Thursday, January 07, 2010

လူငယ်တန်ဖိုး၊ လူကြီးတန်ဖိုး - ရဲသဇင်


မဂ္ဂဇင်းဂျာနယ်အယ်ဒီတာတို့၊ စာဖတ်သူတို့က မျိုးဆက်ကွာဟမှုအကြောင်း တို့ထိစေချင်ပုံရသည်။ ကျွန်တော့်မှာလည်း အတွေ့အကြုံနှင့် ခံစားမှုနှင့် အမြင်တချို့ တင်ပြဖို့ရှိ၏။ ရေငတ်တုန်း ရေတွင်းထဲ…။ မကြာမီက နိုဘယ်လ်ဆုရသွားသူ အိုဘားမားသည် လူငယ်ဖြစ်၏။ ဂျော့ဘုရှ်သည် လူကြီးဖြစ်ပြီး မအောင်မြင်မှုနှင့် ဇာတ်သိမ်းသွားရသူ။ ဆိုဗီယက်ရုရှားပြည်ကြီးကို ပွင့်လင်းစေခဲ့သူသည် လူကြီး ဂေါ်ဘာချော့ ဖြစ်၏။ တရုတ်ပြည်တော်လှန်ရေးခေါင်းဆောင် "မော်" သည် လူကြီးဖြစ်၏။ တရုတ်ပြည် ခေတ်မီအောင်၊ အားကြီးအောင် စွမ်းဆောင်ပေးခဲ့သူသည် လူကြီး "တိန့်" ဖြစ်၏။

ယနေ့ တရုတ်ခေါင်းဆောင်များသည် နှိုင်းယှဉ်ချက်အရ လူငယ်များဖြစ်နေပြန်၏။ ဂျပန်အစိုးရ အကြီးအကဲသည်လည်း လူငယ်ဟု ခေါ်ရမည်။ ထိုင်းဝန်ကြီးချုပ်သည်လည်း လူငယ်ဟုပင် ခေါ်ရမည်။ လူကြီးများက လက်ကမ်းပေးသည်။ လူငယ်က လက်ကိုဖမ်းဆုပ်၍ ယှဉ်တွဲခရီးဆက်သည်။ လူကြီးမှာ အတွေ့အကြုံရှိ၍ ပိုစဉ်းစားနိုင်သည်။ လူငယ်က တက်သစ်စ နေမင်း လမင်းနှယ် ထိန်ထိန်လင်း၍ တက်ကြွလန်းဆန်းသည်။ အားရှိသည်။ လူကြီးလည်း ပညာနှင့်၊ လူငယ်လည်း ပညာနှင့်၊ လူလတ်လည်း ပညာနှင့်၊ ပညာခေတ်ကလည်း အရှိန်အဟုန်နှင့်။ ယနေ့တော်လှန်ရေးခေတ်ဟု မသုံးတော့။ ပညာပေါက်ကွဲမှုခေတ်ဟု သုံးကြပြီ။

အမေရိကန်ကဗျာဆရာကြီး Robert Frost က ဆံပင်သန်သန်တွေနဲ့ ဦးခေါင်းကိုကိုင်ပြီး ဖွပေးသလို လူငယ်တွေရဲ့ ဦးနှောက်ကို ဆွပေးဖို့ သူစိတ်ဝင်စားကြောင်း ပြောဖူးသည်။ ဆရာ မောင်စူးစမ်းကလည်း သူ့အောက်ငယ်သူ "ကျော်ဝင်း" ကို Anti တွေဖတ်ပြီး သဘောကျ၊ Pro တွေဖတ်ပြီး ပြန်စဉ်းစား၊ ခေါင်းနောက်နေကြောင်း ကျော်ဝင်းကပြောတော့ အဲဒါ Brain Storming လို့ ခေါ်ကြောင်း၊ ဦးနှောက်မုန်တိုင်းဆင်ခြင်းဖြစ်ကြောင်း ညွှန်ပြခဲ့သည်။ လူကြီးတွေက လူငယ်တွေရဲ့ ဦးနှောက်ကို ဖွပေးဆွပေးတာ နောင်တိုင်းပြည်နဲ့လူမျိုး ကောင်းကျိုးအထွေထွေ ရစေဖို့ပဲ ဖြစ်သည်။ ဖြစ်သင့်သည်။

ယနေ့ခေတ်၌ အင်တာနက်နှိပ်နိုင်သူ တစ်ပြည်လုံး (မြန်မာနိုင်ငံ)မှာ လူငယ်အနည်းစုပဲ ရှိသေးသည်။ အဲဒီလူငယ်တွေပဲ မကြာမီ မြန်မာပြည်ကို ဦးဆောင်သွားကြဖို့ရှိသည်။ လူငယ်သည် လူကြီး၏ ဖခင်ဟုပင် ဒဿနဆရာ၊ စာရေးဆရာတို့က ဆိုသည်။ အတိဇာတသားဟု မြန်မာရှေးရိုးအဆိုရှိသည်။ သားတို့ခေတ်၌ အဖေတို့ထက် တော်ကြပါစေ။ ဒီလို…

လူကြီးတွေက လူငယ်တွေကို ရူးမိုက်မိုက်ကောင်တွေဟုထင်သော ခေတ်ဟောင်း အမြင်ဟောင်းကို ထားခဲ့တော့။ လူငယ်တွေက လူကြီးတွေကို အထင်မကြီးတာတွေလည်း ကိုယ့်ကိုယ်ကို ပြုပြင်ကြ။ ဘ၀င်မမြင့်နဲ့တော့။ ပညာအ၀န်းအ၀ိုင်း၌ လူကြီး၊ လူငယ် အတူတူပဲ။ ကြီးငယ်လတ် ပြဿနာမရှိ။ ပညာတတ်ဖို့သာလိုရင်း။ လူကြီးနှင့် လူငယ်သည် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဖြုတ်ထုတ်ရှင်းကြဖို့မဟုတ်။ Common Ground ဘုံနယ်မြေတစ်ခုမှာ လက်တွဲသွားကြဖို့ပဲ။

ကျွန်တော်တို့ (လူကြီးလူငယ်များ) အစွန်းမနင်းကြဖို့။ ဉာဏ်ပညာသုံးကြဖို့။ လူကြီးတန်ဖိုး (အတွေ့အကြုံနှင့် စဉ်းစားဉာဏ်ရင့်ကျက်ရင့်သန်တာ)၊ လူငယ်တန်ဖိုး (တက်ကြွရဲရင့်အားကောင်း သန်မာသန့်ရှင်း လတ်ဆတ်တာ)။ ဒီနှစ်ခုကို (+) ပေါင်းစည်းပေါင်းဖက် ပေါင်းစုကြမှ ဖြစ်မယ်ဗျ။ ကွာဟအစေးမကပ် ညီညွတ်မှုမရှိလို့ မဖြစ်ဘူးခင်ဗျ။

၂၀၁၀ ရွေးကောက်ပွဲပြီးရင် လွှတ်တော်တွေပေါ်လာ၊ တရားဥပဒေဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းနဲ့အညီ လူငယ်လူသစ်တွေ ဖူးပွင့်လာဖို့ ရှိတယ်ခင်ဗျ။ လူကြီးတွေနှင့် ၀ိုင်းဝန်းလုပ်ကြဖို့လည်း ရှိတယ်ဗျ။ တစ်ခေတ်က ဗိုလ်ချုပ်အောင်ဆန်းလူငယ်ကို လူကြီးသခင်မြတို့၊ ဘကြီးဘဖေတို့၊ သခင်ကိုယ်တော်မှိုင်းတို့ ၀ိုင်းဝန်းကြသလိုမျိုး… ခရီးသွားကြမှဗျ။

ကမ္ဘာကြီး ရှေ့ကပြေးနှင့်ပြီ။ ကျွန်တော်တို့က လူကြီးအား၊ လူငယ်အား၊ အားနှစ်ခုပေါင်းပြီး တအားလိုက်ရမည်။ တစ်ခေတ်က ဒီနားက နိုင်ငံတွေကြားမှာ ကျွန်တော်တို့နိုင်ငံက မော်ကြွားရင်ဖွင့်နိုင်ခဲ့၏။ ယနေ့လည်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကျွန်တော်တို့ ရင်ဘောင်တန်း ခရီးသွားမည်။ ကြိုးစားရိုးသားနိုးကြား အဖိုးထားကြဖို့ လိုမည်။

လူကြီးတန်ဖိုး ပစ်မထားနဲ့၊ လူငယ်တန်ဖိုး မမေ့နဲ့။ အားလုံး အင်အားသုံးပြီး ကမ္ဘာကို ပြိုင်မည်၊ ဆိုင်မည်၊ နိုင်ရမည်ဟု ရဲတင်းသံ ပေးလိုက်ပါရစေ။

(Northern Star ဂျာနယ် အမှတ် ၄၈ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics