Tuesday, January 19, 2010

ဘိုးတော်ဘုရား (ဗဒုံမင်း)၊ ဘကြီးတော်မင်း


၆။ ဘိုးတော်ဘုရား၊ ဗဒုံမင်း (၁၁၄၃-၁၁၈၁)
အလောင်းမင်းတရား၏ သားတော် ဗဒုံမြို့စားသည် ဖောင်ကားစားအား လုပ်ကြံ၍ နန်းတက်ပြန်လေသည်။ စဥ့်ကူးမင်းအားလည်း လိုက်လံဖမ်းဆီး ကွပ်မျက်လိုက်လေသည်။ ဘိုးတော်မင်းတရားသည် ၁၁၄၄ ခုနှစ်၌ အမရပူရမြို့သစ်ကို တည်ပြီးနောက် ၁၁၄၅ ခုနှစ်တွင် ပြောင်းရွှေ့လေသည်။ ပုသိမ်နယ်မှ မွန်တို့ ပုန်ကန်သည်ကိုလည်း နှိမ်နင်းအောင်မြင်လေသည်။ ၁၁၄၆ ခုနှစ်တွင် သားတော် မဟာဥပရာဇာအား စေလွှတ်ကာ ရခိုင်ကိုသိမ်းစေ၍ မဟာမြတ်မုနိရုပ်ပွားတော်ကို ပင့်ဆောင်ခဲ့လေသည်။ ၁၁၄၇ ခုနှစ်တွင် ယိုးဒယားသို့ချီတက်ရာ ရိက္ခာမလုံလောက်၍ ဆုတ်ခွာခဲ့ရလေသည်။ ၁၁၄၉ ခုနှစ်တွင် တရုတ်တို့နှင့် မဟာမိတ်ပြု၍ တရုတ်နိုင်ငံမှ မင်းသမီးသုံးပါးကို လာရောက်ဆက်သလေသည်။ အိန္ဒိယမှ သက္ကတကျမ်းများ၊ ပါဠိကျမ်းများကို မြနမာဘာသာပြန်ဆိုစေသည်။ ၁၁၄၅ ခုနှစ်တွင် စစ်တမ်းကောက်ယူလေသည်။ ၁၁၅၂ ခုနှစ်တွင် မင်းကွန်းစေတီနှင့် ခေါင်းလောင်းကြီးကို သွန်းလုပ်လေသည်။

၁၁၇၀ ပြည့်နှစ်တွင် သားတော်အိမ်ရှေ့မင်း နတ်ရွာစံသဖြင့် မြေးတော်အား အိမ်ရှေ့အရာပေးလေသည်။ သီဟိုဠ်ဘုရင်အားလည်း မိစ္ဆာအယူကို စွန့်စေလေသည်။ မဏိပူရတွင် မငြိမ်မ၀ပ်ဖြစ်သည်ကို ငြိမ်ဝပ်စေ၍ ဝေသာလီ (အာသံ) ပြည်တွင်းရေး၌လည်း ငြိမ်ဝပ်စေ၍ မင်းရိုးကို နန်းတင်ပေးလေသည်။

ဘိုးတော်ဘုရား နတ်ရွာမစံမီတွင် ခရိုင်တွင် ထကြွဆူပူသည်ကို ငြိမ်ဝပ်စေရာတွင် အင်္ဂလိပ်ပိုင် စစ်တကောင်းနယ်ထဲသို့ ထွက်ပြေးသူများအား ဖမ်းဆီးရာတွင် မြန်မာနှင့်အင်္ဂလိပ်တို့ အချင်းဖြစ်ပွားလေသည်။ အင်္ဂလိပ်သံ မိုက်ကယ်ဆိုင်း အင်းဝသို့ရောက်လာ၍ အပြေအကြေ ဆွေးနွေးလေသည်။ အင်္ဂလိပ်ကိုယ်စားလှယ်ကို ရန်ကုန်တွင်ထားရန် ခွင့်ပြုလေသည်။

၇။ ဘကြီးတော်မင်း (၁၁၈၁-၁၁၉၉)
ဘိုးတော်ဘုရား နတ်ရွာစံလျှင် ဘကြီးတော်မင်း စစ်ကိုင်းမြို့စားသည် ထီးနန်းကို ဆက်ခံလေသည်။ ၁၁၈၁ ခုနှစ်တွင် မဏိပူရသို့ ချီတက်ထိန်းသိမ်း၍ ကသည်းအမတ်ကြီးကို မြို့ဝန်ခန့်ထားလေသည်။ ၁၁၈၃ ခုနှစ်တွင် အင်းဝမြို့တော်ကို ပြုပြင်၍ နန်းစိုက်လေသည်။ အာသံပြည်သည် အင်္ဂလိပ်တို့ကို အားကိုး၍ ထောင်ထားသောကြောင့် မဟာဗန္ဓုလအား စေလွှတ်နှိမ်နင်းရလေသည်။

ထိုမင်းလက်ထက်တွင် ရခိုင် စစ်တကောင်းနယ်ခြားနှင့် ပတ်သက်၍ အချင်းဖြစ်ပွားရာ နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းကို သူပိုင်၊ ငါပိုင် ငြင်းခုံ၍ အင်္ဂလိပ်တို့နှင့် အချင်းဖြစ်ပွားလေသည်။ ဗိုလ်မှူးဝန်ကြီး မဟာဗန္ဓုလ၊ မင်းကြီး မဟာသီဟသူရ (မြ၀တီမင်းကြီး ဦးစ)၊ မင်းကြီး မဟာမင်းလှရာဇာတို့ကို စေလွှတ်တိုက်ခိုက်လေသည်။ ထင်ရှားသော မြန်မာစစ်သူကြီးတို့ ရခိုင်စစ်မျက်နှာတွင်ရှိနေစဉ် ရေတပ်အားကိုးရှိသော အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ကို ၀င်ရောက်တိုက်ခိုက်သိမ်းယူ၍ ရွှေတိဂုံကုန်းတော်တွင် တပ်စွဲထားလေသည်။ မဟာဗန္ဓုလနှင့် စစ်သည်တို့လည်း ကုန်းလမ်းဖြင့် ရခိုင်မှတပ်ဆုတ်၍ ရန်ကုန်သို့ လာရောက်တွန်းလှန်သော်လည်း စစ်ပန်းခြင်း၊ အင်္ဂလိပ်က လက်နက်သာ၍ နေရာကောင်းတွင် ခံတပ်ယူထားခြင်းတို့ကြောင့် ဆုတ်ခွာရ၍ မဟာဗန္ဓုလသည် ဓနုဖြူမြို့တွင် ကျဆုံးရလေသည်။ အင်္ဂလိပ်တပ်များသည် မြစ်ကြောင်းမှ ဆန်တက်လာကြ၍ ၁၁၈၇ ခုနှစ်တွင် အင်းဝအနီး ရန္တပိုရွာတွင် စစ်ပြေငြိမ်းစာချုပ်ကို ချုပ်ဆိုရလေသည်။

ထိုစာချုပ်အရ မြန်မာက အာသံ၊ အက္ကပတ် (ကချာနယ်)တို့ကို လက်လွှတ်ရ၍ မဏိပူရတွင်လည်း သြဇာစွက်ဖက်ခွင့် မရှိတော့ပေ။ အင်္ဂလိပ်တို့အား ရခိုင်နှင့် တနင်္သာရီနယ်ကို ပေးအပ်ရ၍ စစ်စရိတ်ငွေ တစ်ကုဋေကိုလည်း ပေးဆောင်ရလေသည်။ ၁၁၈၇ ခုနှစ်တွင်လည်း ကူးသန်းရောင်းဝယ်ရေးစာချုပ်ကို ချုပ်ဆိုလေသည်။ ၁၁၉၁ ခုနှစ်တွင် မှန်နန်းရာဇ၀င်တော်ကို ရေးသားလေသည်။

ဘကြီးတော်မင်းလက်ထက်တွင် မိဖုရားကြီးနှင့် စလင်းမင်းသားတို့က ညီတော် သာယာဝတီမင်းသားကို အမှုအခင်း ရှာကြသဖြင့် မခံမရပ်နိုင်သောကြောင့် ရွှေဘိုသို့ ထွက်ပြေးပြီးနောက် ထီးနန်းကိုလုပ်ကြံရာ ဘကြီးတော်သည် ထီးနန်းကို လွှတ်အပ်လိုက်လေသည်။

No comments:

Post a Comment

 
Web Statistics