေါကားလို့ပြောရင် နာဦးမယ်။
အဲဒီဇာတ်ကားထဲက ဇာတ်ကောင်တွေနာမည်ကို ပြောပြမယ်။ ဒါဆိုရင် ခင်ဗျားလည်းတစ်ခါတည်း သဘောပေါက်သွားမယ်။
အဘိုးက ဗိုလ်တစ်ထောင် (ဦးဂျော်လီဆွေ)
အဘွားက ကြေးမံ (ဒေါ်ခင်လေးဆွေ)
အဖေက ဦးမှုခင်း (ထူးသာ)
အမေက ဒေါ်ဂျူးထားအကြည်တော် (ဆေးတက္ကသိုလ်ရှေ့) (ဂွမ်းပုံကြီး)
သမီးအကြီးဆုံးက မြ၀တီ (တက္ကသိုလ်ဂွမ်းပုံ)
အလတ်က သပြေ (ပွင့်)
နို့ညှာမက မိုးသောက်ပန်း (သက်မွန်မြင့်)
အငယ်ဆုံးသားက တေဇ (ကလေးသရုပ်ဆောင်)
ကဲ မှတ်ပလား။ အောင်ဗပါဝါကွ။ အသားကုန်ပေါပြမယ်။ ဘယ်သူတွေ ဘာပြောချင်လဲ။

၉-၁-၂၀၁၀ (စနေနေ့)
ဇာတ်ကားအမည် - မိမနိုင် ဖမနိုင်
ဂျမန်း၏ စိတ်ကူးအရင်းအမြစ်
ဝတ္ထု၊ ဇာတ်ညွှန်း - ဆုသြချယ်
ဒါရိုက်တာ - ကုသိုလ်
သရုပ်ဆောင်များ - မြင့်မြတ်၊ မေသန်းနု၊ ခိုင်သင်းကြည်၊ ဇူဇူးမောင်၊ ထွန်းထွန်းနိုင်၊ ထူးမွန်၊ ဟိန်းစိုး၊ မင်းရဲဆက်

မှတ်ချက်
ပေးချင်တဲ့ message ကို နားလည်တယ်။ ကောင်းလည်းကောင်းတယ်။ ရိုက်လည်းရိုက်သင့်တဲ့ဇာတ်ကား။
မပြောတတ်တော့ ဆဲသလိုဆိုတဲ့ မြန်မာစကားရှိတယ်။ အခုလည်း မတင်ပြတတ်တော့ ဇာတ်မနာ,နာအောင် တမင်တွေ လိုက်လုပ်ပြသလို ဖြစ်နေတယ်။ ဇာတ်လမ်းကို နှမြောလိုက်တာဗျာ။
ဇာတ်လမ်းနာမည်ရော၊ ဇာတ်လမ်းနဲ့ဇာတ်ညွှန်း ဆုသြချယ်ဆိုကတည်းက ပျော်သွားတာ။ ဆရာဝင်းထွန်းထွန်းပဲ ဆိုပြီးတော့။ ကုသိုလ်လည်းဆိုရော စောစောကစိတ်ကလေး ချက်ချင်းပျောက်သွားတာပဲ။ သိနေတယ်လေ။
ပေးချင်တဲ့ message တွေ၊ ဇာတ်ကားထဲက ဒိုင်ယာလော့(ခ)တွေက ကောင်းမှကောင်းပါ။ ဒါပေမယ့် ဟုန်နေတယ်။ ရင်ထဲကို လာမထိဘူး။
ကျွန်တော့်မှာ ပိုက်ဆံရှိရင် အဲဒီဇာတ်လမ်းကို ပြန်ဝယ်ပြီး ဒါရိုက်တာ ၀င်းထွန်းထွန်းကို ရုပ်ရှင်ကားကြီးအဖြစ် ပြန်ရိုက်ခိုင်းမယ်။ ရုံတင်တဲ့နေ့မှာ အဲဒီရုပ်ရှင်ရုံ ရေထဲမျောသွားပြီသာမှတ်။ ပရိသတ်တွေ ငိုတဲ့မျက်ရည်တွေ ချောင်းဖြစ်သွားလို့။ မိဘလုပ်တဲ့ သရုပ်ဆောင်နှစ်ယောက် သေချာပေါက် ဇာတ်ပို့အကယ်ဒမီဆုရမယ်။
အဲဒီလိုဇာတ်လမ်းတွေကိုပိုင်တာက ဆရာဝင်းထွန်းထွန်းပါ ထုတ်လုပ်သူတို့ရယ်။ ဘာမဟုတ်တဲ့ ကျွန်တော်က ၀င်ဝင်ပြောနေရတာ ကီးမကိုက်လိုက်တာဗျာ။

၁၀-၁၀-၂၀၁၀ (တနင်္ဂနွေနေ့)
(၁)
ဇာတ်ကားအမည် - ကတိ
ဇာတ်လမ်း - ကိုရဲဦး
ဇာတ်ညွှန်း နှင့် ဒါရိုက်တာ - အောင်ဗပါဝါ
သရုပ်ဆောင်များ - ထွန်းထွန်း၊ မေကဗျာ၊ မင်းဇော်၊ ခင်လှိုင်၊ ဘရိတ်ကီ၊ ရွှေခြံသန်းမြင့်

မှတ်ချက်
အောင်ဗပါဝါရိုက်တဲ့ကားမှန်းမသိလို့ ငှားကြည့်မိတာပါ။
ပေါတောတောကာရန်တွေနဲ့ကား၊ အောက်ပိုင်းမလွတ်တဲ့ကား။
ဇာတ်လမ်းက ကောင်းချင်သလိုလိုရှိတာကို တစ်ချက်တစ်ချက် ထ,ထပြီး ပေါတာ၊ ဖောက်တာကတော့ အတော်ဆိုးတယ်။ ဇာတ်ရှိန်ကို မကျ,ကျအောင် လိုက်ချနေတာကိုက ဒါရိုက်တာရဲ့ ပညာထင်ပါရဲ့။ အံ့လောက်ပါရဲ့ဗျာ။
နည်းနည်းလေး ချီးကျူးချင်တယ်။ အောင်ဗပါဝါရိုက်တဲ့ကားမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်ရအောင် အတော်လေးကောင်းချင်တဲ့ ဇာတ်ကားဆိုပါတော့
ကျွန်တော်အကြိုက်ဆုံးကတော့ ဇာတ်သိမ်းခန်းပါပဲ။ စိတ်ဝင်စားစရာကောင်းတယ်။

(၂)
ဇာတ်ကားအမည် - ထူးလည်းထူးတယ် မူးလည်းမူးတယ် တို့ကိုကြီးကျော်
ဇာတ်လမ်း - ဂေါ်စိန်
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ ခိုင်သင်းကြည်၊ ချိုပြုံး၊ ဧရာ၊ ခင်လှိုင်၊ ယွန်းရွှေရည်၊ ကေညီ၊ တိမ်ညွန့်၊ ကြူကြူသင်း၊ အေးသီတာ

ဇာတ်လမ်းသဘော
ဆိုင်းသံကြားရင် မနေနိုင်တဲ့၊ အရက်ကို နည်းလမ်းပေါင်းစုံနဲ့ မရ,ရအောင် ကြံဖန်ပြီးခိုးသောက်တတ်တဲ့ ကိုကြီးကျော်ဆိုတဲ့ လူတစ်ယောက်အကြောင်း ဆိုပါတော့။

ဝေဖန်သုံးသပ်ချက်
နောက်ဆုံးခန်းလေးတစ်ခန်းနဲ့ ဖြေလိုက်လို့သာ ဘာမှမပြောချင်တော့တာ၊ ပရိသတ်ကို အရက်မသောက်,သောက်ဖြစ်အောင် တိုက်တွန်းနေတဲ့ဇာတ်ကားလို့တောင် မြင်မိသေးတယ်။
နည်းပေးလမ်းပြလုပ်တဲ့ ဇာတ်ကားပေါ့။
ကျော်ရဲအောင်ကြောင့် ဒီဇာတ်ကားက ရယ်ရတာပါ။ အခြားမင်းသားသာဆို လုံးဝကို ရယ်ရမှာမဟုတ်ဘူး။ သေချာတယ်။ မင်းသားငယ်တွေပြောတာပါ။
ကျော်ရဲအောင်ဟာ သူ့သမ္ဘာ ဘယ်လောက်ရှိကြောင်း ကောင်းကောင်းကို ပြသွားတယ်။
ရယ်တော့ရယ်ရပါတယ်။ ဘာတွေရယ်ရမှန်းတော့မသိဘူး။ ထားပါလေ။ ပေါ့ပေါ့ပါးပါးနဲ့ အပျော်ကြည့်မယ်ဆိုရင်တော့ အခြားဇာတ်ကားတွေထက်စာရင် ဒီဇာတ်ကားလေးက ကြည့်ပျော်မှာပါ။

၁၁-၁-၂၀၁၀ (တနင်္လာနေ့)
ဇာတ်ကားအမည် - အချစ်ကလန်းတယ်
ဝတ္ထု - ခင်ဦးခင်ခင်
ဇာတ်ညွှန်း - လွင်မင်းအံ့
တွဲဖက်ဒါရိုက်တာ - မောင်သီလ၊ သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်၊ မေတ္တာ၊ ဗေလုဝ၊ ထူးသာ၊ ဖိုးဖြူ၊ ဟိန်းမင်း၊ ဇော်ဇော်အောင်၊ အုန်းသီး၊ ၀င်းနိုင် (အနုပညာ)၊ တိမ်ညွန့်၊ ဦးပေါ်လေး၊ ဇော်ဝင်းနိုင်(မန်း)၊ ဗေဒါ၊ ၀မ်းစတား၊ ကေညီ၊ အေးသီတာ၊ ပွင့်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဂွမ်းပုံကြီး၊ အေးအေးခိုင်၊ ထက်စန္ဒီကျော်၊ သန်းသန်းဆင့်၊ စိုးရတနာ၊ သက်ထားဦး၊ နှင်းနု၊ ယူရေနီယမ်အကအဖွဲ့

မှတ်ချက်
အခွေ (၄)ချပ်တောင်ကြည့်လိုက်ရတယ်။
သရုပ်ဆောင်အများကြီးနာမည်တွေ့လို့ အထင်မကြီးလိုက်ပါနဲ့။ တစ်ခန်းလောက်ပဲပါပြီး ဘယ်ရောက်ကုန်ကြမှန်းကို မသိပါဘူး။
အဓိကသရုပ်ဆောင် (၈)ယောက်နဲ့ တည်ထားတဲ့ဇာတ်ပါ။
ဒီလိုဇာတ်ကားဖြစ်လာအောင် ခင်ဦးခင်ခင် ၀တ္ထုကို ဘယ်လိုဇာတ်ညွှန်းခွဲလိုက်ပါလိမ့်ဆိုပြီး ကျွန်တော့်မှာ စဉ်းစားလို့၊ အံ့သြလို့ကို မဆုံးဘူး။ အံ့ရော… အံ့ရော…။ ဆရာမ ခင်ဦးခင်ခင်ရေ… ဘယ်လိုထင်သလဲဆိုတာ သိချင်လိုက်ပါဘိ။
ဘောလီဝုဒ်ယဉ်ကျေးမှုတွေ မြန်မာ့ရုပ်ရှင်ထဲကို မရောက်,ရောက်အောင် အကွက်ချပြီး လုပ်နေသလားလို့ ညီညီထွန်းလွင်ကို သံသယဖြစ်လာတယ်။ မဆီမဆိုင်သီချင်းကိုဆို၊ မဆီမဆိုင်ကနဲ့…. ဟူးးးးးးးးးးးးးးးးးးးးးးးး။
ခါးအောက်ပိုင်းပြက်လုံးကလည်း လုံးဝကို နန်းစတော့(ပ)ပဲ။ အမျိုးကောင်း သားသမီးအပေါင်းတို့ ကြည့်ရှုပြီး သင်ယူကြပါကုန်။
စိုးမြတ်သူဇာကြောင့်သာ ဒီဇာတ်ကားကို ဆုံးအောင်ကြည့်ဖြစ်တာပါ။ ဒါတောင် စိုးမြတ်သူဇာခမြာလည်း ဒါရိုက်တာကို မလွန်ဆန်ဝံ့လို့ ထင်ပါရဲ့ အောက်ပိုင်းမလွတ်တဲ့ပြက်လုံးက ပြက်သွားရသေးတယ်။ ဖြစ်မှဖြစ်ရလေ မစိုးကြီးရယ်။
ခန့်စည်သူနေရာမှာ ကျော်ရဲအောင်ဆိုရင် ပိုပြီးကြွလာမယ်လို့ထင်တယ်။
သူတို့ကလည်း ခပ်ပေါပေါရိုက်ထားတာဆိုတော့ ကလိထိုးခံချင်တဲ့လူတွေ၊ ဘာပြောပြောရယ်မယ်ဆိုတဲ့ ပရိသတ်တွေကတော့ ကြည့်သင့်ပါတယ်။ (ဥပမာ - မင်းသားပုဆိုးကျွတ်တာနဲ့ တို့ကတော့ ရယ်မှာပဲဆိုတဲ့ အဖွဲ့တွေပေါ့… ဟဲဟဲ)
တကယ်ရယ်ရတဲ့ အခန်းလေးတွေလည်း အတော်များများ ပါ,ပါတယ်။ အဲဒီအခန်းလေးတွေကြောင့်သာ ဒီဇာတ်ကားကို ကြည့်ရတာ ခံသာသွားတာပါ။
ခင်ဦးခင်ခင်နဲ့ စိုးမြတ်သူဇာရဲ့ မျက်နှာကြောင့် ဒီဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၂ ရက်၊ အင်္ဂါနေ့။
နံနက် ၁ နာရီ ၅၇ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics