Wednesday, January 20, 2010

မျက်နှာစာနှင့် သော့ချက် - မောင်စူးစမ်း


ပဉ္စလက်နံပါတ်
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကား အခိုင်အမာ အသေအချာဖြစ်တော့မည်ဟု ယူဆနိုင်ပြီ။ သက်ဆိုင်ရာမှ ရွေးကောက်ပွဲဥပဒေနှင့် နိုင်ငံရေးပါတီများဥပဒေ မထွက်သေးသဖြင့် အချို့က အချိန်ကိုစောင့်သည်။ အချို့က ရွေးကောက်ပွဲ အသေအချာဖြစ်မည်ကို ယုံကြည်၍ ကြိုတင်ပြင်ဆင်နေသည်။ သို့ဖြင့် ရှဲဒိုးတွေ နိမိတ်သင်္ကေတတွေ စတင်တွေ့ရှိနေရပြီ။

ထုံးစံအတိုင်း ရွေးကောက်ပွဲအကြိုတွင် မှန်းခြေဂိမ်းက ရေပန်းစားသည်။ မျက်နှာစာတွေရှာသည်။ သင်္ကေတတွေဖွဲ့သည်။ နိမိတ်လက္ခဏာတွေဖတ်သည်။ နှိုင်းယှဉ်လေ့လာမှုတွေ ပြုသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အာဏာရပါတီ (Ruliny Party) ဟူ၍ မရှိပေ။ ရွေးကောက်ပွဲဝင်သော နိုင်ငံရေးပါတီတို့၌ မည်သည့်ပါတီမှ အာဏာမရှိကြပေ။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အာဏာရပါတီမဲ့ ရွေးကောက်ပွဲဟု ဆိုနိုင်သည်။

အာဏာရစာမျက်နှာ
ယခု ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အာဏာရပါတီသဘော ရှဲဒိုးဖြစ်စေ၊ Proxy ကိုယ်စားလှယ်ဖြစ်စေ ရှိ၊ မရှိ တွက်ကြည့်ကြသည်။ နိုင်ငံရေးပါတီတို့၏ မျက်နှာစာကို မှန်းဆရခြင်းထက် အာဏာရမျက်နှာစာကို မှန်းဆခြင်းက ပို၍ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်သည်။ အာဏာရပါတီသည် မည်သည့်ပုံသဏ္ဍာန်ဖြင့် ပေါ်မည်နည်းဟု စောင့်ကြည့်ခြင်းဖြစ်သည်။

ဒုတိယကတိက၀တ်
တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုံသဏ္ဍာန်ပေါ်မည်။ ဤမျှနှင့်ပင် လုံလောက်ပြီဟု ယူဆပြီး ရွေးကောက်ပွဲတွင် အာဏာရပါတီ သို့မဟုတ် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်တို့ကို မွေးထုတ်ခြင်းမပြုဘဲ နေမည်လော။ သို့တည်းမဟုတ် မလုံလောက်ဟုယူဆ၍ စပွန်စာထောက်ခံသော နိုင်ငံရေးအင်အားစုတို့ကို မွေးထုတ်မည်လားဆိုသော ပုစ္ဆာသည် စိတ်ဝင်စားစရာ ဖြစ်လာသည်။ မှန်းဆချက်အမျိုးမျိုးလည်း ပြုလုပ်နေကြသည်။ ယင်းအချက်မှာ မဆန်းပေ။ စနစ်သစ်တစ်ခုသို့ အကူးအပြောင်းတွင် အလားအလာမျိုးစုံကို မှန်းဆတွက်ကြည့်သောဂိမ်း Game of Speculation သည် ရေပန်းစားစမြဲဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်မတူဘဲ အာဏာရနှင့် အာဏာမဲ့တို့ ယှဉ်ပြိုင်ပွဲ ဖြစ်ပါလိမ့်မည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကမူ အာဏာမဲ့ချင်း ယှဉ်ပြိုင်ပွဲ ဖြစ်ခဲ့သည်။ ယခုယှဉ်ပြိုင်ပွဲသစ်၏ ရလဒ်သည်ပင်လျှင် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပုံသဏ္ဍာန်ကို ပုံလောင်းလိမ့်မည်ဟု မှန်းဆရသည်။ တပ်မတော်၏ ပါဝင်ပတ်သက်မှုကို ပေါ်ပေါက်မည့်လွှတ်တော်တို့က တစ်မျိုးတစ်မည် ဆုံးဖြတ်လျှင် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို တပ်မတော်မှ လိုက်နာမည်ဟု ကတိက၀တ် ပြုထားသည်ကိုလည်း သတိချပ်အပ်သည်။

သော့ချက်
နိုင်ငံရေးတွင် တရားသေပုံသေကိုင်လွန်းလျှင် စင်ကျိုးတတ်သည့် သင်ခန်းစာလည်း ရှိခဲ့ဖူးပြီဖြစ်၍ ယခုကဲ့သို့ ကတိက၀တ်ပြုသည်မှာ အမြော်အမြင်ကြီးသည်ဟု ဆိုရမည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် လမ်းပြမြေပုံမစ်ရှင်၏ နောက်ဆုံးအဆင့်လည်းဖြစ်၊ အုပ်စိုးသူတပ်မတော်အတွက် မဟာဗျူဟာထွက်ပေါက် Strategic Exit လည်းဖြစ်၊ နိုင်ငံရေးစနစ်သစ် ပေါ်ပေါက်မည့်နေ့လည်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲသည် အရာအားလုံးအတွက် သော့ချက်ဖြစ်အံ့ဟု ယူဆရသည်။

အညွှန်း - ကြေးမုံ

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆ အမှတ် ၃ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics