နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဖွင့်စာသင်နေစဉ်က နေ့စဉ် ၀တ္တရားမပျက် ဆောင်ရွက်ခဲ့တဲ့ အလုပ်တစ်ခုရှိပါတယ်။ ကျောင်းသားထိုင် စားပွဲရှည်ကြီးသုံးလုံးနဲ့ ဆရာထိုင် ရုံးစားပွဲတစ်လုံးမှာ အလှစိုက်ပန်းအိုးတွေ ထိုးတဲ့အလုပ်ပါ။ ကိုယ်တိုင်အချိန်ယူပြီး စိတ်ရှည်လက်ရှည်လုပ်ပါတယ်။
မုန်ညင်းပွင့်လည်း ပန်းပဲ
ပန်းထိုးဖို့ ပန်းအိုးမျိုးစုံလည်း စုဆောင်းထားပါတယ်။ အရွယ်စုံ ပန်းစိုက်ဆူးအမျိုးမျိုး၊ ရေမြှုပ်အမျိုးမျိုးနဲ့ အပု၊ အရှည်၊ အ၀ိုင်း၊ လေးထောင့်၊ သုံးမြှောင့် စသည်ဖြင့် ပန်းအိုးတွေလည်း အလဲလဲအလှယ်လှယ်နဲ့ သုံးပါတယ်။ တစ်ခါတလေ တောင်ကြီးအိမ်က ပို့လိုက်တဲ့အထဲမှာ တစ်တောင်လောက်ရှည်တဲ့ မုန်လာဥကြီးနဲ့ မုန်ညင်းတွေပါလာရင် မုန်ညင်းပွင့်တွေနဲ့ မုန်လာဥကို တခြားပန်းတွေနဲ့ရောပြီး ထိုးထားတတ်ပါတယ်။ မုန်ညင်းပွင့်ဝါ၀ါကလေးတွေကို ဘာပန်းလေးတွေလည်း လှလိုက်တာလို့ အံ့သြကြသလို မုန်လာဥကြီးကြည့်ပြီး အထူးအဆန်းလည်း ဖြစ်နေတတ်ကြပါတယ်။
လူ့စရိုက်ကိုသိဖို့
စားပွဲတိုင်းမှာ ပန်းတွေဝေနေအောင် ထိုးထားတာဟာ အလှကို ကြည့်ဖို့၊ စိတ်ကြည်နူးစေဖို့သက်သက် မဟုတ်ပါဘူး။ ပညာသင်ကြားခြင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ စားပွဲတွေမှာထိုင်နေတဲ့ ကျောင်းသားကျောင်းသူ ပေါင်းစုံရဲ့ စိတ်ဓာတ်တွေကို လေ့လာလို့ရပါတယ်။ တချို့ကျောင်းသား၊ ကျောင်းသူတွေက ပန်းကလေးတွေ နှစ်သက်စုံမက်စွာ နမ်းကြည့်တတ်ပါတယ်။ တချို့က နွမ်းလျော်နေတဲ့ အရွက်ကလေးတွေကို ဂရုတစိုက် ခြွေပစ်တတ်ပါတယ်။ တချို့ကတော့ စကားပြောရင်း အမှတ်မထင် လက်က ပန်းပွင့်ကလေးတွေကို ကိုင်လိုက်၊ ဆွလိုက်နဲ့ လုပ်တတ်ကြပါတယ်။
အရိုင်းအစိုင်းဘ၀ ပြန်ရောက်မယ်
သူတို့တစ်တွေရဲ့ သဘာဝကို သိရတဲ့အခါကျတော့ ဘာသင်ပေးသင့်တယ်ဆိုတာ ရွေးချယ်နိုင်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း ယေဘုယျသဘောနဲ့ အလှရဲ့တန်ဖိုးကို ပြောပြရပါတယ်။ အလှနဲ့ရသက လူ့လောကကြီးကို သာယာလှပငြိမ်းချမ်းအောင် စောင့်ရှောက်ထားပုံနဲ့ အလှနဲ့ရသ ဆိတ်သုဉ်းရင် လောကကြီးလည်း အရိုင်းအစိုင်းဘ၀ကို ပြန်ရောက်သွားပြီး ကြီးနိုင်ငယ်ညှဉ်း လုပ်ကြရင်းနဲ့ လုံးဝဆိတ်သုဉ်းသွားနိုင်ပုံတို့ကို ပြောပြရပါတယ်။
တစ်ထွာပြ တစ်လံမြင်
ဒီခေတ်က အလှပျောက်တဲ့ ခေတ်မဟုတ်လား။ တော်ကြာ အယ်လ်နီညိုနဲ့၊ တော်တော်ကြာ လာနီညာနဲ့ ပူချင်ရင် တအားပူလိုက်၊ အေးချင်ရင် တအားအေးလိုက်နဲ့ လူတိုင်းကိုယ်တွေ့ ကြုံနေကြရတာ။ တစ်ကမ္ဘာလုံးမှာလည်း သစ်တောကြီးတွေ ပြုန်းတီးလို့၊ ဖုန်းဆိုးတောတွေ ကျယ်ပြန့်လာလို့၊ မိုးခေါင်လို့၊ ရေကြီးလို့၊ စားနပ်ရိက္ခာတွေ ရှားပါးလို့ စတဲ့စတဲ့အသံတွေ နေ့တိုင်းမကြားချင်အဆုံး ဖြစ်နေတာမဟုတ်လား။ ဒီတော့ အလှရဲ့တန်ဖိုးကို တစ်ထွာပြလိုက်တာနဲ့ တစ်လံလောက် မြင်နေကြပြီလေ။ သိပ်ပြောလို့ကောင်းတာ။
ဆည်းလည်းသံ တလွင်လွင်
ဒါကို သဘောပေါက်နားလည်တဲ့ နိုင်ငံတွေမှာတော့ အလှနဲ့ရသ ပညာအကြောင်းကို မူလတန်းပညာ သင်ရိုးညွှန်းတမ်းမှာကတည်းက ထည့်သွင်းရေးဆွဲထားတာ။ ကျောင်းနေစ ကလေးငယ်တွေကို ပန်းပွင့်လေးတွေကို စုံမက်တတ်အောင်၊ လိပ်ပြာလေးတွေ၊ ငှက်ကလေးတွေ ချစ်တတ်အောင် သင်ပေးကြတယ်။ ဂီတရသကို ခံစားတတ်အောင်လည်း ညွှန်ကြားပြသတယ်။ ဒါမျိုးကို လူငယ်တွေသိအောင် ပြောပြရတယ်။ ဒေါသအမျက် တချောင်းချောင်းထွက်နေတဲ့သူတောင် သာယာညင်းပြောင်းတဲ့ တေးသံ၊ ဂီတသံကို ကြားလိုက်ရတဲ့အခါ အခိုက်အတန့်လေးပဲဖြစ်ဖြစ် စိတ်ဟာ ရုတ်တရက် ငြိမ်သက်သွားတတ်တဲ့သဘော၊ စိတ်ဆင်းရဲဒုက္ခ ကြီးစွာခံစားရပြီး သောကမီးတွေနဲ့ ဘယ်လောက်ပဲ လောင်မြိုက်နေပါစေ လေတိုးလို့ တချွင်ချွင်နဲ့ ဘုရားဆည်းလည်းသံလေးတွေ ကြားလိုက်ရတဲ့ တဒင်္ဂမှာ ရင်ထဲ အေးခနဲဖြစ်ပြီး အပူမီး လျော့ပါးသွားရတဲ့ သဘောတွေ ပြောပြရတယ်။
ရမ်ဘိုယဉ်ကျေးမှုလွှမ်းမိုး
လူငယ်တွေ အလှကိုချစ်စေချင်တယ်။ ရသကို ခံစားစေချင်တယ်။ ဒါကြောင့် ဒါတွေကို မကြာမကြာ ပြောပြရပါတယ်။ တစ်နေ့ကပဲ သတင်းစာထဲ ဖတ်လိုက်ရတယ်။ အမေရိကန်လူငယ်လေးတစ်ယောက်က သေနတ်ကိုင်ပြီး မူလတန်းကျောင်းစာသင်ခန်းထဲကို တရစပ်ပစ်သွင်းလို့ ကလေးတွေ သေကြေရတဲ့အကြောင်း၊ ဂျပန်မှာလည်း မော်တော်ဆိုင်ကယ်စီး ဘေ့စ်ဘောတုတ်ကိုင် လူငယ်တွေက လမ်းမှာတွေ့သမျှ မော်တော်ကားမှန်တွေ ရိုက်ခွဲသွားကြတဲ့အကြောင်း သတင်းစာဖတ်ဖတ်၊ ရုပ်မြင်သံကြားကြည့်ကြည့် နေရာတကာမှာ ရမ်ဘိုယဉ်ကျေးမှု လွှမ်းမိုးနေတာချည်း တွေ့နေရတယ်။ လူတွေဟာ ကျောက်ခေတ်အရိုင်းအစိုင်းဘ၀ကို ပြန်သွားနေကြပြီလားလို့တောင် တွေးစရာဖြစ်တယ်။
အလှကို ချစ်တတ်မှ လူယဉ်ကျေး
ဒါကြောင့် အလှအကြောင်း၊ ရသအကြောင်း လူငယ်တွေကို များများပြောပေးဖို့ လိုပါတယ်။ အလှကို ချစ်တတ်မှ၊ ရသကို ခံစားတတ်မှ လူယဉ်ကျေးဖြစ်နိုင်တယ်။ အလှကို မချစ်တတ်သူ၊ ရသကို မခံစားတတ်သူဟာ လူ့လောကအတွက် အန္တရာယ်ကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းကလေးတွေကို နင်းခြေပစ်ဖို့ ၀န်မလေးသူတွေ ဖြစ်နေကြလို့ပဲ။
Monday, January 18, 2010
အလှမကြိုက် လူမိုက် - လူထုစိန်ဝင်း
Posted by Ko Nyan Posted Time 7:26 AM
Labels စာအုပ်မှတ်စုများ, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment