Tuesday, January 12, 2010

၎င်းတို့ကို မြင်၊ ဖတ်၊ တွေ့ ပြီးနောက် - ကျားပေါက်


အမြင် ကဏ္ဍ
ဆေးမင်ကြောင် ဆိုင်ထဲသို့ လူ့ဘီလူးကြီးတစ်ကောင် ၀င်လာသည်။ ပုံစံက ဆူမိုနပန်းသမားကြီးနှင့် တူလေသည်။ ဆိုင်ထဲဝင်ပြီး ခပ်တည်တည်ပင် ဆေးမင်ထိုးခံသည့် ခုတင်ပေါ် မှောက်လျက်အိပ်လိုက်သည်။ မျက်နှာထား ခပ်တင်းတင်းနှင့်ပင် သူ့ကျောကုန်းပြောင်ကြီးကို လက်မဖြင့် ညွှန်းလိုက်သည်။ "ဒီမှာ အပြည့်သာထိုး" ဆိုသည့် သဘော။ မင်ကြောင်ဆရာ မျက်မှောင်တစ်ချက် ကြုတ်လိုက်၏။

ဒီ…ဒီ…ဒီ… ဆေးမင်ကြောင်ထိုးသည့် စက်သံ၊ တီ…တီ…တွိတွိ… မင်ကြောင်ဆရာ၏ လက်ကိုင်ဖုန်းလာသံ။ "ဟဲလို" မင်ကြောင် အထိုးမပျက်၊ အားနေသည့် လက်ဖြင့် ဖုန်း ကောက်ကိုင်လိုက်သည်။ "အိုး ရက်စ်" မျက်နှာ ၀င်းပသွားပြီး ဖုန်းထဲမှ ညွှန်းကြားသမျှကို လိုက်ရေးသည်။ သွားပြီ။

လူ့ဘီလူးကြီး ကျောကုန်းမှာ ဖုန်းနံပါတ်ကြီး။

မင်ကြောင်ထိုးသည့်စက်ဖြင့် ရေးထားလိုက်မိသည့် ဖုန်းနံပါတ်ကြီး။ ဘယ်လို လုပ်မတုံး။ ဘယ်လိုမှ မလုပ်နဲ့။ ဒါ တီဗီကြော်ငြာပါ။ အာမခံကုမ္ပဏီ ကြော်ငြာတစ်ခု ဖြစ်ပါသည်။ သူ့ ကုမ္ပဏီကြော်ငြာတာထက် ဟာသ Art က အများကြီး အရေးပါသည်။ အတူ ထိုင်ကြည့်နေသော ကျွန်ုပ်တို့ဘော်ဘော်တစ်သိုက် ရယ်လိုက်ကြပါသည်။ "ငါ့ကုမ္ပဏီက ထုတ်တဲ့ပစ္စည်း" ဆိုတဲ့အစွဲ မတွေ့ရပါ။ "ငါထုတ်တဲ့ ကော်ဖီမကြိုက်ရင် ရေသောက်" ဆိုတာမျိုးနှင့်တော့ အတော်ကွဲလွဲသည့် ကိစ္စဖြစ်ပါသည်။ နောက်ဆိုရင် ဒါမျိုးတွေတောင် တွေ့ရမလားမသိ။

"ဒီဆိုင်မှာ မစားရင် ချေးစား"

"ဒီအင်္ကျီမ၀တ်ဘူးဆို သေလိုက်"

"ဒီတံဆိပ် မကြိုက်ရင် မင်းညီမငါ့ပေး"

တစ်ခါတစ်ရံ ကိုယ့်သားလောက်ရှိတဲ့ ကောင်လေးက တီဗီမှ ကိုယ့်ကို ခေါင်းသုံးဖို့ ပြောတာပင် ခံရပေသေးသည်။ ၀ဋ်ရှိသရွေ့ပေါ့ ငါ့လူတို့ရယ်။

အဖတ် ကဏ္ဍ
မှုခင်းဌာနမှ ခွေးလေး သေဆုံးသွားပါသည် (အနောက်နိုင်ငံ တစ်ခုတွင်သာ)။ သူသည် ဘိန်းဖြူစစ်ဆင်ရေးအတွက် ကိုကင်းမှုန့်များ မကြာခဏ ရှူရှိုက်ရာမှ နှာခေါင်းတွင်း ကင်ဆာရောဂါ ရခဲ့ပါသည်။ သူ့ကို အရေးတယူ ဆေးကုပေးကြသည်။ သေသွားသော် မှုခင်းဌာန ၀င်းထဲမှာပင် အခမ်းအနားဖြင့် သင်္ဂြိုဟ်ကြ၏။ (ဆီးနှင့် ကျောက်ကပ်ကိုယ်တော်ကို လွမ်းမိပါသည်)

ဆိုမာလီ ဓားပြများနှင့် ဆက်စပ်၍ ဆိုမာလီခေါင်းဆောင်တစ်ဦးကို အင်တာဗျူးရာ "ကမ္ဘာက ထောက်ပံ့တာ မလုံလောက်လို့ ဒါမျိုးတွေ ဖြစ်ရတာ၊ ပိုက်ဆံ မရှိရင်၊ ငတ်ရင် လူဆိုတာ ရရာနည်းနဲ့ ရှာရမှာပဲ၊ ဓားပြတွေကို အရေးယူခြင်းဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး" ဟု ရန်တွေ့ပါသည်။ အင်မတန် စုတ်ပဲ့သည့် အတွေးအခေါ်ဟု ထင်နိုင်သော်လည်း သူ့ဘက်က ကြည့်ရင် အင်မတန် မှန်ပါသည်။ ဓားပြတွေလည်း သူ့နိုင်ငံသား မဟုတ်လား။ ဓားပြတိုက်ရုံမကလို့ တစ်ကမ္ဘာလုံး ပတ်သိမ်းဦးတော့ ၎င်းတို့ကို သူက ကာကွယ်ပေးရမှာ မဟုတ်ဘူးလား။ ဓားပြဒဏ် ခံလိုက်ရသော သင်္ဘောသားများမှာသာ ၀ဋ် ရှိသရွေ့ပေါ့။

အတွေ့ ကဏ္ဍ
ကျွန်ုပ်နှင့် လားလားမျှ မဆိုင်သော စာပေအခမ်းအနားတစ်ခု၌ ဖြစ်ပါသည်။ ရီကော်ဒါတစ်လုံးနှင့် အမျိုးသမီးတစ်ယောက် အင်တာဗျူးဖို့ ရောက်လာ၏။ အမှန်အတိုင်း ပြောရလျှင် ဘာမှ မဖြေချင်ပါ။ သူများတွေ အလုပ်ရှုပ်နေတာ ကြည့်ရင်းနဲ့ အားနာလို့ ချောင်မှာ ကပ်နေခဲ့ပါသည်။ သို့သော် ၀ဋ် ရှိသရွေ့ပေါ့။

မေး - အခွေမထွက်တာ ကြာပြီနော်။
ဖြေ - မကြာပါဘူး။ Telepunk ထွက်ထားတာ တစ်လပဲ ရှိသေးတယ်။
မေး - အနုပညာလှုပ်ရှားမှု ဘာရှိလဲ။
ဖြေ - ဘာမှ မရှိပါဘူး။ လောလောဆယ်။
မေး - လူမှုရေး လှုပ်ရှားမှုတွေရော။
ဖြေ - ကျွန်တော့်သမီး နေမကောင်းလို့ အလုပ်ရှုပ်နေတာနဲ့ ဘာမှ မလုပ်ဖြစ်ပါဘူး။
မေး - (ချက်ချင်းပင်) ဒါဆို ဖခင်တစ်ယောက်ရဲ့ မေတ္တာအကြောင်း…။
ဖြေ - …………..။

ရန်ကုန်တွင် ကျွန်ုပ်အတွေ့ချင်ဆုံးမှာ "စေတနာ" နှင့် "ဟာသ" ပင် ဖြစ်ပါသည်။ အစစ် ဖြစ်ဖို့တော့ လိုပါသည်။

လူ အစစ်တွေဆီက အတုတွေ ထွက်ထွက် ကျနေတာ သေဖို့သာ ကောင်းတော့သည်။

(၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလထုတ် သရဖူ မဂ္ဂဇင်း အမှတ် ၁၄၇ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics