ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားအကြောင်းတွေကို မကြာခဏဆိုသလို ပြောဖြစ်တဲ့အတွက် ရုပ်ရှင်နဲ့ပတ်သက်တာတွေကို စိတ်ဝင်စားပါတယ်။ ညီငယ်တစ်ယောက်က ရုပ်ရှင်၊ ဗီဒီယို တည်းဖြတ်တာတွေနဲ့ ပတ်သက်ပြီး စပယ်ရှယ်လစ်တစ်ယောက်လို့ ပြောလို့ရအောင်ကို ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ မူလအလုပ်မဟုတ်ပေမယ့် ၀ါသနာအရ အချိန်ပေးပြီး လေ့လာထားသူဆိုပါတော့။ သူ့ဆီက တည်းဖြတ်ပုံတွေ၊ သူပြတဲ့ နာမည်ကြီးရုပ်ရှင်တွေရဲ့ တည်းဖြတ်ပုံ၊ ကားဆက်ပုံတွေကို ကြည့်ရတဲ့အခါမှာ ရင်ထဲမှာ ဘယ်လိုကြီးမှန်းကို မသိပါဘူး။ တစ်လက်စတည်း သူ့ကို မြန်မာကားမကြည့်လို့၊ အထင်မကြီးလို့ ကျွန်တော်က ပြောတတ်တာကို ပြန်ခနဲ့တဲ့အနေနဲ့ "ကျွန်တော် အဲဒါကြောင့် မြန်မာကားတွေ မကြည့်တာ" ဆိုတာမျိုးက ပြောတတ်သေးတယ်။ ဟုတ်တော့လည်း ဟုတ်တာပဲ။ တစ်ခန်းနဲ့တစ်ခန်းကို မသိသာစေဘဲ ကူးပြောင်းသွားတာတွေ၊ မြန်မာကားတွေမှာ လူနှစ်ယောက်စကားပြောခန်းကို အပြန်အလှန်ပြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်က အလင်းအမှောင်မညီဘဲ ဖြစ်နေတတ်တာတွေကို သူသေချာရှင်းပြတတ်ပါတယ်။ ဒါတောင် ကိုယ်တော်က မပြီးနိုင်၊ မစီးနိုင်ပြောသေးတယ်။ "ဒါက တည်းဖြတ်တာကို နည်းနည်းလေးပဲ ပြောတာတဲ့၊ အသံပိုင်းဆိုင်ရာ၊ တေးဂီတဆိုင်ရာ၊ ကင်မရာထောင့်ယူတဲ့အပိုင်းတွေ အဲဒါတွေ မပါသေးဘူး" တဲ့။ သူပြောတာတွေကို နားမလည်တာ များပါတယ်။ သူကတော့ ရုပ်ရှင်တည်းဖြတ်တာတွေကို tutorial တွေလုပ်လိုက်၊ စာအုပ်တွေဖတ်လိုက်နဲ့ နှစ်အတော်ကြာ အချိန်ပေးထားတဲ့လူဆိုတော့ လွယ်လွယ်လေးတွေလို့ပဲ ထင်နေမှာပေါ့။ ကျွန်တော်ကျတော့ အစိမ်းသက်သက်ဖြစ်တဲ့အတွက် သူပြောသမျှကို နားမလည်ပါဘူး။ တချို့ဟာလေးတွေတော့ နားလည်သင့်သလောက် နားလည်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူ့စကားကို နားလည်သလို ပြန်ပြောရရင် "မြန်မာပြည်မှာ သိတဲ့၊ တတ်တဲ့လူတွေ အများကြီးရှိတယ်၊ ထုတ်လုပ်တဲ့လူရော၊ ဒါရိုက်တာရောက စိတ်ကိုမ၀င်စားတာ၊ သူတို့အတွက် ရုပ်ရှင်ဖြစ်ဖြစ်၊ ဗီဒီယိုဖြစ်ဖြစ် ဇာတ်ကားတစ်ကား မြန်မြန်ထွက်သွားဖို့ပဲ စိတ်ဝင်စားတာ၊ တည်းဖြတ်တဲ့လူဆိုတာ ရိုက်ကွင်းမှာကတည်းက လိုက်ကြည့်ရတာမျိုး၊ အဲဒါမှ အခန်းတွေကို ဆက်တဲ့အချိန်မှာ ဘယ်ဟာကို ဘယ်လိုဆက်မယ်ဆိုတာ ချိတ်မိတာ၊ ကင်မရာသမားတွေကိုလည်း ဘယ်သူက ဘယ်ထောင့်ကရိုက်ရမယ်၊ တစ်ယောက်က အော်တိုချိန်ထားရင်၊ နောက်လူတွေက အဲဒီကင်မရာနဲ့ အလင်းရောင်ညီအောင် မန်နျူရယ် လိုက်ချိန်ပေးရတယ်" စသည်ဖြင့်ပေါ။
အင်း… ထားပါတော့လေ။ ကျွန်တော်က ရုပ်ရှင်ထုတ်လုပ်သူလည်းမဟုတ်၊ ရုပ်ရှင်အစည်းအရုံးကလည်းမဟုတ်၊ မင်းသမီးယောက်ျားလည်းမဟုတ်ပဲ အလကားနေရင်း ဒါတွေပြောနေတော့ လူရယ်စရာကြီးဖြစ်နေပါဦးမယ်။ ဒါပေမယ့် မြန်မာ့ရုပ်ရှင်ကို ကောင်းစေချင်တာပါ။ မြန်မာပြည်မှာ အဆင့်မြင့်ရုပ်ရှင်ဆိုတာနဲ့ မလေးရှားသွားလိုက်၊ ထိုင်းသွားလိုက်၊ အင်ဒိုနီးရှားသွားလိုက်နဲ့ တည်းဖြတ်၊ အသံပြောင်း၊ စာတန်းထိုး လုပ်နေတာတွေကိုဖတ်ပြီး မြန်မာတစ်ယောက်အနေနဲ့ ရင်ထဲမှာ မချိလို့ပါ။ ကိုယ့်အာစီယံနိုင်ငံတွေမှာ သွားတည်းဖြတ်ရင်၊ အသံသွားသွင်းရင် အဆင့်မြင့်ရုပ်ရှင်ဖြစ်တယ်ဆိုတော့ မြန်မာပြည်မှာ လုပ်သမျှဟာ အဆင့်မမီဘူးလို့ ပြောတာနဲ့ အတူတူပါပဲ။ ထားပါတော့လေ။ အခြေအနေ အကြောင်းကြောင်းတွေကြောင့်ပေါ့။ စက်ပစ္စည်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ စသည်ဖြင့် ပြောကြဦးမှာပါပဲ။ အဲဒါတွေမကောင်းတာတွေ လက်ခံပါတယ်ဗျာ။ သရုပ်ဆောင်တွေကရော တကယ့်ကို အဆင့်မီသလားလို့မေးရင် စိတ်ဆိုးကြဦးမယ် ထင်ပါရဲ့နော်။ ပိုက်ဆံရပြီးရော ပေါတောတောလုပ်၊ ခါးအောက်ပိုင်းစကားလုံးတွေပြော၊ ဖြစ်နိုင်တာမဖြစ်နိုင်တာအသာထား ဒါရိုက်တာကလည်း လုပ်ချင်သလိုလုပ်၊ ရိုက်ချင်သလိုရိုက်နေကြတာများ။
ဟိုးအရင်တုန်းက အဖြူအမည်းဇာတ်ကားတွေကို မြန်မာ့အသံက ပြန်ပြတာတွေကို ကြည့်ကြစမ်းပါဦး။ ကာလာမပါသေး၊ ကင်မရာကလည်း တစ်လုံးတည်းနဲ့ ကောင်းအောင်ရိုက်ထားတာပါပဲ။ အခုအချိန်ထိ တသသကြည့်နေရတုန်းပါပဲ။ အခုနောက်ပိုင်းမှာ ဘယ်ဇာတ်ကားကိုများ တသသ၊ အမှတ်ထင်ထင်ဖြစ်နေအောင် ရိုက်ပြဖူးပါသလဲ။ ကဲ… ထားပါ… ထားပါ… အပြစ်တွေတင်ချင်လို့ မဟုတ်ပါဘူး။ ထိုင်းလိုနိုင်ငံကဇာတ်ကားတွေက ဥရောပအထိ ဖြန့်တဲ့အဆင့် ရောက်နေတာကို မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မခံချိမခံသာနဲ့ ဒေါသဖြစ်မိတာပါ။ ဘယ်သူ့ကိုမှ အပြစ်မတင်လိုတော့ပါဘူး။ ပြောချင်တာကိုပဲ ပြောပါတော့မယ်။ ပြောချင်တယ်ဆိုတာထက် ဖတ်မိတဲ့ စာအုပ်တစ်အုပ်ထဲက ရုပ်ရှင်နဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို ပြန်ပြောပြချင်တာပါ။ ဖတ်မိတာကတော့ ကြာလှပါပြီ။ အတော်ကြီးကို ကြာနေပါပြီ။ ပြန်ရိုက်ဖို့ အချိန်မပေးနိုင်တာနဲ့ အချိန်အားရတဲ့အခါ သတိမရမိတာနဲ့မို့ အခုမှပဲ တင်ပေးဖြစ်တော့တယ်။ သတိကလည်း ရမှပဲလေ။ အဲဒီစာအုပ်ကို အစ်ကိုကြီးတစ်ယောက်ဆီက ငှားဖတ်တာကိုး။ အခုသူက ဖတ်ပြီးရင် ပြန်ယူချင်တယ်ဆိုကာမှ သတိရတာ။ သူပြောတဲ့ "မင်းရဲ့ဖုန်တက်နေတဲ့ စာအုပ်ပုံထဲက ငါ့စာအုပ်လေးကို ပြန်ယူလာပေးပါဦး" ဆိုတဲ့ စကားကိုတောင် သဘောကျမိသေးတယ်။ ပြန်ထုတ်ပြီး ဒီညနေတော့ သူ့ကို ပြန်ပေးပါတော့မယ်။ အခု မပေးမီလေး သဘောကျတဲ့ဟာလေးကို ပြန်ပြီးတော့ ရိုက်တင်ပေးလိုက်ပါတယ်။
စာအုပ်အမည် - လွမ်းတော်မူဖို့ စာကိုစီတယ်
ရေးသူ - မောင်မိုးသူ
ပထမအကြိမ်၊ ၂၀၀၉ ခုနှစ် ဇူလိုင်လ
အုပ်ရေ - ၅၀၀
တန်ဖိုး - ၃၀၀၀ ကျပ်
စာမူခွင့်ပြုချက်အမှတ် - ၄၀၀၅၉၇၀၅၀၉
နန်းဒေ၀ီ စာပေက ထုတ်ပါတယ်။
အဲဒီစာအုပ်မှာ အနုပညာရှင်ကြီး ၂၃ ဦးအကြောင်းကို ဆရာမောင်မိုးသူက သူလွမ်းသမျှတွေ စီကုံးထားပါတယ်။ အားလုံးဟာ ကွယ်လွန်လေပြီးသော ပုဂ္ဂိုလ်တွေချည်းပါပဲ။ အများစုဟာ သရဖူ မဂ္ဂဇင်းမှာ လစဉ်ရေးနေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ကာတွန်းဆရာလည်းပါတယ်၊ ရုပ်ရှင်မင်းသားလည်းပါတယ်၊ ဒါရိုက်တာလည်းပါတယ်၊ စာရေးဆရာလည်းပါတယ်။ ပန်းချီဆရာလည်းပါတယ်၊ ဂီတသမားလည်းပါတယ်၊ အဆိုတော်လည်း မကျန်ဘူး။ စုံမှစုံပါပဲ။ ဖတ်ရတာ တကယ်ကို အရသာရှိသလို မသိမမီတဲ့အကြောင်းတွေကို တစ်ထိုင်တည်း သိခွင့်ရတဲ့စာအုပ်ဆိုပါတော့။ အဆင်ပြေရင် ၀ယ်ယူသိမ်းဆည်းထားကြဖို့ တိုက်တွန်းလိုပါတယ်။
"ကောလိပ်ဂျင်နေ၀င်း နှင့် မောင်မိုးသူ" ဆိုတဲ့ ဆောင်းပါးထဲက ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးတာနဲ့ ပတ်သက်ပြီး ဆရာမောင်မိုးသူ ရေးထားတာလေးကို ပြန်တင်ပြပါ့မယ်…။
……..
………….
တစ်နေ့တော့ ဦးသက်လယ်က သူရိုက်ကူးနေတဲ့ "သီတာပြုံး" ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ကူးရာမှာ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ "သီတာပြုံး" ဇာတ်ကားဟာ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ ၀တ္ထုကိုရိုက်ကူးတာဖြစ်တယ်။ အဲဒီကားမှာ ပါဝင်တဲ့ ဗိုလ်ဗကိုဟာ အကယ်ဒမီရသွားတယ်လို့ မောင်မိုးသူ မှတ်မိသလိုလိုပါပဲ။ ရိုက်ကူးရတဲ့အခန်းက အင်းယားကန် ဟိုတယ်တဲ့။ နောက်ဘက်လား ဘေးနားလားက မသိတဲ့ ၀ါဝါ (၀ါဝါ၀င်းရွှေ) တို့ရဲ့ လူမနေနဲ့ တိုက်အိမ်တစ်လုံးမှာ ရိုက်ကူးတာဖြစ်ပါတယ်။ ညခန်း ဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေက ကောလိပ်ဂျင်နေ၀င်း၊ စိုးရွှေ၊ ဗိုလ်ဗကို နဲ့ ခင်သန်းနု တို့ ပါဝင်ပါတယ်။ ဒါရိုက်တာက ဦးသက်လယ်ပါ။ သုခုမ ရုပ်ရှင်စက်နှင့် ရိုက်ကူးတာဖြစ်လို့ ကင်မရာမင်းအဖြစ် ကိုကိုမြင့် (ဒါရိုက်တာ မောင်မောင်မြင့်) က လိုက်ပြီး ရိုက်ကူးပါတယ်။ မောင်မိုးသူကတော့ အဖော်အကူ ဆိုပါတော့။ ရိုက်ရတဲ့ အခန်းက သေကောင်ပေါင်းလဲ အိပ်ရာထက်မှာ ပက်လက်လဲနေပြီဖြစ်တဲ့ သုဘရာဇာကြီး ဗိုလ်ဗကိုဟာ ခင်သန်းနုရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊ ဒါကြောင့် အဖေကြီး မသေမီ ခင်သန်းနုက "ဖေဖေ" လို့ ခေါ်စေဖို့ ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသက်လယ်ဟာ အလွန်ချေးများပြီး ကတ်သီးကတ်သတ် ခိုင်းတတ်တဲ့ ဒါရိုက်တာတစ်ယောက်၊ သရုပ်ဆောင် ပညာသည်တွေဆီက လက်ကုန်နှိုက်ယူတတ်တဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။
ဦးသက်လယ် လိုချင်တာက
ခင်သန်းနုဟာ အိပ်ရာထက်မှာ ပက်လက်လဲနေတဲ့ သုဘရာဇာ ဗိုလ်ဗကို,ကို ပထမ အားလုံးက ပြောလို့သာ မရဲတရဲနဲ့ ခေါ်ရတဲ့ "ဖေဖေ" ဆိုတဲ့ ပထမ တစ်ခွန်း
ပထမ တစ်ခွန်းခေါ်တဲ့ အချိန်မှာ ဗိုလ်ဗကိုက မထူးတော့ မလှုပ်တော့ ခင်သန်းနု စိတ်ထဲမှာ ပူပန်လာပြီး သူ့အဖေအရင်းကို တွေ့ပါလျက် သူ့အဖေ ကြားချင်လှတဲ့ ဖေဖေ ဆိုတဲ့ ခေါ်သံကလေးကို မကြားလိုက်ရမှာ စိုးရိမ်တဲ့ ပူပန်တဲ့ လေသံနှင့် ခေါ်ရမည့် ဒုတိယ "ဖေဖေ" ခေါ်သံ ဖြစ်ပါတယ်။
ဒုတိယဖေဖေ ခေါ်သည်အထိ တုံ့ပြန်မှု မရလေတော့ ငါ့အဖေဟာ ငါခေါ်တဲ့ ဖေဖေ ဆိုတဲ့ အသံလေးကို မကြားလိုက်ရဘဲ ကွယ်လွန်သွားရင်တော့ ငါ ရင်ကျိုးရချည်ရဲ့ဆိုပြီး အလွန် စိုးရိမ်ပူပန်တဲ့ စိတ်နဲ့ ခေါ်ရတဲ့ "ဖေဖေ" ဆိုတဲ့ စကားလုံးပါ။ အသံထွက် ပီတာ၊ မပီတာထက် စိတ်ခံစားမှုကို အထူးပြုပြီး ခေါ်ရမည့် "ဖေဖေ" တတိယအလုံး ဖြစ်ပါတယ်။
ဒါလည်း အိပ်ရာထက်မှာ ပက်လက်လဲနေတဲ့ ဖအေကြီးရဲ့ တုံ့ပြန်မှုက မရှိပါဘူး။ ဒီမှာတင် ငါ့အဖေဟာ ငါ့ခေါ်သံလေး မကြားလိုက်နိုင်တော့ပါလားဆိုပြီး မချိတင်ကဲ အသံကုန်ဟစ်ပြီး "ဖေဖေ" လို့ ခေါ်၊ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဖေဖေရဲ့ ရင်ဘတ်ပေါ်မှာ မှောက် ငိုချလိုက်ဖို့ပါပဲ။
အတော်ကို ခက်တဲ့ ရိုက်ချက်ပါ။ အိပ်ရာထက်မှာ ပက်လက်အနေအထားနှင့်က ဗိုလ်ဗကို။ နံဘေးမှာ ရပ်နေရတာက ကိုနေ၀င်းနှင့် စိုးရွှေ။ "ဖေဖေ" လို့ ခေါ်ရမည့်သူက ခင်သန်းနု ဖြစ်ပါတယ်။
ဒါရိုက်တာ ဦးသက်လယ် လိုချင်တဲ့ ဖေဖေ လေးခွန်းရဖို့ ရုပ်ရှင်အဖွဲ့သားများ အဲဒီညက မိုးထိန်ထိန်လင်း သွားခဲ့ပါတယ်။ အဲဒီခေတ် အဲဒီအချိန်က ဒါရိုက်တာတွေဟာ အဲဒီလို အသေးစိတ် ဖန်တီးမှုကို အချိန်ကုန် ငွေကုန်ခံပြီး ရိုက်ကူးကြပါတယ်။ သရုပ်ဆောင်များကလည်း ဒါရိုက်တာလိုချင်တဲ့ အတိုင်းဖြစ်အောင် အပင်ပန်းခံ ကြိုးစားကြပါတယ်။ ထုတ်လုပ်သူများကလည်း ဘာမှ ၀င်မပါကြဘူး။ အဲဒီလို ရိုက်ခဲ့ကြတာကိုး။ ခုတော့ဖြင့်….။
မောင်မိုးသူ၏ လွမ်းတော်မူဖို့ စာကိုစီတယ် စာအုပ်၊ စာမျက်နှာ ၂၂၆-၂၂၈ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြထားတာပါ။ ဖတ်ပြီးတဲ့အခါ တစ်ခုခုတော့ တွေးစရာ၊ ဒါမှမဟုတ် တစ်ခုခု ရလိမ့်မယ်လို့ ယုံကြည်မိလို့ပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၉ ရက်၊ စနေနေ့။
ည ၈ နာရီ ၀၇ မိနစ်တွင်ပြီး၏။
ဒါ့ကြောင့်မို့လည်း ဟိုတုန်းက ကားတွေကကောင်းတာလေ .....................
ReplyDelete