Sunday, January 03, 2010

ကြုံရဆုံရ ရှတတလေးတွေ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့အတွက် ၂၀၁၀ ခုနှစ် ဒိုင်ယာရီစာအုပ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မ၀ယ်လိုက်မိဘူး။ ရေးစရာမလိုသေးတဲ့အတွက် နောက်နေ့မှ ၀ယ်မယ်လို့ တေးထားလိုက်ပါတယ်။ ဇန်န၀ါရီလ ၁ ရက်နေ့ မနေ့ကတော့ ၀ယ်မှကိုဖြစ်တော့မှာမို့ သွားဝယ်ရတာပေါ့။ အဲဒီမှာ ရှတတလေးကို ကြုံခဲ့ရတာပါ။ တချို့များက ကျွန်တော်ပြောရင် ဟုတ်ရောဟုတ်လို့လားဆိုပြီး မေးတတ်ကြလို့ ကျွန်တော်က ဒီတစ်ခါတော့ နာမည်ပါ ထည့်ရေးလိုက်ပါသဗျာ။ ကျွန်တော်တို့မြို့လေးက "ဟိန်းဟိန်း"စတိုးကို သွားပါတယ်။ ဒီမြို့လေးမှာတော့ အကြီးဆုံးလို့ ဆိုလို့ရပါတယ်။ ပစ္စည်းလည်း အတော်လေးစုံပါတယ်။ မြန်မာဗီဒီယိုဇာတ်ကားအတော်များများမှာ ဒီမြို့လေးမှာရိုက်လို့ ဈေးဝယ်တဲ့အခန်းရိုက်ရင် ဒီစတိုးဆိုင်မှာပဲ ရိုက်ကြတာပါ။ အဲဒီလောက်အထိ နာမည်ကြီးပါတယ်။ ၂၀၁၀ ဒိုင်ယာရီစာအုပ် လိုချင်လို့ပါဆိုတော့ အရောင်းဝန်ထမ်းအမျိုးလေးက "ဆောရီးပဲ… ၂၀၁၀ ဒိုင်ယာရီစာအုပ်က မှာထားတာ မရောက်သေးဘူး၊ နောက်နေ့မှ ပြန်လာခဲ့ပါရှင်" တဲ့။ ဘုရားရေ… ကျွန်တော့်ကို နောက်နေတာများလား။ သေချာအောင် ထပ်မေးပါတယ်။ ၂၀၁၀ ဒိုင်ယာရီစာအုပ်ကိုပြောတာနော်လို့။ အဲဒီကောင်မလေးကလည်း ဟုတ်ပါတယ်တဲ့။ မနက်ဖြန်လောက်ဆိုရင်တော့ ရောက်နိုင်ပါတယ်တဲ့။ ကျွန်တော် အတော်လေးကို အံ့သြသွားတယ်။ ဒါနဲ့ သေချာအောင် ထပ်မေးတယ်။ ၂၀၁၀ ဒိုင်ယာရီစာအုပ်က ရောင်းကောင်းလို့ ကုန်သွားတာလား၊ အဲဒါကြောင့် ထပ်မှာထားတာလားလို့ပေါ့။ ဘာဖြေတယ်မှတ်လဲ… မဟုတ်ပါဘူးတဲ့။ အခုမှ တင်ရမှာမို့ပါတဲ့။ ကောင်းရောဗျာ။ ၂၀၁၀ ခုနှစ် ဒိုင်ယာရီစာအုပ်ကို ဇန်န၀ါရီလ ၁ ရက်နေ့အထိ ရောင်းဖို့မတင်နိုင်သေးဘူးတဲ့။ ကျွန်တော် အတော်လေးကို စိတ်ပျက်သွားမိတာ ၀န်ခံပါတယ်။ ဘာမှကို ပြောချင်စိတ်၊ မေးချင်စိတ် မရှိတော့လောက်အောင်ပါပဲ။ အဖေ့စကားကြီးက နားထဲကို ၀င်ဝင်လာတယ်။ "တတ်လို့လုပ်စားကြတာမဟုတ်ဘူး၊ ငတ်လို့လုပ်စားကြတာ"တဲ့။ အဖေရေ… တတ်လို့မဟုတ်ဘူး၊ ပိုက်ဆံရှိလို့ လုပ်စားနေကြတာတွေက အတော်လေးများနေပြီဗျ။

(၂)
ကျွန်တော်က မြန်မာရုပ်ရှင်ဝါသနာပါတော့ ရုပ်ရှင်ရုံမှာ ဇာတ်ကားသစ်တင်တိုင်းနီးပါး သွားကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်အမြဲတစေကြုံရပြီး စိတ်ညစ်ရ၊ စိတ်တိုရတာတစ်ခုကတော့ နိုင်ငံတော်အလံကို အလေးပြုတဲ့အချိန်ပါ။ ဒီအလံလေးဟာ ကျွန်တော်တို့နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုတယ်ဆိုတာကို ဘာဖြစ်လို့များ မေ့ထားကြပါလိမ့်။ ဘာဖြစ်လို့များ ပေါ့ပေါ့တန်တန် သဘောထားကြပါလိမ့်။ ဘာကြောင့်များ တန်ဖိုးမထာကြတာပါလိမ့်။ ဒီအလံလေးကို မြင်ရခြင်းဟာ ငါတို့နိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်ဆိုတာကို သူတို့တွေ သတိမမူကြတာလား။ မေ့လျော့နေကြတာလား။ မဟုတ်ရင် ရုပ်ရှင်ကြည့်တိုင်း ယူနီယံဂျက်အလံကို အလေးပြုနေကြရမှာလေ။ အခုဆိုကြည့်စမ်း။ ကိုယ့်နိုင်ငံအလံကို မြင်ရတာ ဘယ်လောက်များ ကြက်သီးမွေးညင်းထစရာလဲ။ နိုင်ငံတော်သီချင်းတီးလုံးနောက်ခံနဲ့ တလူလူလွင့်နေတဲ့ နိုင်ငံတော်အလံကို မြင်ရတာထက် ဒီမြေ၊ ဒီရေ၊ ဒီလူမျိုးတွေကို ချစ်တဲ့စိတ်ပေါ်တာ ဘယ်မှာရှိလို့လဲ။ ထားပါလေ…။ အလံဋီကာ ဖွင့်မနေတော့ပါဘူး။ ရုပ်ရှင်မပြခင်မှာ နိုင်ငံတော်အလံအား အလေးပြုကြပါဆိုပြီး နိုင်ငံတော်အလံကို ပြပါတယ်။ တချို့က မတ်တတ်တောင် မရပ်ကြပါဘူး။ တိုက်ရိုက်ဘာသာပြန်ရင် နိုင်ငံတော်အလံကို အလေးမပြုကြဘူးပေါ့။ တချို့က ဖင်ကြွရုံ ထလိုက်တယ်။ ပြီးတော့ ချက်ချင်းပြန်ထိုင်လိုက်ကြပါတယ်။ မဆိုးလှဘူးလို့ ပြောရမယ်။ ဒါပေမယ့် မှန်ကန်တဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး။ တချို့ လှိုက်လှိုက်လှဲလှဲ စိတ်ပါလက်ပါကို မတ်တတ်ရပ်ပြီး နိုင်ငံတော်အလံကို အလေးပြုကြပါတယ်။ တချို့က… အဲဒီတချို့က အတော်ဆိုးတယ်။ အခုပြောမယ့်တချို့က ဒီလိုပါ။ တီးလုံးမဆုံးမချင်း၊ နိုင်ငံတော်အလံ မပျောက်သေးမချင်း မတ်တတ်ရပ်နေတဲ့လူတွေကို ကြောင်လိုက်တာဆိုတဲ့အကြည့်၊ ဂေါက်တောက်တောက်နဲ့ကွာဆိုတဲ့အကြည့်၊ ရှေ့ကနေပြီး မတ်တတ်ကြီးရပ်ပြီး ဘာလုပ်နေတာလဲဆိုတဲ့အကြည့်နဲ့ ကြည့်တဲ့လူတွေပါ။ ကျွန်တော်အမြဲတမ်းကြုံရတဲ့ ပြဿနာပါ။ မျက်နှာကို လက်သီးနဲ့ဆွဲထိုးချင်တဲ့စိတ်ကို အတော်လေးကို အောင့်အီးထားရတဲ့ အခိုက်အတန့်တွေပါ။ ၂ နာရီခွဲလောက်ရှည်တဲ့ ရုပ်ရှင်ဇာတ်ကား မစခင်မှာ ၁ မိနစ်တောင်မကြာတဲ့ အချိန်လေးပေးပြီး ကိုယ့်နိုင်ငံတော်အလံကို ဘာဖြစ်လို့ အလေးမပြုချင်သလဲဆိုတာကို မေးချင်လိုက်တာဗျာ။ ကိုယ်တိုင်လည်း စဉ်းစားနေမိတယ်။ စဉ်းစားလို့ ရသလောက်ကတော့ တစ်ခုမှ အကောင်းမရှိဘူး။ ရင်လေးလိုက်တာဗျာ။ ဆိုပါတော့ ဒီဇာတ်ကားကို ထိုင်းနိုင်ငံမှာ သွားပြလို့ ထိုင်းမှာရောက်နေတဲ့ မြန်မာတွေကြည့်တဲ့အခါ အခုလိုမျိုး မြန်မာနိုင်ငံတော်အလံကို အလေးပြုခွင့်မရှိဘူးဆိုတာကို ဘာလို့မတွေးမိကြတာလဲ။ ကိုယ်နဲ့ နီးစပ်ရာကို ၀ိုင်းဝန်းပြောပြ ပြင်ဆင်ပေးကြပါဦးလို့ ကျွန်တော်က အနူးအညွတ် တောင်းပန်ပါတယ်ဗျာ။

(၃)
မနေ့က အချိန်အားလေးရတော့ စာသင်ဆောင်တွေဖက်ကို ရောက်သွားပါတယ်။ တမင်သွားတာမဟုတ်ပေမယ့် လမ်းကြုံသွားတဲ့အတွက် စာသင်ဆောင်တွေဘေးမှာ ခဏတော့ ရပ်ပြီးကြည့်နေမိပါတယ်။ သြော်.. လွန်ခဲ့ ၂ လလောက်က ဒီအခန်းတွေထဲမှာ ကျွန်တော်နဲ့ ကျွန်တော့်တပည့်လေးတွေ စာသင်လိုက်၊ ဟိုအကြောင်းဒီအကြောင်းပြောလိုက်၊ စာမေးလိုက်၊ စာရေးလိုက်၊ အိမ်စာမလုပ်လာရင် ဆူလိုက်၊ ငေါက်လိုက်၊ ရိုက်လိုက်၊ နေ့လည်ခင်း အိပ်ငိုက်ကြပြီဆိုရင် ဟာသလေးတွေပြောပြီး ရယ်လိုက်မောလိုက်နဲ့ပေါ့။ အခုတော့ အသက်မဲ့နေတဲ့ အလောင်းကောင်တစ်ခုလိုပဲ အရာအားလုံးဟာ ခြောက်သွေ့ငြိမ်သက်နေလိုက်တာ။ စာအံသံလည်း မကြားရ၊ စာချသံလည်း မကြားရ၊ စာပြတာလည်း မမြင်ရ။ ဒီလိုဆိုတော့လည်း လွမ်းစရာပါပဲလား။ နောက်တစ်လလောက်ဆိုရင် ဒီစာသင်ခန်းတွေ ပြန်ပြီး အသက်ဝင်လာကြဦးမယ်။ သွားလာလှုပ်ရှားကြဦးမယ်။ စာတွေသင်အံရွတ်ဖတ်ကြဦးမယ်။ ပြောရဆိုရ၊ ဆူရငေါက်ရ၊ ကြိမ်းရရိုက်ရ လုပ်ကြရဦးမယ်။ ကိုယ်သင်တဲ့အတိုင်း၊ ကိုယ်ခိုင်းတဲ့အတိုင်း မဖြစ်တာတွေအတွက် ဆရာတွေ၊ ဆရာမတွေ စိတ်ညစ်ကြရဦးမယ်။ ဒေါသထွက်ကြရဦးမယ်။ ဒါပေမယ့် ပန်းကောင်းလေးတွေ ပွင့်ဖို့၊ မွှေးပျံ့ဖို့အတွက်တော့ ရေလောင်းရ၊ ပေါင်းသင်ရ၊ မြေဆွရ၊ ညှပ်သင့်တာညှပ်၊ ဖြတ်သင့်တာဖြတ်၊ မြေသြဇာကျွေးသင့်တာကျွေး လုပ်ကြရဦးမှာပါပဲ။ ကျောင်းဆရာဆိုတာလည်း ၀ဋ်ခံနေကြရတဲ့ လူတန်းစားတစ်ရပ်လားလို့တောင် တွေးနေမိတယ်။ ဥယျာဉ်မှူးလို့လည်း ဆိုကြတယ်၊ ဓားသွေးကျောက်လို့လည်း ပြောကြတယ်၊ ငှက်ငယ်လေးတွေ နားခိုတဲ့ အကိုင်းအခက်လေးတွေလို့လည်း ဖွဲ့ကြတယ်၊ လှေကားထစ်တွေလို့လည်း ညွှန်းကြတယ်။ အမျိုးမျိုးပါပဲလေ။ ကျွန်တော်တို့ကို သင်ကြားပြသ ဆုံးမပဲ့ပြင်ပေးလိုက်ကြတဲ့ ဆရာ၊ ဆရာမတွေကို ပြန်သတိရပြီး ရင်ထဲမှာ အောင့်သွားသလိုပါပဲ။ အခုကျွန်တော်သတိရနေသလို သူတို့လည်း ကျွန်တော့်ကို သတိရနေကြမလား။ ကျွန်တော်ကတော့ သူတို့ကို မေ့နေခဲ့တာလေ။ ကိုယ်သင်ပေးနေရတဲ့၊ သင်ပေးခဲ့ရတဲ့ တပည့်တွေအတွက်ပဲ တွေးနေမိတာလေ။ ဒါဆိုရင် ကျွန်တော့်တပည့်တွေကရော…။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics