ဝရန်တာကို ထွက်လိုက်တဲ့အချိန်မှာ တစ်ခုခု ထူးခြားနေသလို စိတ်ထဲမှာ ခံစားမိလိုက်တယ်။ ဘာများပါလိမ့်။ ဖြတ်ခနဲဖြစ်သွားတာကို သိလိုက်တယ်။ ဒါပေမယ့် ဘာလဲဆိုတာကို ချက်ချင်းမသိဘူး။ ပတ်ဝန်းကျင်ကို တစ်ခုချင်းစီ လိုက်ကြည့်ရတယ်။ ဘာတွေများထူးခြားနေလဲပေါ့။ အောက်ကနေများ တစ်ယောက်ယောက်က ငါ့ကိုကြည့်နေလို့လား။ အဲဒါလည်း မဟုတ်ပါဘူး။ အောက်မှာလည်း ဘယ်သူမှ မရှိပါဘူး။ ဒါဆိုရင် ဘာလဲ…?
အကြည့်တွေက ထူးခြားမှုရှိရာဆီကို သူ့အလိုလိုရောက်သွားကြတယ်။ အိုး……… သူတို့တွေလာကြပြီကိုး။ စောင့်မျှော်ခဲ့ရတာ အတော်ကြီးတောင်ကြာခဲ့ပါပေါ့လား။ အခုမှပဲ သူတို့တွေ ရောက်လာကြတော့တယ်။ ဒီနှစ်ကျမှ ဘာဖြစ်လို့များ သူတို့တွေ အရမ်းကိုနောက်ကျနေရတာလဲ။ ဘာပဲဖြစ်ဖြစ် အခုတော့ သူတို့ကို မြင်လိုက်ရတဲ့အတွက် နောက်ကျတာတွေ၊ ဘာတွေကို သတိမထားနိုင်တော့ပါဘူး။ ကျောင်းဆင်းလာတဲ့ကလေးငယ်ကို မိခင်က မုန့်ကျွေးလိုက်တဲ့အချိန်မှာ ပျော်ရွှင်ကျေနပ်သွားသလိုမျိုး ရင်ထဲမှာကျေနပ်ပီတိတွေ ဖုံးသွားတယ်။ ပျော်လိုက်တာကွယ်။ ဒီဇင်ဘာနှင်းစက်တွေကြားမှာ ငါက တစ်ချိန်လုံး မင်းတို့ကို စောင့်မျှော်နေခဲ့ရတာ… မင်းတို့ သိမှသိပါလေစကွယ်?
ချယ်ရီတွေပွင့်ပါပြီ။ ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီတွေဟာ ကျွန်တော့်မျက်စိထဲမှာ လှချင်တိုင်းလှပြီး အလှသွေးကြွယ်နေတဲ့ အပျိုဖော်မလေးလိုပါပဲ။ ရှိသမျှအလှအားလုံး ငွားငွားစွင့်စွင့်နဲ့ လန်းဆန်းတက်ကြွမှုအပြည့်၊ အလှမာန်အပြည့်နဲ့ပေါ့။ ပင်လုံးကျွတ်ပွင့်နေတဲ့ချယ်ရီပင်ကို ညနေစောင်းနေရောင်က စောင်းစောင်းလေးထိုးထားတာဟာ ဘယ်လိုမှ ဆွဲလို့မမီမယ့် သဘာဝပန်းချီကားတစ်ချပ်ပါပဲ။ သဘာဝဆိုတဲ့ ပန်းချီဆရာကလွဲရင် ဘယ်သူကများ ဒီမြင်ကွင်းကို အပီပြင်ဆုံး ပုံဖော်နိုင်မှာလဲ။ ပီကာဆိုလား၊ ဒါဗင်ချီလား၊ ဦးလွန်းကြွယ်လား၊ ဘယ်သူများပါလိမ့်။ ဘယ်ကဗျာဆရာကများ မီအောင်စာဖွဲ့နိုင်ပါမတဲ့လဲ။ ပူရှ်ကင်လား၊ တဂိုးလား၊ ဇော်ဂျီလား၊ မင်းသုဝဏ်လား၊ ထီလာစစ်သူလား။ ဘယ်ကဗျာဆရာကများ ဒီအလှကို စာလုံးတွေနဲ့ စီခြယ်ပြနိုင်မှာလဲ။ ဒီရှုခင်းကို မီအောင်ဆွဲနိုင်၊ မဆွဲနိုင်၊ မီအောင်ဖွဲ့စပ်နိုင်၊ မဖွဲ့စပ်နိုင် ဆိုတာကို ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့တွေအားလုံး ဒီရှုခင်းကို မြင်လိုက်ရတဲ့အခိုက်အတန့် ခဏလေးမှာတော့ သူတို့ရဲ့ခံစားချက်ဝိညာဉ်တွေအားလုံး ခဏတာရပ်တန့်သေဆုံးသွားကြပါလိမ့်မယ်။ ကျွန်တော့်ရဲ့အသက်ကိုတောင် လောင်းကြေးထပ်လိုက်ချင်ပါသေးရဲ့။
ဒီနှစ်မှာ ဆောင်းဝင်တာ နောက်ကျတယ်လို့ ကျွန်တော်မယူဆပါဘူး။ ဒါပေမယ့် သေချာတာကတော့ ချယ်ရီတွေပွင့်တာ နောက်ကျတယ်ဆိုတာပါပဲ။ ငွေနှင်းဖြူဖြူ အဆုပ်လိုက်၊ အဆုပ်လိုက် မကျတဲ့အတွက် သူတို့တွေ စိတ်ကောက်ပြီး ပုန်းရှောင်နေခဲ့ကြတာများလား။ ဒါမှမဟုတ် ဒီနှစ်ဆောင်းဟာ အရမ်းချမ်းလွန်းတဲ့အတွက် အမိချယ်ရီပင်ရဲ့ ရင်ခွင်မှာပဲ မှေးစက်နေခဲ့ကြတာလား။ ချယ်ရီရယ်…. မင်းကို တမ်းတမ်းတတ စောင့်မျှော်လွမ်းဆွတ်နေသူတွေ ရှိတယ်ဆိုတာ သိမှသိပါလေစကွယ်။ မျှော်ရလွန်းလို့ မောလှပါပြီ။ ဒီနှစ်ချယ်ရီတွေ လာမှလာပါတော့မလားဆိုတဲ့စိတ်နဲ့ ရူးခဲ့ရတာကို မင်းသိမှသိပါလေစကွယ်။
လာမယ့်လာတော့လည်း မင်းဟာ အလှဆုံးဝတ်ရုံ၊ အချိုဆုံးအပြုံးတွေနဲ့ မြင်သူတိုင်းကို စွဲမက်ရူးသွပ်သွားစေလောက်အောင်ပါပဲလား။ မင်းကိုမချစ်ဘူးဆိုတဲ့လူတွေတောင် မင်းအလှကို အသိအမှတ်မပြုဘဲ မနေနိုင်ကြတော့ဘူးလေ။ မင်း… အရမ်းလှတယ် ချယ်ရီရယ်…။
ချယ်ရီရေ…
မင်းရဲ့အလှ
ချိုမြမြဟာ
ငါ့ရင်ကိုထွင်းဖောက်
နှလုံးသားကိုတောင် သိမ်းပိုက်သွားခဲ့ပေါ့ကွယ်။
တစ်ခါမကသေ
ဆယ်ကမ္ဘာဖြစ်စေဦးတော့
မင်းကို…ငါ… အမြဲချစ်နေမှာပါ ချယ်ရီ…။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၉ ရက်၊ စနေနေ့။
ညနေ ၅ နာရီ ၀၄ မိနစ်တွင်ပြီး၏။
<(^_^)>...တစ်ခါမကသေ
ReplyDeleteဆယ်ကမ္ဘာဖြစ်စေဦးတော့
မင်းကို…ငါ… အမြဲချစ်နေမှာပါ ချယ်ရီ…။ <3 31353135 <(^_^)>