အစကတော့ "နိုင်ငံတော်သီချင်းကို ဘယ်သူရေးစပ်ခဲ့သလဲ" ဆိုတဲ့ ဆောင်းပါးအဆုံးမှာ ကျွန်တော့်အတွေးလေးကို မှတ်ချက်အနေနဲ့ ရေးမလို့ပါပဲ။ ဒါပေမယ့် မူလဆောင်းပါးကို ထိပါးသလိုဖြစ်သွားမှာရယ်၊ ဘာမဟုတ်တဲ့ ကျွန်တော့်စာတွေကြောင့် အဖိုးတန်လှတဲ့ မူလဆောင်းပါးရဲ့ တန်ဖိုးကို မနိမ့်ကျစေချင်တာကြောင့် အခုလို သီးသန့်ပို့စ် ရေးလိုက်တာပါ။
ဒီဆောင်းပါးကို ဖတ်နေရင်းနဲ့ ပထမဆုံး သတိရမိတာက နိုင်ငံတော်သီချင်းနဲ့ ပတ်သက်တဲ့ အခြားဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်ဖတ်ဖူးနေတယ် ဆိုတာပါပဲ။ ဒီလိုအကြောင်းအရာ မဟုတ်တာတော့ အသေအချာသိနေတယ်။ ပြန်ရှာပါဦးမယ်။ ကျွန်တော့်ကွန်ပျူတာထဲမှာ သိမ်းထားတာတော့ ရှိမှာသိနေပါတယ်။ အဓိက,ကတော့ သီချင်းရေးသူဆိုတဲ့ ကိစ္စအတွက်ပါ။ ကျွန်တော်ဖတ်ဖူးတဲ့ဆောင်းပါးက တစ်မျိုးများလို့ပါ။ ပြန်ရှာပြီး ပြန်တင်ပေးပါ့မယ်။
နောက်တစ်ခုက နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက လွတ်လပ်ရေးနေ့အခမ်းအနားမှာ သီဆိုဖို့အတွက် ရွှေတိုင်ညွန့်ကို ခေါ်ခိုင်းတဲ့ဆိုတဲ့ကိစ္စပါ။ ဆောင်းပါးမှာ ရေးထားပုံအရဆိုရင် ရွှေတိုင်ညွန့်သေတာကို ၀န်ကြီးချုပ်ဦးနု မသိဘူးဆိုတာက နည်းနည်းများ ဆန်းနေသလားလို့ပါ။ ရွှေတိုင်ညွန့်ဆိုတာ တိုင်းသိပြည်သိ က၀ိတစ်ပါးမဟုတ်ပါလား။ (ဒီနေ့ခေတ် လူငယ်တွေသိအောင် အလွယ်ပြောရရင် အင်ပါယာရဲ့ အထင်ကရကြီး ဇော်ဝင်းထွဋ်ရဲ့ အဘိုးပါ။ အီတိုးရဲ့ အဘေးပေါ့။) ထိုကဲ့သို့ ပုဂ္ဂိုလ်ကျော်တစ်ယောက် သေတာတောင် နိုင်ငံတော်ဝန်ကြီးချုပ်က မသိတာကတော့ တစ်မျိုးကြီး ဖြစ်နေသလားလို့ပါ။ "မင်းနားတစ်ထောင်" ဆိုတာ မြန်မာစကားပုံပါ။ သူများစကားပုံ မဟုတ်ပါဘူး။ ၀န်ကြီးချုပ်ဖြစ်တဲ့အတွက် အလုပ်ရှုပ်တာ၊ မအားလပ်တာကို လက်ခံပါတယ်၊ နိုင်ငံတစ်ခုလုံး လွတ်လပ်တော့မယ့်အရေးကိစ္စတွေနဲ့ မအားလပ်ရအောင် ဖြစ်နေမှာကို ကိုယ်ချင်းစာနိုင်ပါတယ်။ ဒါပေမယ့်ဗျာ… အနီးနားမှာရှိတဲ့ တပည့်တွေအများကြီးထဲကမှ တစ်ယောက်ယောက်ကို မေးလိုက်ရင်တောင် သိနိုင်မယ်ထင်တာပါပဲ။ ကျွန်တော့်အတွေးပါနော်။
နိုင်ငံတော်သီချင်းရေးဖို့ ကိစ္စမှာ တေးရေးဆရာတွေအချင်းချင်း စကားများရန်ဖြစ်ကြတာကို လက်ခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ်ဘယ်သူ့ကိုမှ ထပ်ပြီးစည်းရုံးလို့ မရတော့ဘူးဆိုတာက တစ်မျိုးများ ဖြစ်နေသလားလို့။ ရန်ဖြစ်တာက နှစ်ယောက်ပဲ။ မြန်မာပြည်မှာ နာမည်ကြီးတေးရေးဆရာတွေမှ အဲဒီအချိန်က အများကြီးပါပဲ။ သူတို့တွေက ဘာကိစ္စ ကိုယ့်နိုင်ငံတော်သီချင်းရေးဖို့ကိစ္စကို လက်ရှောင်ကြတာပါလဲ။ စည်းရုံးလို့မရတာပါလဲ။ တစ်ခုခုတော့ ရှိမယ်လို့ ထင်ပါတယ်။ သီချင်းရေးဆရာတွေက နိုင်ငံတော်ကိစ္စကြီးကိုတော့ အလကားနေရင်း မငြင်းဆန်လောက်ဘူးထင်ပါတယ်။ သိမီတဲ့လူများ၊ အမှတ်အသားရှိတဲ့လူများရှိရင် ရေးကြစေချင်ပါတယ်။
ဦးစိန်မြမောင်တစ်ယောက်တည်း ရေးနိုင်ရင် ရေးပေးစမ်းပါလို့ ၀န်ကြီးချုပ်ဦးနုက တာဝန်ပေးတယ်ဆိုတာကိုလည်း ဘ၀င်မကျဘူးဗျ။ ဒီသီချင်းကိစ္စဟာ နိုင်ငံတော်အရေးဖြစ်ပါတယ်။ နိုင်ငံတစ်ခုလုံး၊ မြန်မာလူမျိုးအားလုံး သီဆိုကြရမယ့် သီချင်းဖြစ်ပါတယ်။ အဲဒီလိုသီချင်းကို ရေးဖို့အတွက် တာဝန်ပေးလိုက်တာ ပေါ့ပေါ့တန်တန် ဖြစ်လွန်းသလားလို့ပါ။ ကျွန်တော်ဘယ်လိုမှ စဉ်းစားလို့မရပါဘူး။ ဘာမဟုတ်တဲ့ ကျွန်တော်လိုကောင်တောင် အဲဒီလိုတွေးမိသေးရင် ၀န်ကြီးချုပ်ဆိုတဲ့လူက ကျွန်တော့်ထက်တော့ အများကြီးပိုတွေးနိုင်မယ်လို့ ထင်ပါတယ်။ ဦးနုဆိုတာလည်း ဒီနေ့အထိ အကြိမ်ကြိမ်ပြန်ဖတ်နေရဆဲ ဋီကာကြီးတွေကို ရေးခဲ့တဲ့ စာရေးဆရာတစ်ယောက်ပါပဲ။ ဒီကိစ္စကို ကလေးကစားစရာလို သဘောထားမှာမဟုတ်ဘူးလို့တော့ ထင်မိတာပါပဲ။
ဆရာဇော်ဂျီဦးဆောင်တဲ့ အကဲဖြတ်အဖွဲ့ဆိုတာကို စိတ်ဝင်စားတယ်။ အရမ်းကို စိတ်ဝင်စားတယ်။ အဲဒီအဖွဲ့မှာ ဆရာဇော်ဂျီနဲ့အတူ ဘယ်သူတွေပါသလဲဆိုတာကို သိချင်လိုက်တာဗျာ။ သိတဲ့လူများရှိရင် ကူညီကြပါဦး။ ကျွန်တော်တွေးမိတာက ကမ္ဘာမကြေဟာ သီချင်းဖြစ်တဲ့အတွက် တေးသီချင်းဆိုင်ရာ ပညာရှင်တွေလည်း ပါမှာပါပဲ။ ဆိုလိုတာက စကားလုံးတွေကို စိစစ်ဖို့အတွက် ဆရာဇော်ဂျီလို ပုဂ္ဂိုလ်ပါတယ်။ ဟုတ်ပြီ။ အခြားသော တေးသံစဉ်အတွက် ဘယ်လိုပညာရှင်တွေပါသလဲဆိုတာကို ပြောမထားဘူး။ ကျွန်တော်တွေးမိတာက စောစောက စည်းရုံးလို့မရတဲ့လူတွေများ အဲဒီအဖွဲ့မှာ ပါနေမလားလို့ပါ။
ပထမဆုံး ကမ္ဘာမကြေသီချင်းကို အမေရိကန်တီးဝိုင်းတစ်ခုရဲ့ အကူအညီနဲ့ အသံသွင်းခဲ့တယ်ဆိုတာကတော့ အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒီအချိန်က မြန်မာ-အမေရိကန် ဆက်ဆံရေးကို လှမ်းမြင်လိုက်ရသလိုပါပဲ။ ဖြစ်နိုင်ရန် ဘယ်တီးဝိုင်းလဲဆိုတာ၊ အဲဒီအမေရိကန်တီးဝိုင်းက မြန်မာပြည်ကို ဘာကိစ္စနဲ့ ရောက်နေရသလဲဆိုတာကို သိခွင့်ရရင် အင်မတန်အဖိုးတန်မှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာမကြေသီချင်းနဲ့ ဆက်စပ်ပတ်သက်နေတဲ့အတွက်ပါ။ သမိုင်းမှတ်တမ်းအတွက် အသုံးဝင်၊ အဖိုးတန်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီအဖိုးတန်ဆောင်းပါးကို ရေးသားခဲ့တဲ့ ဆရာတက္ကသိုလ် စိုးမိုးနဲ့ ဖော်ပြပေးခဲ့တဲ့ 7Day News ဂျာနယ်ကို တကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၇ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၁၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment