Wednesday, January 20, 2010

ရွေးကောက်ပွဲစနစ်နှင့် DUVERGER’S LAW - အောင်ထွဋ်


မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရွေးကောက်ပွဲတစ်ရပ်ကို မြင်တွေ့ကြရတော့မည့် ဖြစ်သည်။ ထိုရွေးကောက်ပွဲနေ့တွင် ပြည်သူလူထုသည် အနည်းဆုံး မဲပုံး သုံးပုံးထည့်၍ ကိုယ်စားလှယ်သုံးဦး ရွေးချယ်ပေးကြရပါလိမ့်မည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ ဖြစ်သည်။

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအများအပြား ပေါ်ပေါက်ဖွယ်ရှိ၊ မရှိ၊ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီအရေအတွက်ကို ကန့်သတ်သင့်၊ မသင့် စသည်ဖြင့် ဆွေးနွေးမှုအချို့ ရှိသော်လည်း နိုင်ငံရေးသိပ္ပံသီအိုရီများအရ ပြောရလျှင် ရွေးကောက်ပွဲအပြီးတွင် ပါတီကြီးနှစ်ခုသာ အဓိကအားဖြင့် ကျန်ခဲ့မည်ဟု ပြောနိုင်ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ရွေးကောက်ပွဲနည်းစနစ်ကြောင့် နိုင်ငံရေးပါတီအကြီးစားဟု ပြောရမည့် ပါတီနှစ်ခု ကျန်ခဲ့လိမ့်မည်ဆိုသော သဘောဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလေ့ရှိသော ရွေးကောက်ပွဲနည်းစနစ်မှာ ဗြိတိသျှတို့၏ နည်းစနစ်ဖြစ်သည့် First Past The Post စနစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအားလုံးကို အဆိုပါနည်းစနစ်ဖြင့်သာ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါနည်းမှာ သတ်မှတ်ထားသော မဲဆန္ဒနယ်တစ်နယ်လျှင် တစ်ဦးသာ ရွေးပေးရသည့်စနစ်ဖြစ်၍ Single Member District ခေါ်သည့်စနစ် ဖြစ်သည်။ ဥပမာအားဖြင့်ပြောရလျှင် ယခုအခြေခံဥပဒေသစ်အရ ပေါ်ပေါက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ကို တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်ခုအဖြစ် သတ်မှတ်၍ တစ်ဦးရွေးပေးရခြင်းဖြစ်သည်။ မဲဆန္ဒနယ်တစ်နယ်လျှင် တစ်ဦးသာ ရွေးချယ်ပေးရခြင်းဖြစ်၍ "နိုင်သူအကုန်ယူသွားသည်" ဆိုသော Winner takes all စနစ်ဖြစ်သည်။ အနိုင်ရသူအမတ်နှင့် တစ်မဲအကွာထိ ပွတ်ကာသီကာလိုက်နိုင်ခဲ့သူ အမတ်လောင်းသည် အဆုံးတွင် သုညဖြစ်သွားသည်ဆိုသည့် သဘောလည်းဖြစ်သည်။

အဆိုပါ First Past The Post စနစ်သည် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်ကာလများအတွင်း ရွေးကောက်ပွဲရလဒ်များကို သုတေသနပြုထားချက်များအရ ပါတီကြီးနှစ်ခု အဓိကပုသဏ္ဌာန် ရွေးကောက်ပွဲရလဒ်များကို ပေါ်ထွက်စေသည်ဟု ပြင်သစ်လူမျိုး လူမှုသိပ္ပံပညာရှင် Maurice Duverger က သက်သေပြခဲ့သောကြောင့် DUVERGER'S LAW ဟု ခေါ်သည်။ အထူးသဖြင့် ပြည်ထောင်စုသဘောကို မဆောင်သည့်နိုင်ငံများတွင် နှစ်ပါတီပုံသဏ္ဌာန်ကို ဖြစ်စေသည်ဟု သက်သေထူခဲ့သည်။

မဲဆန္ဒနယ်တစ်နယ်လျှင် တစ်ဦးသာရွေးချယ်မြှောက်ခြင်းဖြစ်၍ ရေပန်းအစားဆုံး ပါတီကြီးနှစ်ခုနောက်က ကပ်လိုက်နေသော တတိယပါတီသည် တစ်နယ်လျှင် တစ်ဦးသာရွေးချယ်သည့် စနစ်ထဲတွင် ကံအားလျော်စွာ ရှေ့ပါတီကြီးနှစ်ခုကို ကျော်တက်၍ မဲဆန္ဒနယ်အတော်များများ အနိုင်ရရန် ခက်ခဲသည်ဆိုသည့်သဘော ဖြစ်သည်။ နောက်ပိုင်း သုတေသနပြုမှုများအရ First Past The Post စနစ်သည် ရွေးကောက်ပွဲတွင် ပါတီမည်မျှ ယှဉ်ပြိုင်ကြစေကာမူ အဆုံးတွင် အဓိကအားဖြင့် ပါတီကြီးနှစ်ခုနှင့် ပါတီငယ်တစ်ခုသာ ကျန်ရှိခဲ့လိမ့်မည်ဟု ယေဘုယျအားဖြင့် ပညာရှင်များက လက်ခံထားကြပါသည်။ ကျန်အနိုင်ရပါတီများသည် တစ်သီးပုဂ္ဂလများကဲ့သို့ တစ်ဦးစ၊ နှစ်ဦးစသာ ဖြစ်မည်ဟု ဆိုသည်။

