Tuesday, January 19, 2010

တပ်မတော်များ၏ စစ်ရေးအမြင်


ဒီဇင်ဘာ ၁၄ ရက်ထုတ် The Voice Weekly (Vol.6, No.6)၏ အယ်ဒီတာ့အာဘော်ဖြစ်သော "လက်အားလုံး ထုတ်ပြခြင်းသည်သာ" နှင့် ပတ်သက်၍ သတင်းစာဆရာတစ်ဦး၏ ဝေဖန်ချက်ကို တစ်ဆင့်ခံပေးစာအဖြစ် ရရှိပါသည်။ အဆိုပါသတင်းစာဆရာ၏ တုံ့ပြန်ချက်သည် အယ်ဒီတာ့အာဘော်၏ အဆုံးသတ်ပိုဒ်ဖြစ်သည့် အောက်ပါစာပိုဒ်နှင့် ပတ်သက်ပါသည်။

အထူးသဖြင့် အဓိက Stakeholder တစ်ဦးဖြစ်သူ တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော်လည်း တပ်မတော်(တို့)၏ သဘောသဘာဝအရ စစ်ရေးအမြင်ဖြင့် စဉ်းစားသူဖြစ်ရာ တပ်မတော်နှင့် ဆက်ဆံရာတွင် လက်အားလုံးထုတ်ပြထားခြင်းသည်သာ အမျိုးသားစည်းလုံးညီညွတ်မှု ရရှိစေခြင်း၏ အကြောင်းတရား ဖြစ်လိမ့်မည်ဟု ထင်မြင်မိပါကြောင်း

အဆိုပါ အယ်ဒီတာ့အာဘော်ကပေးလိုသော Message မှာ မည်သို့ပေးထားချက်သည်ဆိုသော အချက်သည် "ကောင်းခြင်း"၊ "ဆိုးခြင်း" ကို ပြောနေခြင်းမဟုတ်ဘဲ ပေးထားချက်ကို ဘေးလူအဖြစ် ညွှန်ပြနေခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းအယ်ဒီတာ့အာဘော်ကို ရေးသားစဉ်ကပင် အယ်ဒီတာ့အာဘော်ဖြစ်သည့် အားလျော်စွာ အယ်ဒီတာများနှင့် တိုင်ပင်ရာတွင် တပ်မတော်များ၏ သဘောသဘာဝ သို့မဟုတ် စစ်ရေးအမြင်ကို ထပ်ဆင့်ရှင်းလင်းရေးသားရန် သင့်၊ မသင့် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အယ်ဒီတာ့အာဘော်တွင် ရေးသားချက်ကို အသေအချာဖတ်လျှင် မြန်မာ့တပ်မတော်၏ စစ်ရေးအမြင်အဖြစ် ရေးသားဖော်ပြခြင်းမဟုတ်ဘဲ တပ်မတော်ဟုခေါ်သော စစ်ရေးအဖွဲ့အစည်း(များ)၏ အမြင်ကို ရေးသားခြင်းဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ အယ်ဒီတာတစ်ဦးက ထိုသဘောထားအလေ့အထ သို့မဟုတ် စစ်ရေးအမြင်ကို ရုပ်ရှင်များတွင် အမြဲမြင်တွေ့နေရခြင်းဖြစ်၍ ဤမျှ Simplify လုပ်ရန်မလိုကြောင်း မှတ်ချက်ပေးခဲ့သောကြောင့် တပ်မတော်များ၏ စစ်ရေးအမြင်ကို အသေးစိတ်မရှင်းလင်းခဲ့ပါ။

စာဖတ်ပရိသတ်များအနေဖြင့် ကြည့်ခဲ့ဖူးသော စစ်ကားတစ်ကားကို မြင်ယောင်ကြည့်ပါလျှင် တပ်မတော်များသည် ရန်သူဟုယူဆလျှင် "လက်အားလုံးမြှောက်ပြထားသည့်တိုင် သေနတ်ဖြင့် ချိန်ထားဆဲဖြစ်သည်" ကို အသေအချာ သတိပြုမိကြပါလိမ့်မည်။ စစ်ရေးအမြင်ဆိုသည်မှာ ဤမျှသံသယထားအောင် လေ့ကျင့်ပေးထားသောအမြင်ကို ရည်ညွှန်းပါသည်။ ဤသည်မှာ တပ်မတော်(များ)၏ အလေ့အထဖြစ်ပါသည်။ ထိုအမြင်ကို သဘောမပေါက်လျှင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် Homework လုပ်ထားသည်ဟု မသတ်မှတ်နိုင်ပါ။

ကျွန်ုပ်တို့သည် Stakeholder ရွေးချယ်ခွင့်ရှိသော အခြေအနေတွင် ရှိနေသည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အဓိက Stakeholder တစ်ဦးဖြစ်သည့် တပ်မတော်နှင့် မဖြစ်မနေ ယုံကြည်မှုတည်ဆောက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ ယုံကြည်မှုတည်ဆောက်မည်ဟု ရိုးသားစွာ ဆုံးဖြတ်ခဲ့ပါလျှင် ယခု Simplify လုပ်ပြထားသော ရှင်းလင်းချက်ကို လက်ခံလိမ့်မည်ဟု ယုံကြည်ပါသည်။ အဆိုပါခေါင်းကြီးတွင် လက်ထုတ်မပြသည့်အတွက် အားမလိုအားမရ အပြစ်တင်သောသဘော ပါသွားခဲ့လျှင် ဤနေရာမှ တောင်းပန်လိုက်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပုစ္ဆာသည် သမားရိုးကျ Moral highground ချဉ်းကပ်နည်းများဖြင့် အဖြေထွက်နိုင်လောက်အောင် မရိုးစင်းပါသဖြင့် နှစ်ပေါင်းများစွာ နိုင်ငံတည်ဆောက်ရေးကို လှည့်မကြည့်နိုင်ခဲ့ရခြင်း ဖြစ်ပါသည်။

အယ်ဒီတာ (၁၁-၁-၂၀၁၀)

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၁ မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics