အခါတစ်ပါးက မိဘများ ကွယ်လွန်သွားသောကြောင့် လက်ငုတ်လက်ရင်းအဖြစ်ကျန်ခဲ့သော လယ်မြေတစ်ကွက်နှင့် ပတ်သက်၍ အစ်ကိုကြီးဖြစ်သူ A နှင့် နှမဖြစ်သူ B တို့ ပြဿနာဖြစ်ကြသည်။ အစ်ကိုကြီးဖြစ်သူမှာ အဆိုပါမြေကွက်ပေါ်တွင် လက်ရှိလယ်လုပ်နေသူဖြစ်ပြီး နှမဖြစ်သူမှာ အဝေးရောက်နေသူဖြစ်၍ လယ်မြေလက်လွတ် ဖြစ်နေသည်။ ထို့ကြောင့် နှမဖြစ်သူက နှစ်ဖက်ညှိနှိုင်းရန် ပြောဆိုသည်။
နှစ်ဖက်ညှိနှိုင်းရေးကိစ္စကို ဇယားချကြည့်သောအခါ အောက်ပါအတိုင်း ရရှိမည်ဖြစ်သည်။
အစ်ကိုကြီး A | နှမ B |
၁။ လက်ရှိအဆင်ပြေနေသည်။ | ၁။ လက်ရှိအဆင်မပြေ။ |
၂။ နှစ်ဖက်ညှိနှိုင်းခြင်းကြောင့် ရရှိသော မည်သည့်ရလဒ်မဆို လက်ငင်းအကျိုးစီးပွား ယုတ်လျော့မည်။ | ၂။ နှစ်ဖက်ညှိနှိုင်းခြင်းကြောင့် ရရှိသော မည်သည့်ရလဒ်မဆို လက်ငင်းအကျိုးစီးပွား ပိုမိုဖို့သာရှိသည်။ |
၃။ ရေရှည်တွင်မူ နှစ်ဖက်သာတူညီမျှ အကျိုးစီးပွားဖြစ်ထွန်းမည်။ | ၃။ ရေရှည်တွင်မူ နှစ်ဖက်သာတူညီမျှ အကျိုးစီးပွားဖြစ်ထွန်းမည်။ |
ဤအခြေအနေကို လေ့လာကြည့်ပါက မည်သူက နှစ်ဖက်ညှိနှိုင်းရန် လိုလားမည်ဆိုသည်မှာ ရှင်းပါသည်။ အစ်ကိုဖြစ်သူမှာ ညှိနှိုင်းခြင်းမှ လက်ငင်းအကျိုးစီးပွား ယုတ်လျော့ဖို့သာရှိရာ မညှိနှိုင်းလျှင် အကောင်းဆုံးဖြစ်သည်။ Negotiation သီအိုရီများအရလည်း မည်သည့် Gain မျှ မရှိလျှင် မညှိနှိုင်းကောင်းဆိုသည်။ ထို့ကြောင့် ယခုညှိနှိုင်းရေးတွင် မည်သူက မည်သူ့ကို ဆွဲဆောင်ရမည်ဆိုသောအချက်မှာ ရှင်းပါသည်။
ဤနေရာတွင် ဘေးလူ C ပေါ်လာသည်ဆိုပါစို့။ C သည် အဖြေထွက်စေလိုသောသူဖြစ်သောကြောင့် ကြားမှနေ၍ တစ်ခုဝင်ပြောမည်ဆိုပါက မည်သူ့ကို မည်သို့ဖျောင်းဖျမည်နည်းဟု စဉ်းစားကြည့်ပါ။
C အနေဖြင့် အစ်ကိုကြီး A ကို ပြောနိုင်သည်မှာ ရေရှည်အကျိုးစီးပွားကို ကြည့်ပါဟူ၍ ဖြစ်ပါလိမ့်မည်။ သို့သော် ဤကိစ္စသည် လက်ငင်းအကျိုးစီးပွားကိစ္စမဟုတ်၍ Sexy မဖြစ်လှပေ။ တစ်နည်းအားဖြင့် ထိရောက်မှုမရှိ။
C အနေဖြင့် နှ B ကို ပြောနိုင်သည်မှာ ခင်ဗျားသည် လက်ငင်းအကျိုးစီးပွား ဖြစ်ထွန်းမည့်သူဖြစ်၍ ခင်ဗျားက ညှိနှိုင်းမှုဖြစ်မြောက်အောင် ဆွဲဆောင်ရလိမ့်မည်။ ထို့ကြောင့် လက်အားလုံး ထုတ်ပြလိုက်ပါ။ လက်ငင်းအကျိုးစီးပွား ယုတ်လျော့မှု မည်မျှအနည်းဆုံးဖြစ်စေရမည်ဟု ရှင်းအောင်ပြောလိုက်ပါဟု အကြံပေးရလိမ့်မည်။
C သည် ပုံပြင်ရေးသူသက်သက်ဖြစ်ခဲ့လျှင် အဖြေထွက်ရန် အရေးမကြီးသောကြောင့် လူကြားကောင်းရုံသက်သက် နှစ်ဖက်စလုံး လက်ထုတ်ပြပါဟု အကြံပေးပါလိမ့်မည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပုစ္ဆာတွင် နှမဖြစ်သူနှင့်တူသူ B အမျိုးအစားအချို့ (အချို့) က မိမိမည်သည့်နေရာတွင် ရပ်နေသည်၊ တွေ့ဆုံဆွေးနွေးရေးကို မိမိက တောင်းဆိုနေခြင်းဖြစ်၍ မိမိက ဆွဲဆောင်ရမည့်သူ ဖြစ်သည်ဆိုသောကိစ္စကို မေ့နေကြလေသည်။ ထိုသို့ မေ့လျော့နေသောကြောင့် ကြားက၀င်ပြောသူ C ၏ အကြံဉာဏ်ကို နားမထောင်ဘဲ ခင်ဗျားက A ဘက်ကလူပဲဟု ပြောပြန်လေသည်။
စာရေးသူ တက္ကသိုလ်တစ်ခုတွင် ဘွဲ့လွန်ဒီပလိုမာတန်း တက်ရောက်ခဲ့စဉ်အခါက စာသင်ခန်းတွင် အဆိုပြုချက် သို့မဟုတ် မှတ်ချက်တစ်ခုပြုတိုင်း ပါမောက္ခဖြစ်သူက မင်း ဘယ်ရှုထောင့်က ပြောသလဲဟု မေးလေ့ရှိပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဘယ်နေရာက ရပ်ပြောနေတာလဲဟု Positioning ကို မေးမြန်းခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပုစ္ဆာတွင် B ဘက်က ၀င်ပြောနေသူအချို့သည် မိမိဘယ်နေရာက ရပ်ပြောနေသလဲ၊ ဒီမိုကရေစီရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများကို တောင်းဆိုနေသူမှာ ဘယ်သူလဲ၊ ဘယ်သူက ဘယ်သူ့ကို ဆွဲဆောင်ရန် လိုအပ်တာလဲ ဆိုသည်များကို မေ့သွားကြလေ့ရှိသည်။ တစ်နည်းအားဖြင့် ပြောရလျှင် Positioning မလုပ်နိုင်ဘဲ ရှိကြသည်ကို တွေ့ရသည်။ (အားလုံးကို မဆိုလိုပါ) ဘယ်နေရာက ရပ်ပြောနေသလဲ အသေအချာမသိလျှင် အဖြေမှန်ကို စဉ်းစားရန်လည်း ခက်ခဲပါလိမ့်မည်။
ပြောရလျှင် ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးပုစ္ဆာသည် စနစ်ပြောင်းမည့်လားရာဆီသို့ စတင်ရွေ့လျားနေပြီဖြစ်သော်လည်း ထိုသို့ ရွေ့လျားခြင်းသည် B အမျိုးအစားများက မဟာဗျူဟာမြောက် ဆွဲဆောင်မှုကြောင့် ရွေ့လျားနေခြင်းမဟုတ်ပါ။ သူ့အကြောင်းသူရှိ၍ ရွေ့လျားနေခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ B များက B နေရာတွင် ရပ်နေကြောင်းသိခဲ့၍ ဆွဲဆောင်မှုလိုအပ်သည်ကို သိခဲ့လျှင် အခုထက် ပိုမိုခရီးပေါက်လိမ့်မည်ဆိုသောအချက် ဖြစ်ပေသည်။
(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၂ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment