Tuesday, January 19, 2010

မဟာဗျူဟာမြောက်ကိန်းသေနှင့် မဟာဗျူဟာမြောက်ထွက်ပေါက် - မောင်စူးစမ်း


ကျောရိုးနှစ်ပါး
မြန်မာ့နိုင်ငံရေးတွင် (၁) စည်းလုံးညီညွတ်ရေးနှင့် (၂) အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးသည် အမာခံကျောရိုးအဖြစ် တည်ရှိခဲ့သည်။ နောက်လည်း ဆက်လက်တည်ရှိမည်။ ဤနှစ်ပါးသည် တစ်နည်းပြောလျှင် မဟာဗျူဟာမြောက်ကိန်းသေ Strategic Constants တို့ ဖြစ်ကြသည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းသောခေတ်၌ ဖ.ဆ.ပ.လ အဖွဲ့ချုပ်နှင့် ပင်လုံစာချုပ်တို့သည် မဟာဗျူဟာမြောက်ကိန်းသေတို့ ဖြစ်ခဲ့သည်။ နောက်ပိုင်း နိုင်ငံရေးအခြေအနေတို့လည်း ပြောင်းလဲသွားသဖြင့် မဟာဗျူဟာမြောက် ကိန်းသေနှစ်ပါးလည်း ပုံစံတွေယိုယွင်းခဲ့သည်။

ယခု လမ်းညွှန်ဒီမိုကရေစီစနစ်တွင် ဤမဟာဗျူဟာမြောက် ကိန်းသေနှစ်ပါးသည် မည်သည့်ပုံသဏ္ဌာန်ဆောင်မည်နည်းဟု မေးစရာပေါ်သည်။ အချို့က ဖ.ဆ.ပ.လ လို အဖွဲ့မျိုးကို စိတ်ကူးကြည့်သည်။ စာရေးသူအမြင်၌ ယခုပါရာဒိုင်းသစ်တွင် ဖ.ဆ.ပ.လ လို ပုံစံမျိုးသည် မဆီလျော်တော့ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းအတည်ပြုပြီးဖြစ်၍ ၂၀၁၀ ပြည့်နှစ် လွှတ်တော်များ ရွေးကောက်ပွဲအပြီး၌ လွှတ်တော်များပေါ်လာတော့မည်။

ရုပ်လုံး
ထို့ကြောင့် ရွေးကောက်ပွဲအတွက် မဟာမိတ်ဖွဲ့ကြခြင်းနှင့် လွှတ်တော်များပေါ်လာသောအခါ လွှတ်တော်အတွင်း မဟာမိတ်များ ဖွဲ့ကြခြင်း Electoral Alliance နှင့် Parliamentary Alliance တို့သည်သာ အထက်တွင်ဖော်ပြသော မဟာဗျူဟာမြောက် ကိန်းသေနှစ်ပါးပုံသဏ္ဌာန် ဖြစ်လိမ့်မည်ဟု မှန်းဆရသည်။ ကိုယ်စားပြုမှုသည် ဒွိယံကိုယ်စားပြုမှု (အရပ်ဘက်ကိုယ်စားပြုမှုနှင့် စစ်ဘက်ကိုယ်စားပြုမှု) ဖြစ်လေရာ ရွေးကောက်ပွဲအပြီး၌ ဤကိုယ်စားပြုမှုနှစ်ပါးသည် မဟာဗျူဟာမြောက် ကိန်းသေတစ်ပါးအဖြစ် မည်သို့ လက်တွေ့ရုပ်လုံးပေါ်မည်ကို စောင့်ကြည့်ရန်ရှိသည်။

ဤဒွိယံကိုယ်စားပြုမှုဖြင့် စည်းလုံးညီညွတ်ရေး မည်သို့ပုံဖော်နိုင်မည်ကို မှန်းဆကြည့်သင့်သည်။ စည်းလုံးညီညွတ်မှု၌ ဖ.ဆ.ပ.လ လို ပုံသဏ္ဌာန်မျိုးသည် မအပ်စပ်ဟုတွက်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုခေတ် မဟုတ်ပေ။ လမ်းညွှန်ဒီမိုကရေစီ ထူထောင်မည့်ခေတ် ဖြစ်သည်။ ခေတ်နှင့် ဆီလျော်သော အမျိုးသားစည်းလုံးညီညွတ်ရေး ပုံသဏ္ဌာန်မျိုး ဖြစ်အပ်သည်။

ညီညွတ်မှုနှစ်မျိုး
စဉ်းစားကြည့်လျှင် စနစ်သစ်ဖြစ်၍ အရာရာသည် မြေစမ်းခရမ်းပျိုးကြည့်သည့်သဘော ဖြစ်မည်။ ပလေယာတို့ကလည်း နှစ်သစ်၊ အလားအလာသစ်တွေဖြစ်၍ မြေစမ်းခရမ်းပျိုးကြည့်ရသည်။ စပွန်ဆာကလည်း မြေစမ်းခရမ်းပျိုးကြည့်ရသည်။ ထို့ကြောင့် အားလုံးကို ရေရှည်တစ်မျှော်တစ်ခေါ်ကြီး ဆန့်တွေးနိုင်ကြမည်မဟုတ်ပေ။ လက်ငင်းပစ္စုပ္ပန်ရေတိုကိုသာ စမ်းတ၀ါးဝါး ကစားကြရမည့်သဘောရှိသည်။ လုပ်ရင်းကိုင်ရင်းဖြင့် သွားရသည့်သဘော Trial and Error သဘောရှိမည်။

စည်းလုံးညီညွတ်ရေး၌ နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးစုများ ညီညွတ်ရေးဟူ၍ နှစ်မျိုးရှိလေရာ ဤညီညွတ်ရေးပုံသဏ္ဌာန် တည်ဆောက်မှုသည် အခြေခံဥပဒေနှင့် လွှတ်တော်များဆိုင်ရာ ဥပဒေတို့နှင့်အညီ ဖြစ်ထွန်းရမည်။

စပွန်ဆာထွက်ပေါက်
ထူးခြားသည့်အချက်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည်  နိုင်ငံရေးစနစ်သစ်ကို တည်ဆောက်ခြင်းလည်းဖြစ်သည်။ အုပ်စိုးသူတို့အတွက် မဟာဗျူဟာထွက်ပေါက် Exit Strategy လည်းဖြစ်သည်။ နိုင်ငံရေးတွင် စစ်ဘက်ပါဝင်ပတ်သက်မှုကို တည်ဆောက်ပြီး မဟာဗျူဟာထွက်ပေါက်ကို ဖွင့်ခြင်းဖြစ်သည်။ ယခုလက်ငင်းထုတ်ဖော်နေသော "မင်းမဲ့စရိုက်ဖြင့် ဒီမိုကရေစီမရနိုင်၊ ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင်" ဟူသော ဆောင်ပုဒ်တို့သည် စပွန်ဆာ၏ မဟာဗျူဟာထွက်ပေါက်၌ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေလိုသော ဆန္ဒကို ဖော်ပြခြင်းလည်းဖြစ်သည်ဟု ယူဆရမည်။ မဟာဗျူဟာထွက်ပေါက်၌ ညင်သာငြိမ်းချမ်းဖို့ကလည်း အမှန်တကယ်လိုအပ်သည်။ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးသည် ဒီမိုကရေစီဖော်ဆောင်ရေး၌ အခြေခံလိုအပ်ချက်ဖြစ်လာသည်။

မောင်စူးစမ်း ၈-၁-၂၀၁၀
စာညွှန်း - ကြေးမုံ၊ International Social Science

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics