Sunday, January 24, 2010

ဒီမိုကရေစီ သို့မဟုတ် ဓာတ်ပြောင်းအကွေ့အပြောင်း - မောင်စူးစမ်း


စီးပွားရေးနှင့် နိုင်ငံရေး
စီးပွားရေးလောကတွင် "အစုရှင်ဗဟိုပြုပုံစံ" Shareholder-Centric Model မှ "အကျိုးရှင်မျိုးစုံပုံစံ" Multi-Stakeholder Model သို့ ပြောင်းရွှေ့သွားသည်။ အကျိုးရှင်ဆိုသည်မှာ အလုပ်သမားရင်းနှီးမြှုပ်နှံသူ၊ ဖောက်သည်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် အခြားသက်ဆိုင်ရာတို့ကို ရည်ညွှန်းသည်။ နိုင်ငံရေးလောကတွင်လည်း အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့သည်။

ဤအပြောင်းအလဲတို့ မဖြစ်ပွားမီ အလှည့်အပြောင်းဖြစ်စေရန် ကွေ့တစ်ခုခုကို ကြုံကြရသည်။ ရွေးကောက်ပွဲတို့သည် ယေဘုယျအားဖြင့် အလှည့်အပြောင်းဖြစ်စေမည့် ပွိုင့်ပင်ဖြစ်သည်။ ဤပွိုင့်ရောက်လျှင် သက်ဆိုင်ရာပလေရာတို့သည် ခုန်ကူးတတ်ကြရမည်။ ယခုပညာရှင်တို့က ခေတ်ပြိုင်ကာလ၏ စီးပွားရေးပိုင်း ကူးပြောင်းပုံနှင့် နိုင်ငံရေးပိုင်းကူးပြောင်းပုံတို့ကို မျဉ်းပြိုင်ဆွဲကြည့်ကြသည်။

နည်းလမ်းငါးသွယ်
စီးပွားရေးပိုင်းတွင် ပုံစံသည် အထက်တွင်ရှင်းလင်းခဲ့သည့်အတိုင်း အစုရှင်ဗဟိုပြုမှ အကျိုးရှင်ဗဟိုပြုသို့ ပြောင်းရွှေ့လာသည်။ နိုင်ငံရေးပိုင်းတွင်မူ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းလာသည်။ စီးပွားရေးပိုင်းအကူးအပြောင်းနှင့် ပတ်သက်၍ နည်းလမ်းငါးသွယ်ဖြင့် ကူးပြောင်းနေကြသည်။ ၎င်းတို့မှာ-

(၁) စီမံအုပ်ချုပ်မှုစနစ်ကို ပြောင်းလဲသည်။ အစုရှင်အခွင့်အရေး ဘုတ်အဖွဲ့စည်းမျဉ်း - ဒါရိုက်တာတို့၏ တာဝန်ခံမှု၊ သင့်တင့်လျောက်ပတ်သော လစာသတ်မှတ်မှုတို့၌ တိုးတက်ကောင်းမွန်စေရန် အာရုံစိုက်သော စီမံအုပ်ချုပ်မှုစနစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။

(၂) စီးပွားရေးကျင့်ဝတ်သိက္ခာကို စီးပွားရေးမဟာဗျူဟာအဖြစ် ပြောင်းလဲသည်။

(၃) အကျိုးတူပါဝင်မှုတို့နှင့် ညှိနှိုင်းတိုင်ပင်သည်။

(၄) စည်းမျဉ်းကြီးကြပ်ကွပ်ကဲသူတို့နှင့် အကျိုးရှိရှိ ထိတွေ့ဆက်ဆံသည်။

(၅) အလုပ်သမားနှင့် ဖောက်သည်တို့ကို ဂရုစိုက်၍ ဆက်ဆံသည်။

သီလနှင့် အင်တာနက်
စီးပွားရေးပိုင်းတွင် ဆိုခဲ့သည့်အတိုင်း အပြောင်းအလဲတွေ လုပ်သည့်နည်းတူ နိုင်ငံရေးပိုင်းအတွက် မည်သို့သော ဆီလျော်သည့် အပြောင်းအလဲတွေ လုပ်သင့်သနည်းဟု ဆွေးနွေးကြသည်။ စီးပွားရေးပိုင်းမှ မူတွေအတိုင်း နိုင်ငံရေးပိုင်းတွင် စီမံပြောင်းလဲလို့ဖြစ်၊ မဖြစ် ဆွေးနွေးကြသည်။ ဤသို့ဆွေးနွေးရာတွင် ဒီမိုကရေစီသာလျှင် နိုင်ငံရေးလောကကို ပြုပြင်ပြောင်းလဲရန် နည်းလမ်းဖြစ်သည်ဟု ယူဆလာကြသည်။

သို့အားဖြင့် ဒီမိုကရေစီသည် (၁) ပြုပြင်ပြောင်းလဲရန် စံလည်ဖြစ်၊ (၂) မဟာဗျူဟာထွက်ပေါက် Strategic Exit လည်းဖြစ်၊ (၃) စပွန်ဆာတို့၏ မစ်ရှင် (Mission) အဆုံးပိုင်း ပွဲတော်လည်းဖြစ်သည်။ ဤနေရာ၌ Catalytic turning point ဆိုသော စကားရပ်ကို သုံးစွဲသည့် ဓာတ်ပြောင်း အကွေ့အပြောင်းကာလဟု အနက်ထွက်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ လောက်က ဂရိတွေးခေါ်ပညာရှင်ကြီး အရစ္စတိုတယ်လ်က "စင်ကြယ်သော အကျင့်သီလနှင့် ပျော်ရွှင်မှုတို့သည် လူသားဘ၀၏ အနှစ်သာရဖြစ်သည်" ဟု ပြောကြားခဲ့သည်။ ဤစကားကိုမှီ၍ စီးပွားရေး၌ ကျင့်ဝတ်သီလသည် အခြေခံ ဖြစ်ထိုက်သလို နိုင်ငံရေး၌ ဒီမိုကရေစီသည် အခြေခံဖြစ်ထိုက်သည်ဟု သုံးသပ်မှုရှိသည်။ အင်တာနက်တော်လှန်ရေးသည် မည်သည့်အရာမှ ဖုံးကွယ်လို့မရသဖြင့် စီးပွားရေးလောကတွင် သိသာမြင်သာမှုသည် အကျိုးဆက်ဖြစ်လာသည်။ နိုင်ငံရေးတွင် အင်တာနက်သည် ဒီမိုကရေစီကို မည်သို့ အကျိုးဖြစ်ထွန်းစေမလဲဟု မေးခွန်းထုတ်၍ ဆွေးနွေးနေကြသည်။

မောင်စူးစမ်း
အညွှန်း - NYT

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၂ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics