Wednesday, January 20, 2010

ကျေးဇူးတင်စရာကောင်းသည်၊ အပြစ်တင်စရာကောင်းသည် - ပါမောက္ခ ဦးသံစစ် (အသည်းအထူးကု)


အသည်းအသန်ဖြစ်ပြီး ကျန်းမာလာတယ်ဆိုရင် ပျောက်ကင်းအောင် ကုသပေးတဲ့လူကို ကျေးဇူးတင်ရမှာပေါ့။ ပျောက်ကင်းအောင် ကုမပေးနိုင်ဘူးဆိုရင်ရော ဘယ်လိုပြောမလဲ။ မပျောက်သည့်တိုင်အောင် မကျန်းမာစဉ်ကာလမှာ ဂရုတစိုက်စောင့်ရှောက်ပေးတယ်ဆိုရင် ကျေးဇူးတင်ရမှာပဲပေါ့။ ဂရုတစိုက်စောင့်ရှောက်မပေးဘူးဆိုရင်တော့ ကျေးဇူးမတင်ဘူးပေါ့။ ဂရုတစိုက်စောင့်ရှောက်မပေးဘူးလို့ ထင်ရင်ရော ကျေးဇူးတင်မှာလား။ လူနာဆောင်ကြီးတစ်ခုလုံးဟာ လူနာ ၄၀၊ ၅၀ ရှိတယ်ဆိုရင် နေ့စဉ်တစ်ကြိမ်ကြည့်ဖို့ မနည်းကြိုးစားရမယ်။ နှစ်ကြိမ်၊ သုံးကြိမ်တော့ ဘယ်နည်းနှင့်မှ မကြည့်နိုင်ဘူး။ သင်ကြားရေးလုပ်ငန်း၊ စာမေးပွဲစစ်တဲ့လုပ်ငန်း၊ Procedure ခေါ်တဲ့ ကုသရေးလုပ်ငန်းတွေလုပ်ရတဲ့ အချိန်တွေလည်း ရှိသေးတယ်။ အသည်းအသန်ဖြစ်နေတဲ့ လူနာတွေဆိုရင်တော့ နှစ်ခေါက်တန်သည်၊ သုံးခေါက်တန်သည် ကြည့်ဖို့ကြိုးစားရတယ်။

ပထမလက်ထောက်တွေရဲ့ အဆင့်ဆင့်တင်ပြချက်ကို နားထောင်ရတယ်။ လုပ်ကိုင်ရမယ့်အလုပ်တွေကို ထပ်ဆင့်ခွဲဝေပေးရတယ်။ ဒီလိုလုပ်တဲ့အခါမှာ ဘယ်သူကိုယ်တိုင်လာကြည့်ပါ၊ ဘယ်ဝါကိုယ်တိုင်လာကြည့်ပါဆိုတဲ့ တောင်းဆိုမှုမျိုးရှိလာရင် ကိုယ်ခွဲတဲ့ ပညာမရှိတော့ ခက်နေတယ်။ စာမေးပွဲစစ်မှာက ၈ နာရီကို စစ်မယ်။ သက်ဆိုင်ရာ ပါမောက္ခက ၈ နာရီရောက်ဖို့ အရေးကြီးကြောင်း၊ ယခုစစ်နေတဲ့ OSCE ဆိုတဲ့ System ဟာ ပတ်ပတ်လည်အချိန်အတိအကျ စစ်ရတာဖြစ်တဲ့အတွက် အချိန်မီရောက်ဖို့လိုကြောင်း၊ ရှင်းလင်းပြောပြထားတယ်။ မနက်စောစောစီးစီး လူနာအသည်းအသန်ဖြစ်လို့ စာမေးပွဲမသွားခင် တစ်ချက်ဝင်ကြည့်ပေးပါဆိုရင် အချိန်လုပြီး ကြည့်ပေးရမယ်။ လူနာရှင်ရဲ့ ရှည်လျားထွေပြားတဲ့ မေးခွန်းကို အလုံးစုံမဖြေနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ဘူး။ လုံးဝလာမကြည့်ဘဲ ရှောင်ရှားခဲ့ရင် သူရဲ့ ရှည်လျားတဲ့မေးခွန်းတွေ မဖြေလို့ မကျေနပ်မှုမျိုး ဖြစ်မှာမဟုတ်ဘူး။ ဖြေပြီးသားမေးခွန်းကို ထပ်တလဲလဲ ဖြေရမှာမျိုးနဲ့လည်း မကြုံရတော့ဘူး။ မေးခွန်းရှည်ရှည် မဖြေတဲ့အတွက် ကျေးဇူးတင်မှာလား၊ အပြစ်တင်မှာလား။ အန္တရာယ်များတဲ့ ခွဲစိတ်မှုဖြစ်စေ၊ Procedure ခေါ်တဲ့ ဆောင်ရွက်မှုဖြစ်စေ ကောင်းကောင်း အောင်အောင်မြင်မြင် ဆောင်ရွက်ပေးခဲ့တယ်။ အဲဒီနေ့ ညနေမှာပဲ မပျက်မကွက် အစည်းအဝေးတက်ပါဆိုပြီး တခြားမြို့တစ်မြို့ကို ခေါ်တယ်ဆိုရင် နောက်တစ်နေ့ လာမကြည့်တဲ့အတွက် အပြစ်တင်စရာ ဖြစ်မနေဘူးလား။

ပညာရေးအဖွဲ့အစည်းအဝေးအလယ်မှာ လူနာအရေးကြီးလို့ ဖုန်းဝင်လာမယ်။ လူနာရှင်က လာကြည့်စေချင်ပါသတဲ့။ ဖုန်းနဲ့ ညွှန်ကြားမှုကို လက်ခံနိုင်ပါ့မလား။ စာမေးပွဲစစ်တဲ့အလယ်မှာ ဖုန်းဝင်လာပြီး လူနာအရေးကြီးတဲ့အတွက် လူနာရှင်က လာကြည့်စေချင်တယ်။ ကိုယ်က ဖုန်းညွှန်းကြားမှုပဲ ပေးနိုင်တယ်။ ကုသမှုက မကယ်တင်နိုင်ဘူးဆိုရင်ရော အပြစ်တင်စရာ မကောင်းပေဘူးလား။ ကိုယ်ကိုယ်တိုင် လာရောက်ဖို့ ကြိုးစားတယ်။ လမ်းတစ်လျှောက်မှာ ကားခေါင်မိုးပေါ်က မီးနီလေးတင်ပြီး "တီ…တီ…တီ" နဲ့ သွားလို့မရဘူး။ မီးပွိုင့်မှာ တစ်နေတယ်။ စိတ်လောရုံသာ လောလို့ရတယ်။ ကားပါကင်မှာ တစ်နေတယ်။ ဓာတ်လှေကားမှာ တစ်နေတယ်။ အချိန်မီရောက်လာပေမယ့် ကုထုံးက အချိန်မမီဘူးဆိုရင်ရော အပြစ်တင်မလား၊ ကျေးဇူးတင်မလား။ အရေးကြီးကိစ္စရှိတဲ့အတွက် အားလုံး Stand By ခေါ်တဲ့ ကိစ္စမျိုးပေါ်လာရင် လာကြည့်ချင်ပေမယ့် လာကြည့်လို့မရဘူး။ ဖုန်းညွှန်ကြားချက်ပဲ ပေးလို့ရတယ်။

မိုဘိုင်းလ်ဖုန်းလေးတွေက ကျေးဇူးတင်စရာကောင်းတယ်။ ဘယ်နားမှာပဲနေနေ လူကိုရအောင်၊ သိအောင် လိုက်နိုင်တယ်။ ဆက်ရင်းပြတ်တယ်။။ ကောင်းကောင်းမကြားရဘူး။ ပြန်ဆက် ပြန်ပြော၊ ပြန်ဆက် ပြန်ပြောနဲ့ အချိန်ကုန်သွားလို့ အချိန်မမီရင်ရော ကျေးဇူးတင်မှာလား၊ အပြစ်တင်မှာလား။ ကိုယ်တစ်ယောက်တည်း စဉ်းစားတဲ့အခါမှာ လွဲသွားနိုင်၊ လွတ်သွားနိုင်တဲ့အတွက် Second Opnion ခေါ်တဲ့ ထင်မြင်ချက်ကိုယူရင် ပုဂ္ဂလိကဆေးကုသဆေးခန်းမှာ ငွေကြေးကုန်ကျများတဲ့အတွက် ကျေးဇူးတင်မှာလား၊ အပြစ်တင်မှာလား။ တိုင်ပင်ပြီးရင် သူပေးတဲ့ဆေး ကိုယ်ကလွယ်လွယ်နဲ့ ဖြုတ်မရနဲ့ ဆေးဖိုးတွေတက်နေရင် ဘယလိုလဲ။ ကျေးဇူးတင်မှာလား၊ အပြစ်တင်မှာလား။ သွားခါနီးလာခါနီးမှာ "ဆရာရယ်… ဖြစ်အောင် လုပ်ပေးခဲ့ပါဦး" လို့ ပြောခဲ့လို့ ကိုယ့်ကိုအားကိုးတဲ့ လူတစ်ယောက်ကို မငြင်းပယ်ချင်လို့ အန္တရာယ်လည်း မရှိလောက်ဘူးထင်လို့ ကြိုးစားလုပ်ကိုင်ပေးခဲ့ပြီး အန္တရာယ်ကျရောက်လာရင် ကျေးဇူးတင်မှာလား၊ အပြစ်တင်မှာလား။ မရှိ,ရှိတာလေးနဲ့ မဖြစ်,ဖြစ်အောင်လုပ်တဲ့အခါ ကောင်းတာလေးတွေရှိခဲ့လို့ ကျေးဇူးတင်မဆုံးရှိတာလို၊ အလွဲအချော်ဖြစ်သွားရင် ငြိုငြင်ခံရတာမျိုးလည်း ရှိမှာပဲ။

အပြစ်တင်မခံရအောင်လို့ Investigation (စမ်းသပ်စစ်ဆေးမှု)တွေ များနိုင်သမျှ များများလုပ်မယ်။ လူနာရော ဆရာပါ လုံခြုံမယ်။ စရိတ်စကတက်လာရင် ကျေးဇူးတင်ရမှာလား၊ အပြစ်တင်မှာလား။ ဇဝေဇ၀ါဖြစ်နေတဲ့ စမ်းသပ်မှုတစ်ခုကြောင့် မသေအချာဖြစ်နေတာတစ်ခုကို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ပြီး ကုသပေးလိုက်လို့ အောင်မြင်ရင် ကျေးဇူးတင်မှာလား၊ မရေရာတဲ့အဖြေကို အမှီပြုတဲ့ဆုံးဖြတ်ချက်ကြောင့် အပြစ်တင်မှာလား။ သေချာအောင် နောက်တစ်ခါပြန်စမ်းခိုင်းရင် ငွေကုန်ကြေးကျများတဲ့အတွက် ကျေးဇူးတင်မှာလား၊ အပြစ်တင်မှာလား။ တကယ်တော့ ကျေးဇူးတင်စရာကောင်းတာတွေ၊ အပြစ်တင်စရာကောင်းတာတွေ အများကြီး ကျန်နေပါသေးတယ်။

"ကျန်းမာရွှင်လန်းကြပါစေ"
ပါမောက္ခဦးသံစစ် (အသည်းအထူးကု)

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics