ခေါင်းစဉ်ကိုကြည့်ပြီး သို့လော… သို့လော… မတွေးကြပါနဲ့နော်။ ကျွန်တော်တို့မြို့လေးက ရုပ်ရှင်ရုံမှာ "မာမီရှိန်း" ဆိုတဲ့ ရုပ်ရှင်ကား အသစ်တင်တဲ့အတွက် သွားကြည့်ခဲ့တာကို ပြောတာပါ။ ရန်ကုန်မှာမပြခင်ကတည်းက စာနယ်ဇင်းတွေမှာ နာမည်ကြီးနေခဲ့တဲ့ မာမီရှိန်းကို ဒီနေ့တော့ အရှင်လတ်လတ်ကို မြင်ခဲ့ရပါပြီ။ မြင်ခဲ့တာတွေကို မြင်ခဲ့တဲ့အတိုင်း ပြန်ပြောချင်တာမို့ ဒီပို့စ်လေးကို ရေးတာပါ။ ကျွန်တော့်အမြင်လေးတွေကို ဖတ်ကြည့်ကြပါဦး။
ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေး
ဇာတ်ကားအမည် - မာမီရှိန်း
ဇာတ်လမ်း - နေရီမင်း
ဇာတ်ညွှန်း - လွင်မင်းအံ့
တွဲဖက်ဒါရိုက်တာ - မောင်သီလ၊ သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - ရန်အောင်၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ နန်းဆုရတီစိုး၊ ကုသိုလ်၊ မိုးဒီ၊ မော့စ်၊ ဗေလုဝ၊ ခင်လှိုင်၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ပွင့်၊ တက္ကသိုလ်ဂွမ်းပုံ၊ အခြားသရုပ်ဆောင်များ
ကလေးသရုပ်ဆောင် - ယွန်းယွန်း
ဇာတ်လမ်းသဘော
အိန္ဒြာကျော်ဇင်က ဖခင်ဖြစ်သူ သဘောမတူဘဲ တက်သစ်စမင်းသားတစ်ဦးဖြစ်သူ နေတိုးနှင့် လက်ထပ်ခဲ့ရာ သမီးလေးယွန်းယွန်း ထွန်းကားခဲ့သည်။ သမီးလေးအရွယ်ရောက်လာသောအခါ လင်မယားအခန့်မသင့်ဖြစ်ပြီး ကွာရှင်းပြတ်စဲခဲ့ကြသည်။ နေတိုးက သမီးလေး၊ ဇနီးဖြစ်သူတို့နှင့်အတူ နီးစပ်ရန်ကြံစည်ရာမှ အိန္ဒြာကျော်ဇင်၏ဖခင် ရန်အောင်က ကလေးထိန်းခေါ်သည့်ကြော်ငြာကို တွေ့ရှိသွားခဲ့သည်။ ရုပ်ရှင်များတွင် မိတ်ကပ်ပြင်ပေးနေသည့် ကုသိုလ်ကို အကူအညီတောင်းကာ မာမီရှိန်းအဖြစ် ကလေးထိန်းအလုပ်ကို ၀င်လုပ်ခဲ့သည်။ ဖြစ်ချင်တော့ မာမီရှိန်းအဖြစ် ပြင်လိုက်သည့်ပုံစံသည် ကွယ်လွန်သွားသည့် ရန်အောင်၏ဇနီးဖြစ်သူနှင့် သွားတူနေသည့်အခါ….။ နေတိုးကလည်း ခေါင်းဆောင်မင်းသားအဖြစ် အောင်မြင်လာသည့်အချိန်၊ ရန်အောင်ကလည်း မာမီရှိန်းကို လက်ထပ်ခွင့်တောင်းနေသည့်အချိန်၊ အိန္ဒြာကျော်ဇင်ကလည်း ခင်ပွန်းဖြစ်သူအပေါ် စိတ်ပြေပြီး လွမ်းဆွတ်သတိရနေသည့်အချိန်တို့ တိုက်ဆိုင်လာသောအခါတွင်ကား….။
ဝေဖန်သုံးသပ်ချက်
- အတော်လေးတော့ ရယ်လိုက်ရတဲ့ကားလို့ ဦးစွာပြောလိုပါတယ်။ ရယ်ရတယ်လို့ ပြောတာကလည်း ဟက်ဟက်ပက်ပက် မရှိလိုက်တာ၊ ၀တ်ကျေတန်းကျေကြီးလို့ ဆိုရင်လည်း ဟုတ်ပါတယ်လို့ ၀န်ခံပါတယ်။
- မဆီမဆိုင်ဗျာ… ကိုယ့်ဘာသာကိုယ် ဘလော့ဂ်ရေးနေတဲ့ ချောက်ချီးချောက်ချက် ကျွန်တော်က မြန်မာ့ရုပ်ရှင်လောကကြီးအတွက် ရင်လေးမိတယ်လို့ပြောရင် ခင်ဗျားတို့က ကိုယ့်ဘာသာကိုယ် ကလိထိုးပြီး ရယ်ကြဦးမယ်နော်။
- မတတ်နိုင်ဘူးဗျာ… ရယ်ချင်လည်းရယ်ကြပါတော့။ တကယ်ကို ရင်လေးနေမိတယ်ဗျာ။ ပထမဆုံး မြန်မာမင်းသား၊ မင်းသမီးတွေခမြာ ဒီမဲပြာပုဆိုးဇာတ်လမ်းတွေထဲကကို ရုန်းမထွက်နိုင်တာကို ရင်လေးမိတယ်။ နောက်တစ်ခု ဟာသကားမှ မရိုက်ရင် သေချာပေါက်ရှုံးမယ်ဆိုတာ သိနေတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေအတွက် ရင်လေးမိတယ်။ နောက် ဟာသကားဆိုရင် ဘာပဲပြက်ပြက် ရယ်ရရင်ပြီးရောဆိုတဲ့ ပရိသတ်တွေအတွက် ရင်လေးမိတယ်။
- ရယ်မောတာဟာ ကောင်းပါတယ်။ ဟာသကိုဖန်တီးရတာ အခက်ဆုံးဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ လူတစ်ယောက်ကို ရယ်အောင်လုပ်ဖို့ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်တာပဲဗျာ။ ကျွန်တော်သိတာပေါ့။ ဒါပေမယ့် အမြဲတမ်းရယ်နေလို့ ရတဲ့ဟာမှ မဟုတ်တာဗျာ။
- လူတွေက ဘ၀အမောတွေကြားမှာ ရယ်စရာကားတွေကိုပဲ နှစ်သက်အားပေးကြတယ်။ ရယ်စရာကားတွေပဲ ကြည့်ချင်ကြတယ်လို့ ခဏခဏ ဖတ်ရတယ်။ ဟုတ်ပါတယ်။ ဘ၀အမောတွေပြေစေဖို့ ရယ်စရာကားတွေ လိုအပ်တာကို အကြွင်းမဲ့ လက်ခံပါတယ်။ ရှိကိုရှိသင့်တဲ့ ဇာတ်ကားတွေပါ။ ဒါပေမယ့် ထွက်သမျှ၊ တင်သမျှ ဇာတ်ကားအားလုံးက ဟာသကားတွေဆိုရင်တော့ ဒါဟာ တစ်ခုခုလွဲမှားနေပြီဆိုတာကို နားလည်သင့်ကြပါပြီ။
- ဘ၀အမောတွေ ပြေစေဖို့ ဟာသကားတွေလိုအပ်သလို၊ လူတွေရဲ့ စာရိတ္တတွေကို ပြုပြင်ဖို့၊ လူတွေရဲ့ စိတ်အာဟာရတွေကို ဖြည့်ဆည်းပေးဖို့၊ လူတွေရဲ့ ရင်ထဲမှာ မေတ္တာတရား၊ သံယောဇဉ်တရား၊ ကရုဏာတရားတွေ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးမယ့် ရုပ်ရှင်ဇာတ်ကားတွေရော မလိုအပ်တော့ဘူးလား။
- ရုပ်ရှင်ကြည့်လိုက်တဲ့ခဏမှာ ရယ်မောလိုက်တယ်။ အမောတွေ ခဏပြေသွားတယ်။ ကောင်းပြီ။ ပြီးလည်းပြီးရော အဲဒီလူတွေက ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓာတ်နဲ့ စီးပွားရှာနေကြရင်၊ ဆေးကုနေကြရင်၊ ရှေ့နေလိုက်နေကြရင်၊ စာသင်နေကြရင်၊ တိုက်တာအဆောက်အအုံတံတားတွေ ဆောက်နေကြရင် ဘယ်နှယ့်လုပ်ကြမလဲ အရပ်ကတို့။
- ကာတွန်းလေးတစ်ကွက်ထဲကလို အခုလက်ရှိရုပ်ရှင်လောကကြီးက မာမီဘူတာကို ရောက်နေပြီလား မသိပါဘူးဗျာ။ အခုတလော မာမီဇာတ်ကားတွေ၊ အခြောက်ဇာတ်ကားတွေ အကြောင်း အများကြီးကို ဖတ်နေရ၊ ကြည့်နေရပါတယ်။ ကြာရင် မြန်မာတစ်ပြည်လုံး မာမီတွေဖြစ်ကုန်ကြမယ်ဗျို့။ ထုတ်လုပ်ရေးတွေ၊ ဒါရိုက်တာကြီးတွေ သတိထားကြပါဦးဗျို့။ အဲဒီ နွဲ့တဲ့တဲ့ မာမီတွေနဲ့ နိုင်ငံကို တည်ဆောက်လို့ မရနိုင်ဘူးဆိုတာကို မမေ့ကြဖို့ နှိုးဆော်လိုက်ပါတယ်။
- စစချင်းအခန်းမှာပဲ ရပ်ကွက်ရုံးမှာ လင်မယားကွာရှင်တဲ့အခန်းကို ပြတဲ့အခါ သူများတွေက ဘာတွေရယ်နေကြတယ်မသိဘူး။ ကျွန်တော်ကတော့ ဥက္ကဋ္ဌကြီး စာလုံးပေါင်းမှားတာကိုကြည့်ပြီး ရယ်နေရတယ်။ တကယ်ပဲ။ မြန်မာစာကျွမ်းကျင်သူတွေ၊ ပညာရှင်တွေသာ ကြည့်မိရင် ရင်နာလို့ကို ဆုံးမှာမဟုတ်ဘူး။ မြန်မာလူမျိုး ဇာတ်လမ်းရေးသူကရေးထားတာကို မြန်မာဒါရိုက်တာက မြန်မာပြည်မှာရိုက်တဲ့ မြန်မာဇာတ်ကားမှာ မြန်မာစာလုံးပေါင်းက မမှန်ဘူးဆိုတော့ ဒီ့ထက်ရယ်စရာကောင်းတာ ရှိသေးသလားဗျာ။ (ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောဦးမယ်…. ဗြိတိန်မှာ အင်္ဂလိပ်စကားကို ဌာန်ကရိုဏ်းကျကျ အသံထွက် မှန်မှန်ကန်ကန် အပြောနိုင်ဆုံးက အင်္ဂလိပ်တွေမဟုတ်ဘူး၊ နိုင်ငံခြားသားတွေတဲ့။ အဲဒါ တကယ့်အဖြစ်အပျက်ပါ။ သုတေသနလုပ်ထားတဲ့ အမှန်တရားတစ်ခုပါ။ ရယ်ရမှာလား ငိုရမှာလားဆိုတာတော့ စာဖတ်သူရဲ့ စိတ်ကသာ စကားပြောပါတယ်) အခုလည်းကြည့်ပါဦး။ ဘာမှခက်တဲ့ စကားလုံးလေးလည်း မဟုတ်ဘူး။ သတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း အမြဲတမ်းပါနေတဲ့ စကားလုံးပါဗျာ။ နိုင်ငံခြားသားရိုက်တဲ့ဇာတ်ကားကျမှပဲ စာလုံးပေါင်းမှန်တော့မယ်ထင်ပါရဲ့ဗျာ။ ဦးမိုးဒီကြီးရဲ့ရှေ့မှာ အခန့်သားကြီး ရေးထားတာက "ဥက္ကဌ" တဲ့။ ကောင်းရောဗျာ။ စာလုံးပေါင်းအမှန်က "ဥက္ကဋ္ဌ" ပါခင်ဗျာ။ လည်ရစ်ပါတယ်ခင်ဗျ။
- အတင်းကလိထိုးနေတာတွေကိုတော့ အတော်လေးကို စိတ်ကုန်မိတယ်။ ဒီဇာတ်ကားမှာလည်း အများကြီးပါတယ်။ ပရိသတ်ကရယ်ရင်ပြီးရော လုပ်ပြနေပေမယ့် တချို့ဟာတွေက လုံးဝကို အဆင့်အတန်းမရှိလွန်းဘူးဗျာ။ ပရိသတ်တွေကို နလပိန်းတုံးတွေလို့ မှတ်ယူပြီး ပြချင်ရာပြနေတယ်လို့ မြင်လာတယ်။ (သူငယ်ချင်းယောက္ခမဇာတ်ကားကို ပြေးမြင်မိတယ်။ ယုတ္တိမရှိတဲ့ ဇာတ်လမ်းချင်းတူပေမယ့် အတင်းကလိထိုးတာမပါဘဲ ရယ်အောင်လုပ်ပြသွားတာကို ပြန်ကြည့်ကြစေချင်တယ်။ ဤကားစကားချပ်။ ကြော်ငြာတာမဟုတ်ပါ။ ချီးကျူးတာပါ။)
- အပြာရောင်သန်းတဲ့ ပြက်လုံးတွေကိစ္စကလည်း ပြောရလွန်းလို့ စိတ်ညစ်လာပြီ။ ခေတ်ကြီးကိုက မကောင်းပါဘူးဗျာ။ ဆုတ်ကပ်ကြီးပါလို့ လူတွေခဏခဏ ပြောတတ်ကြတယ်။ မကောင်းအောင်လုပ်နေကြလို့ ခေတ်ကြီးက မကောင်းတာဆိုတာကိုကျ ဘယ်သူကမှ အလေးမထားကြဘူး။ လူတွေကောင်းတာလုပ်ရင် ခေတ်ကကောင်းမှာပဲ။ လူတွေဆိုးတာလုပ်ရင် ခေတ်ကဆိုးမှာပဲ။ အခုလည်းကြည့်ဦး အမျိုးသမီးငယ်တွေ အရွယ်မရောက်သေးဘဲ ဖြစ်ချင်ရာတွေ ဖြစ်ကုန်ကြတာလည်း မပြောနဲ့လေ။ ရုပ်ရှင်မှာ ခါးအောက်ပိုင်းမလွတ်အောင်ပြောတာက ၈၀ ရာခုန်နှုန်းလောက် ပါနေကြတယ်။ လာကြည့်ကြတဲ့ အမျိုးကောင်းသမီးတွေကလည်း ရှက်ရကောင်းမှန်းမသိတာလား၊ ရှက်ကိုမရှက်တာလားမသိဘူး။ ဘေးကသကောင့်သားတွေကိုတောင် ရိုက်ပြီး အူလှိုက်သည်းလှိုက် ရယ်နေကြသေးသဗျ။ ကျွန်တော့်မှာ ဘေးကနေ သူတို့ကိုကြည့်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ ဘုရား… ဘုရား… ဘုရား။ (ကျွန်တော်တို့ ငယ်ငယ်က အိမ်တွေမှာ နိုင်ငံခြားဇာတ်လမ်း ကြည့်နေရင်းနဲ့ မင်းသားနဲ့မင်းသမီး နမ်းတဲ့အခန်းများရောက်ပြီလားဆိုရင် အဖေ ဒါမှမဟုတ် အမေ ဒါမှမဟုတ် အစ်ကိုလုပ်တဲ့လူက အခွေကို ရှေ့အမြန်ရစ်ကြရ၊ အမျိုးသမီးတွေကလည်း မျက်နှာတွေငုံ့ထားကြတာကို လွမ်းမိသေးတယ်။ ပြောရင်လည်း ပုံပြင်တွေလို့ ထင်ကြဦးမယ်။ အဲဒါ တကယ်ပါ။ သိတဲ့မီတဲ့လူတွေကို မေးကြည့်ကြပါ။ ခေတ်နောက်ပြန်ဆွဲနေတာ မဟုတ်ပါဘူး။ ခေတ်မမီသင့်တာကို ခေတ်မမီစေချင်တာပါ။ ရုပ်ရှင်ရုံထဲမှာ လာကြည့်ကြတဲ့လူအများစုက ဆယ်ကျော်သက်တွေမို့ပါ။ သူများနိုင်ငံမှာ လူတိုင်းနီးနီးက ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တယ်။ ငါတို့လည်း သုံးတတ်အောင် လေ့ကျင့်ထားမယ်၊ သင်ထားမယ်ဆိုတဲ့စိတ်တော့ မရှိဘူး။ မဟုတ်တဲ့ဟာတွေကျတော့ ခေတ်မီရုံတင်မဟုတ်ဘူး။ ခေတ်ကိုတောင် ကျော်နေတယ်။ ဒုတိယအကြိမ် ဘုရား.. ဘုရား.. ဘုရား..)
- ကလေးသရုပ်ဆောင် ယွန်းယွန်းကိုတော့ အမှတ်ပေးမိပါတယ်။ အတော်လေးကို သရုပ်ဆောင်ကောင်းလာတာကို တွေ့ရပါတယ်။ သူ့ပုံစံလေးနဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်လေးဖြစ်သွားလို့လည်း ဖြစ်မှာပါ။
- အိန္ဒြာကျော်ဇင်ကတော့ သိတဲ့အတိုင်းပဲ။ ရုပ်ရှင်ကဝေပီပီ မျက်နှာလေးကိုပဲ ရှုံ့လိုက်၊ မဲ့လိုက်၊ ပြုံးလိုက်၊ ထေ့လိုက်နဲ့ စကားလုံးတွေအများကြီး ပြောပြသွားပါတယ်။ ဒါကလည်း သူ့ရဲ့ သမ္ဘာပါပဲ။ အဲဒါကြောင့်လည်း နောက်တက်လာတဲ့ မင်းသမီးတွေ အိန္ဒြာကျော်ဇင်ကို မမီကြသေးတာပါ။ မျက်လုံးနဲ့ မျက်နှာပေးလေးနဲ့ စကားပြောတာတွေမှာ အိန္ဒြာကျော်ဇင်ဟာ တကယ့်အိတ်စပတ်ပါပဲ။
- နေတိုးကလည်း မာမီရှိန်းအဖြစ် ပီပြင်အောင် သရုပ်ဆောင်နိုင်ပါတယ်။ အသံကအစ အတော်လေးကို ဂရုစိုက်ပြီး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
- ရန်အောင်ကြီးခမြာလည်း အသက်ကြီးကာမှ ပေါတောတော ဖြစ်နေတာကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ အခုနောက်ပိုင်းကားတွေမှာဆို ရန်အောင်ခမြာ အဲဒီလိုဇာတ်ကောင်တွေချည်းပဲ လုပ်နေရတယ်။ ကျွန်တော်သာ ရန်အောင့်နေရာမှာဆိုရင် လုံးဝကို အဲဒီလိုဇာတ်ကောင်တွေမရိုက်ဘူး။ ဘာကြောင့်လည်းဆိုတော့ ရန်အောင်ဟာ သာမန်ရုပ်ရှင်မင်းသားမဟုတ်ပါဘူး။ ရုပ်ရှင်လောကကို အနိုင်နဲ့ပိုင်းမယ်ဆိုရင်တောင် ပိုင်းလို့ရနေပြီဖြစ်တဲ့ မင်းသားပါ။ အခုပုံစံအတိုင်းဆိုရင်တော့ ရန်အောင်ရဲ့ သမိုင်းဟာ မကောင်းလှပါဘူး။ အခုခေတ်ကလေးတွေက အခုဇာတ်ကားတွေမှာ ပါနေတဲ့ ရန်အောင်ကိုပဲ မြင်နေရတာ။ အရင်တုန်းက ရန်အောင်ကို သိကြတာမဟုတ်ဘူး။ သူ့ရဲ့သရုပ်ဆောင်မှုတွေကို သဘောကျခဲ့တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ စိုးရိမ်ပြီးပြောတဲ့စကားပါ။ ရန်အောင်ဆိုတာ ၀င်ဦးကိုယ်ပွားလို့တောင် ပြောခဲ့ကြတာမဟုတ်လား။
- အဲဒီကားထဲမှာ နေတိုးကို ရုပ်ရှင်မင်းသားဇာတ်ကောင်အဖြစ် သရုပ်ဆောင်စေပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရိုက်တဲ့အကြောင်း ပြတဲ့အခန်းမှန်သမျှက တစ်ခုမှကို ကောင်းကောင်းမွန်မွန် မရှိပါဘူး။ အခြောက်ဓားပြလုပ်တဲ့အခန်း၊ ဂျစ်ကားကြီးနဲ့ တိုင်းခန်းလှည့်တဲ့ သိဝိမင်းအခန်း၊ ယောက်ျားတစ်ခြမ်း မိန်းမတစ်ခြမ်း မိတ်ကပ်ခြယ်ပြီး နှစ်ကိုယ့်တစ်စိတ်ဇာတ်ရုပ်နဲ့ ပိုးအိစံရဲ့ ကုလားသီချင်းကို ကပြတဲ့အခန်းတွေကိုပဲ ရိုက်နေတာ မြင်ခဲ့ရတယ်။ မြန်မာကားတွေလည်း တဖြည်းဖြည်း ဘောလိဝုဒ်က ဇာတ်ကားတွေနဲ့ တော်တော်တူလာပြီ။ သီချင်းဆိုလိုက် ကလိုက်ပေါ့။ အေးပေါ့လေ… အိမ်နီးချင်းတွေဆိုတော့လည်း သူတို့ဆီက ယဉ်ကျေးမှုတွေ ကူးမှာပေါ့။ နောက်ဆိုရင် ဆာရီတွေတောင် ခြုံကြဦးမလား မသိဘူး။
- ဇာတ်လမ်းလေးကတော့ မဆိုးလှပါဘူး။ ဇာတ်ကွက်လေးသေသေချာချာချပြီး ရိုက်မယ်ဆိုရင် အတော်လေးကို ကောင်းမယ့်ဇာတ်လမ်းပါ။ ဒါပေမယ့် ပိုက်ဆံမျက်နှာတစ်ခုတည်းနဲ့ ဟာသကားမဖြစ်ဖြစ်အောင် ရိုက်သွားတဲ့အတွက် ကောင်းချင်နေတဲ့ဇာတ်က ပေါတောတော ဖြစ်သွားတော့တာပေါ့။
- ပထမတစ်ချက် - ကျွန်တော်တို့မြို့လေးမှာ ရုပ်ရှင်ဇာတ်ကားသစ်တင်တိုင်း အားလုံးနီးပါးလောက် ကျွန်တော်သွားကြည့်ဖူးပါတယ်။ ဒါပေမယ့် တစ်ခါမှ လူပြည့်လျှံနေတာ။ လက်မှတ်ဝယ်လို့မရတာ မဖြစ်ခဲ့ဖူးဘူး။ ဒီနေ့ ကျွန်တော်လက်မှတ်သွားဝယ်တော့ အပေါ်ထပ်ကြည့်နေကျနေရာတွေ၊ အလယ်ခုံတွေ လုံးဝကို မရှိတော့ဘူး။ ညမှာပြတဲ့ပွဲကို နေ့လည်ကတည်းက လက်မှတ်ဝယ်တာပဲ။ တစ်နေကုန်လည်း (၄)ပွဲတောင် ပြနေတာပဲ။ တင်တာကလည်း သောကြာနေ့ကတည်းက။ လူများနေသေးလို့ ကျွန်တော်မကြည့်သေးတာ။ အမယ်လေး ထူးထူးဆန်းဆန်းဗျာ။ ဘေးခုံပဲရတယ်။ ဒီနေ့ကြည့်ဖို့အတွက် အချိန်ဇယားဆွဲထားပြီးသားဆိုတော့ ၀ယ်လိုက်ရတာပေါ့။ ၀ယ်ပြီးပြန်ထွက်လာတော့ အမယ်မင်း… အပြင်မှာ မှောင်ခိုလက်မှတ်ရောင်းသဗျာ။ အလယ်ခုံတန်းတွေ တစ်ဆက်တည်း ရှိတယ်အစ်ကိုတဲ့။ ဘုရားရေ… ဒီလိုမြို့လေးမှာတောင် ရုပ်ရှင်မှောင်ခိုလက်မှတ်ရောင်းသတဲ့လား။ အံ့သြစရာပါပဲ။ မာမီရှိန်းရေ… အရှိန်အ၀ါကြီးလွန်းလှပါတယ်ဗျာလို့ စိတ်ထဲက အော်လိုက်မိပါတယ်။ ၄၀၀ ကျပ်တန်လက်မှတ်ကို ၆၀၀ ကျပ်တဲ့။ ညပိုင်း ကျွန်တော်သွားကြည့်တော့ ပြခါနီးအချိန်မှာ ၈၀၀ ကျပ် ဖြစ်သွားတာ တွေ့ရတယ်။ ၀ယ်တဲ့လူတွေလည်း ၀ယ်နေကြသဗျ။ သြော်… နောက်နေ့လည်း ပြဦးမယ့်ဟာကိုနော်။ ကြည့်ရတာ ချစ်ချစ်ကလေးတွေကို မငြိုညင်စေချင်ဘူး ထင်ပါရဲ့။ ရောင်းတဲ့လူကလည်း အဲဒီလိုဂွင်တွေကို ရှာတာဖြစ်မှာပါ။ လူကဲခတ်မှားပြီး ကျွန်တော့်ကို လာရောင်းလို့သာ သူ့ခမြာ လေကုန်ပြီး မရောင်းရဖြစ်သွားတာ။ ဟား… ဟား…. ဟား…။ မာမီရှိန်းထက်ကို ရယ်ရတယ်။ (ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ)
- ဒုတိယတစ်ချက် - ဇာတ်ကားကြည့်နေရင်းနဲ့ ငါကြည့်နေတာ ရုပ်ရှင်ရုံလား၊ ရှေးခေတ် မြေ၀ိုင်းဇာတ်လားလို့ တွေးနေမိတယ်။ ဘယ်နှယ့်ဗျာ။ သဘောကျတဲ့အခန်းတွေဆိုရင် တစ်ရုံလုံး လက်ခေါက်တွေမှုတ်၊ လက်ခုပ်တွေတီး၊ ဓာတ်မီးတွေနဲ့ ပိတ်ကားကိုထိုး၊ ဝေးကနဲအော်ကြနဲ့ ကျွန်တော့်မှာ အံ့ကိုသြရောပဲ။ ရွှေဘလက်သီးနဲ့ထိုးလိုက်ရင် ရှေးခေတ်တုန်းက ၀ိုင်းပြီးလက်ခုပ်တီးကြ၊ အားပေးကြတယ်ဆိုတာ ဟုတ်မှာပဲလို့ တွေးမိတယ်။ ယုံလည်းယုံသွားတယ်။ အရင်တုန်းကတော့ ရွှေဘနိုင်မှာပါခင်ဗျာလို့ စာတန်းထိုးပေးရတဲ့အထိ အားပေးကြသတဲ့။ အခုလည်း စာတန်းတစ်ခု ထိုးပြသင့်နေပါပြီ။ ရုပ်ရှင်ကြည့်နေတာဖြစ်ပါသည်လို့။ ဘယ်နှယ့်ဗျာ။ ရပ်ကွက်ထဲက ဘောလုံးကွင်းမှာ ဗလာဇာတ်ပွဲ လာကြည့်နေရသလိုပဲ။ တရွှီရွှီ၊ တဖြောင်းဖြောင်းနဲ့။ ဗျာ… ကျွန်တော်က အကဲပိုတယ်ဟုတ်လား။ သြော်… ခင်ဗျားကလည်း သူတို့အဲဒီလို လက်ခေါက်မှုတ်တာ၊ ဝေးကနဲအော်တာ၊ လက်ခုပ်တီးကြတာတွေက တခြားအခန်းတွေမဟုတ်ဘူးဗျ။ ခါးအောက်ပိုင်းမလွတ်တဲ့အခန်းတွေ၊ အရောင်ပါတဲ့ပြက်လုံးအခန်းတွေကို အော်ကြဟစ်ကြတီးကြမှုတ်ကြတာဗျ။ ကျွန်တော်ဖြင့်လေ တစ်ခါမှ မကြုံဖူးတဲ့အတွက် ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး။ (ပြောတတ်သလို ပြောထားတာကို အပေါ်မှာ ရေးထားတယ်နော်။ ဖတ်ကြည့်တော့။)
ကဲ နောက်ဆုံးအနှစ်ချုပ်လိုက်ရင်တော့ အတင်းကလိထိုးတာတွေများ ခံချင်ရင် မာမီရှိန်းကို သွားကြည့်ကြပါ။ ကိုယ့်သားငယ်၊ သမီးငယ်၊ ညီငယ်၊ ညီမငယ်တွေကို အပြာရောင်စကားလုံးတွေ ကိုယ်တိုင်မသင်ပေးချင်ရင် မာမီရှိန်းဇာတ်ကားကိုသာ ပြလိုက်ပါ။ ကြည့်ပြီးသွားရင် အသင်လွတ် တတ်သွားပါလိမ့်မည်။
အခုနောက်ပိုင်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေဟာ ပြဇာတ်ဆန်လာတာတွေ့ရပါတယ်။ အဲဒီလိုဆိုတော့ ပြဇာတ်တွေကများ ရုပ်ရှင်ဆန်နေကြသလားလို့ တွေးမိသွားပြန်တယ်။ `ကိုးဆယ်ဆသာလိမ့်မယ်´ ပြဇာတ်ကြီးကို ရုပ်ရှင်အဖြစ် အောင်မြင်အောင် ရိုက်ပြနိုင်ခဲ့တဲ့ မြို့တော်မောင်ယဉ်အောင်ကိုပဲ ခေါ်မေးရတော့မယ်ထင်ပါရဲ့ဗျာ။
အားမနာတမ်းပြောရလျှင်တော့ မာမီရှိန်းဇာတ်ကားကို ပိုက်ဆံရအောင် ခါတော်မီရိုက်ကူးထုတ်လုပ်လိုက်တဲ့ "မန်းနီးရှိန်း" ဇာတ်ကားအဖြစ်သာ မြင်မိပါကြောင်း။
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂ ရက်၊ စနေနေ့။
ည ၁၁ နာရီ ၂၅ မိနစ်တွင်ပြီး၏။
မာမီရှန်း ကားလေးပြန်ကြည့်ချင်ပါတယ်
ReplyDeleteကူညီပါဗျာ ဘယ်မှာရှာရမလဲ