ပြည်ထောင်စုသဘောဆောင်သည့် နိုင်ငံများ၊ ဥပမာအားဖြင့် အိန္ဒိယကဲ့သို့ နိုင်ငံများတွင် ဒေသန္တရပါတီများ ရှိနေသည့်အတွက် First Past The Post ရွေးကောက်ပွဲစနစ်ကို အသုံးပြုသည့်တိုင် အဓိကပါတီနှင့် ပါတီငယ်များ ပေါ်ပေါက်လာသည့်အတွက် DUVERGER'S LAW အပြည့်အ၀မမှန်သည့် နိုင်ငံအဖြစ် ပညာရှင်များက သက်သေထူဖူးသည်။ သို့တိုင်အောင် အဓိကနှစ်ပါတီ ပုသဏ္ဌာန်မှာမူ မှန်ကန်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော နောက်ဆုံးရွေးကောက်ပွဲတွင်လည်း အဓိကနှစ်ပါတီပုံသဏ္ဌာန်ဖြင့် ပုံပေါ်လာခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။

First Past The Post ရွေးကောက်ပွဲစနစ်၏ အနက်အဓိပ္ပါယ်ကို ကောက်ယူနိုင်ပါလျှင် မြန်မာနိုင်ငံတွင် အသစ်ပေါ်ပေါက်မေည့် နိုင်ငံရေးပါတီများအတွက် စဉ်းစားစရာများစွာ ဖြစ်ပေလိမ့်မည်။ အဓိကနှစ်ပါတီပုံသဏ္ဌာန် ပေါ်ပေါက်မည်မှာ သက်သေထူပြီးဖြစ်သည့် ဥပဒေသ သဖွယ်ဖြစ်နေရာ နိုင်ငံရေးပါတီကြီးနှစ်ခု ရှိနေပြီးဖြစ်လျှင် ကျန်နိုင်ငံရေးပါတီတို့အတွက် ရွေးကောက်ပွဲစနစ် သီအိုရီအရ မျှော်လင့်ချက် သို့မဟုတ် Vacancy သိပ်မရှိတော့သည့် သဘောဖြစ်သည်။ ဆိုလိုသည်မှာ အဓိကနိုင်ငံရေးပါတီသစ်များလည်း ကိုယ့်တန်ဖိုးကိုယ် ခန့်မှန်းနိုင်ရေးပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေသစ်သည် ယခင်ပါလီမန်ဒီမိုကရေစီ စနစ်နှင့်မတူဘဲ သမ္မတစနစ်ကို ကျင့်သုံးထားရာ ရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရပါတီသည် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်သည့်သဘော မဟုတ်ပေ။ သို့သော် တစ်ဖက်တွင် နိုင်ငံတော်သမ္မတလောင်း သုံးဦးအနက် တစ်ဦးကို မဲပေးရွေးချယ်ရမည့် Presidential Electoral College သည် လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ဖြစ်နေပြန်ရာ သမ္မတရွေးချယ်ရေး မဲပေးရာတွင် လွှတ်တော်အပေါ်၌ မဲအများဆုံးရထားသည့် ပါတီ၏ မဲဆန္ဒများက အရေးကြီးပြန်ပါသည်။ တစ်နည်းအားဖြင့် မဲအများဆုံးရသည့်ပါတီသည် အစိုးရဖွဲ့ခွင့် မရှိသော်လည်း သမ္မတကို ရွေးချယ်ရာတွင် အဆုံးအဖြတ်ပေးသူများ ဖြစ်နေသည်ကို တွေ့ရမည်။ တစ်ဖန် သမ္မတသည် အစိုးရအဖွဲ့ကို ဖွဲ့စည်းရန် ဆုံးဖြတ်သူဖြစ်နေရာ သမ္မတရွေးချယ်ရာတွင် အခရာကျသူများသည် အစိုးရအဖွဲ့ဖွဲ့ရန် အခရာကျသည့်သဘော ဖြစ်နေပါသည်။

ထို့ကြောင့် ရွေးကောက်ပွဲနည်းစနစ်ကို နားလည်နိုင်ရေးနှင့် အခြေခံဥပဒေ၏ လျှို့ဝှက်ချက်များကို သဘောပေါက်နိုင်ရေးသည် အထူးအရေးကြီးသည်ဟု ဆိုနိုင်ပေသည်။

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics